ဦးအေးသာအောင်၏ အမျိုးသားပါတီတည်ဆောက်ရေးခံယူချက်၊ သဘောတရား


▬▬▬▬▬▬▬▬▬
■ အမျိုးသားပါတီသို့ ■
▬▬▬▬▬▬▬▬▬
မြန်မာနိုင်ငံသည် ရာစုနှစ်တစ်ဝက်ကျော် အာဏာရှင်စနစ်အောက်ကို ကျရောက်ခဲ့၏။ ဒီမိုကရေစီအခွင့်အရေးများ၊ လူ့အခွင့်အရေးများ၊ လူတဦးချင်း တစ်ယောက်ချင်း အခွင့်အရေးများ ဆိတ်သုန်းလျက်ရှိ၏။ ထို့အပြင် မြန်မာနိုငံတွင် နေထိုင်လျက်ရှိကြသော တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ဒေသများ၌ အချို့က ကိုယ်ထီး ကိုယ့်နန်းနှင့် စော်ဘွား၊ စော်ဖျား၊ စော်ကဲ၊ ဒူဝါ၊ တောင်ပိုင်၊ တောင်အုပ်စသည့် အုပ်ချုပ်ရေးစနစ်များဖြင့် ကိုယ်ပိုင်အုပ်ချုပ်လျက် ရှေးပဝေသဏီခေတ်ကပင် သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြသော်လည်း ယနေ့အချိန်တွင် လူမျိုးဆိုင်ရာ အခွင့်အရေးများဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်စသည့် အခွင့်အရေးများ ဆုံးရှုံးလျက်ရှိ၏။
ထိုသို့ ဆိတ်သုဉ်းဆုံးရှုံးနေသော ဒီမိုကရေစီအခွင့်အရေး လူ့အခွင့်အရေးနှင့် လူမျိုးများ၏ မူလရပိုင်ခွင့်များအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည် အာဏာရှင်စနစ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြ၏။ ၁၉၈၈ ခုနှစ်တွင်ကား ထူးကဲစွာ တစ်နိုင်ငံလုံး အမြို့မြို့အနယ်နယ် အရပ်ရပ်၌ လူမျိုးပေါင်းစုံ လူထု လူတန်းစားပေါင်းစုံ ထကြွပုန်ကန်ဆန့်ကျင်ခဲ့ကြ၏။ ရခိုင်ပြည်မြို့ကြီး၊ မြို့နယ် အသီးသီး၌ ရခိုင်အမျိုးသားများသည်လည်း ဆုံးရှုံးသွားသော အခွင့်အရေးများအတွက် တောင်းဆို ဆန္ဒပြခဲ့ကြ၏။ ထို့အတူ ရန်ကုန်မြို့တွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများသည်လည်း အမျိုးသားသမဂ္ဂကို ဖွဲ့စည်းကာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြ၏။ သို့သော် ထိုအရးတော်ပုံကြီးသည် ကံမကောင်း အကြောင်းမလှစွာ စစ်အာဏာရှင်တို့က ရက်ရက်စက်စက်ဖြိုခွဲကာ စစ်တပ်မှ အာဏာသိမ်းခြင်းဖြင့် အောင်ပွဲမရဘဲ ရပ်တန့်ခဲ့ရ၏။ မည်သို့ပင်ဆိုစေ စစ်အာဏာရှင်တို့သည် လူထု၏ တောင်းဆိုမှုဖြစ်သော ပါတီစုံတည်ထောင်ရန်အတွက် ခွင့်ပြုပေးခဲ့ရ၏။ နိုင်ငံရေးပါတီအများအပြားလည်း ပေါ်ပေါက်လာခဲ့၏။ ဤသို့ဖြင့် ရခိုင်အမျိုးသား သမဂ္ဂခေါင်းဆောင်များသည် ရခိုင်ပြည်နယ် ရခိုင်ပြည်သူ ပြည်သားများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတစ်ရပ်ကို ထူထောင်ရန် စဉ်းစားဆွေးနွေး အတည်ပြုခဲ့ကြ၏။ ထို့ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ဟူ၍ ပေါ်ထွက်လာ၏။ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုဦးစီးအဖွဲ့ဝင်များကို ဖွဲ့စည်းကာ ရခိုင်ပြည်နယ်တွင် ရှိသော မြို့နယ် (၁၇) မြို့နယ်၌ မြို့နယ်အဖွဲ့ချုပ် အမှုဆောင်များလည်း ဖွဲ့စည်းနိုင်ခဲ့၏။ ၁၉၉၀ တွင် ကျင်းပသော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၁၁) နေရာ အနိုင်ရရှိခဲ့ပြီး ထိုစဉ်က မြန်မာနိုင်ငံတွင် တတိယအများဆုံး အနိုင်ရသော ပါတီဖြစ်ခဲ့၏။ သို့ရာတွင် အာဏာရှင်များသည် ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုခဲ့၏။ ပါတီခေါင်းဆောင်များကို နည်းမျိုးစုံဖြင့် ဖိနှိပ်ဟန့်တား နှောက်ယှ့်မှုများ ပြုလုပ်လာပြီး ၁၉၉၂ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို အကြောင်း အမျိုးမျိုးပြကာ ဖျက်သီမ်းသည်အထိ ပြုလုပ်လာ၏။ ပါတီခေါင်းဆောင်များကိုလည်း ဖမ်းဆီး၊ ထိန်းသိမ်းထောင်ချ၏။ မည်သို့ပင် အဟန့်အတား အနှောက်အယှက်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည် ဖြစ်စေ၊ ပါတီခေါင်းဆောင်များသည် အမျိုးသားရေးအတွက် မတွန့်မဆုတ် ရပ်တည်ကာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြ၏။
စစ်အာဏာရှင်များသည် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ပြည်သူများကို ငြိမ်ဝပ်ပိပြားစေရန် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်၏။ ၁၉၉၀ ခုနှစ်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် ရွေးကေက်ပွဲကို လျစ်လျှူရှု၍ စစ်အာဏာရှင်များကိုယ်တိုင် စိတ်ကြိုက် ရွေးကောက်ထားသော ကိုယ်စားလှယ်များနှင့် အမျိုးသားညီလာခံကို ကျင်းပ၏။ အမျိုးသားညီလာခံ၌ မိမိတို့ ကြိုတင်ရေးဆွဲထားသော အာဏာရှင်စနစ်ကို အကာကွယ်ပြုမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြု ပြဌာန်း၏။ ထိုသို့ ပြဌာန်းလိုက်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံသည် ပြည်သူ့ဆန္ဒနှင့် ကင်းကွာသည့် ဒီမိုကရေစီ အခြေခံမူများ ကင်းမဲ့၏။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ပစ်ပါယ်၏။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များသည် လက်ခံခြင်း မရှိ ဆန့်ကျင်၏။ အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲကိုလည်း တိုင်းရင်းသား ပါတီအသီးသီးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့သည်လည်း အဆိုပါရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြ၏။ မည်သို့ပင် ဆိုစေ စစ်အာဏာရှင်တို့သည် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်း ဖန်တီးထားသည့် ပါတီတစ်ခု အနိုင်ရ၏။ ပြည်နယ်အသီးသီး၌ တိုင်းရင်းသားပါတီ အချို့ကိုလည်း အနိုင်ရစေ၏။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရဟု ဆိုသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာ၏။ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သော သမ္မတသည် အကြောင်းအမျိုးမျိုးကြောင့် မလွှဲမရှောင်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးညှိနှိုင်းမှု အပေးအယူလုပ်မှုများ ရှိ၏။ ထိုကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်၏။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ထိုစဉ်က ပါတီကို ပြန်လည် မှတ်ပုံတင်ခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုပါမူ တိုင်းရင်းသားခေါင်းဆောင်များဖြစ်သော ဦးခွန်ထွန်းဦးနှင့် စိုင်းညွှန့်လွင်၊ ကျောင်းသားခေါင်းဆောင်များ ဖြစ်သော မင်းကိုနိုင်၊ ကိုကိုကြီးနှင့်တကွ လူထုခေါင်းဆောင်များ၊ ရဟန်း သံဃာများ မလွတ်မြောက်သေးပေ။ ထိုပုဂ္ဂိုလ်များ လွတ်မြောက်ပြီးမှသာ ပါတီကို မှတ်ပုံတင်ခဲ့ခြင်း ဖြစ်ပေသည်။
ပါတီကို ပြန်လည် မှတ်ပုံတင်ပြီးနောက် ရန်ကုန်နှင့် ပလက်ဝမြို့နယ်အပါအ၀င် မြို့နယ်ပေါင်း (၁၈) မြို့နယ်တွင် မြို့နယ်အဖွဲ့ချုပ်များ၊ မြို့နယ်စည်းရုံးရေး ကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်သူများ၏ ထောက်ခံမှုများကိုလည်း ရရှိခဲ့သည်။ သို့ရာတွင် ဘူးသီးတောင်၊ အမ်း၊ သံတွဲ အစရှိသည့် မြို့နယ်များတွင်မူ မြို့နယ်အဖွဲ့ချုပ်များကို စည်းရုံး ဖွဲ့စည်းခြင်း မရှိသေးပေ။ မကြာမီ ဖွဲ့စည်းနိုင်ငံရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည်။ ရခိုင်ပြည်နယ်အတွက် အကျပ်အတည်းနှင့် စိန်ခေါ်မှုများရှိနေပြီး အဆိုပါ အမျိုးသားရေး တာဝန်များကို ကြိုးစားပမ်းစား ဆောင်ရွက်နေသည့်ကြားက ပါတီစည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ရာ လက်ရှိစည်းရုံးရေး အနေအထားကို မဆိုးဟု ဆိုရမည်ဆိုက ဆိုနိုင်ပေသည်။ သို့ရာတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီတည်ထောင်စဉ်ကတည်းက ရခိုင်ပြည်နယ် ရခိုင်အမျိုးသားများကို ကိုယ်စားပြုသော အမျိုးသားပါတီကြီးတစ်ရပ် ဖြစ်ရေးကို ရည်ရွယ်ထားရာ ဤအခြေအနေများသည် ကျေနပ်စရာ မဟုတ်ပေ။ အမျိုးသားပါတီတစ်ရပ်ဖြစ်ရေးသည် ပါတီကို ရခိုင်အမည်တပ်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟု ကဗျည်းဆိုင်းဘုတ်တပ်ရုံဖြင့် အမျိုးသားအကျိုးဆောင်ရွက်မည့် အမျိုးသားပါတီဟု လည်းကောင်း ဒီမိုကရေစီဆိုသည် စာပုဒ်ကိုရေးသား ဖော်ကျူးရုံဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးမည့် ပါတီဟူ၍ လည်းလေက်ာင်း မှတ်ယူရန် မဖြစ်နိုင်ပေ။
အမျိုးသားပါတီစရပ်ဟူသည် အမျိုးသား ရပိုင်ခွင့်နှင့် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်မည့် တိကျပြတ်သားသည့် မူဝါဒ ရည်ရွယ်ချက် လုပ်ငန်းစဉ်များကို ချမှတ်ထားရန် လိုသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၌ အဆိုပါ ရည်ရွယ်ချက်များကို ပြဌာန်းချမှတ်ထားပါသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခု အောက်တိုဘာလ ၁၂ ရက်နေ့တွင် စတင်တည်ထောင်စဉ်ကတည်းက အမျိုးသားအကျိုးကို စွမ်းစွမ်းတမံ တောင်ရွက်မည်ဟု ပြဌာန်းထးသည်။ အမျိုးသားအကျိုးရာ၌ ရခိုင်လူမျိုးများသည် ရှေါ်ပဝေသဏီခေတ်ကပင် ကိုယ့်ထီးကိုယ့်နန်းနှင့် ခေတ် အဆက်ဆက် နေုထိုင်လာခဲ့သည့် လူမျိုးဖြစ်သည်။ အမျိုးသားညီညွတ်မှု ယိုယွင်းခဲ့ခြင်းကြောင့် မြောက်ဦးခေတ် မဟာသမ္မတရာဇာမင်းလက်ထက်တွင် တိုင်းတပါး၏ ကျူးကျော်သိမ်းပိုက်ခြင်း ခံရကာ ထီးကျိုးစည်ပေါက် ထီးနန်းပျောက်ခဲ့ရသည်။ ထိုအချိန်မှစ၍ ရခိုင်လူမျိုးများသည် အအုပ်ချုပ်ခံ အဖိနှိပ်ခံဘ၀ဖြင့် နေထိုင်လာခဲ့ရာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများပါ ယိုယွင်းကျဆင်းလျက် ရှိလေသည်။ ထိုသို့ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀တစ်ခုလုံးကို တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ ထိုအခြေအနေ အရပ်ရပ်အတွက် ချမှတ်ထားခြင်း မည်၏။
နောက်တစ်ချက်မှာ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးဖြစ်၏။ အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့်ဟူသည် အမေရိကန် သမ္မတ၀ုဒ်ဒရောဝီလဆင်၏ အဆိုအမိန့်ဖြစ်သည်။ အဓိပ္ပါယ်မှာ လူမျိုးတိုင်း လူမျိုးတိုင်း အမျိုးသးနိုင်ငံ ထူထောင်ခွင့်ရှိသည်ဟူသော အဓိပ္ပါယ်ဖြစ်သည်။ ထို့အပြင် အခြားလူမျိုးများနှင့်လည်း နိုင်ငံရေးအရ တန်းတူရည်တူ အခွင့်အရေးရှိသည့် ပြည်ထောင်စုမူဖြင့် ပူးပေါင်းကာ နေုထိုင်နိုင်သည့် အခွင့်အရေးလည်း ရှိ၏။ ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိကြသော တိုင်းရင်းသားလူမျိုးများသည် လွတ်လပ်ရေး အကြိုကာလ၌ တောင်တန်းပြည်မ ပူးပေါင်း၍ လွှတ်လပ်ရေးယူရန် ပူးပေါင်းရာတွင် တန်းတူရည်တူ ပြည်ထောင်စုမူဖြင့် ပူးပေါင်းရန် ပြည်နယ်များတွင် ကိုယ်ပိုင် ပြဌာန်းခွင့်များ ရှိရန် အစရှိသော အချက်များပါသည့် သဘောတူညီချက်ဖြင့် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြ၏။ ထို့ကြောင့် ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒအဖြစ် ပြဌာန်းထားသည်။ နောက်တစ်ချက်မှာ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဖြစ်၏။ မြန်မာနိုင်ငံသည် အမျိုးသားစည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ခြင်းကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရ၏။ ထို့ကြောင့် တိုင်းရင်းသား သွေးစည်းညီညွတ်မှုအပါအ၀င် တမျိုးသားလုံး ညီညွတ်ရေးကို တည်ဆောက်ရန် လို၏။ ထိုကဲ့သို့ တည်ဆောက်မည်ဆိုပါက ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ရမည် ဖြစ်သည်။ အမျိုးသားညီညွတ်ခြင်းဖြင့် ယိုယွင်းကျဆင်းနေသော နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀ တိုးတက်မြင့်မားအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။
နောက်အရေးအကြီးဆုံး မူဝါဒတစ်ရပ်မှာ ၂၀၁၂ ခုနှစ်တွင် ပါတီပြန်လည် မှတ်ပုံတင်ရန် ဖြည်စွက် ပြဌာန်းခဲ့သည့် မူဝါဒဖြစ်သည်။ ၎င်းမူဝါဒသည် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ရေးဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ ရေးဆွဲ ပြဌာန်းထားသော ဖွဲ့စည်းပုံ ဖြစ်သည်။ ဒီမိုကရေစီ အခြေခံများ ကင်းမဲ့နေ၏။ တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်ကို လျစ်လျူရှု ကန့်သတ်ချုပ်ချယ်ထား၏။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပြီး တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်မည်ဆိုပါက အဆိုပါ အဖွဲ့စည်းပုံကို မပြင်မဖြစ် ပြင်ကြရမည်။ ထို့အတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ထားသော (၁) အမျိုးသားရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ရေး (၂) ပြည်နယ်ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး (၃) (Federal) ပြည်ထောင်စု ပေါ်ထွန်းရေး (၄) ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားညီညွတ်ရေးကို ဖော်ဆောင်ပေးရေးကို ဖော်ဆောင်ရေးစသည့် မူဝါဒများကို အကောင်အထည် ဖော်ရေးသည် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှသာ ဖော်ဆောင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ရေးသည် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏ အဓိက မူဝါဒတစ်ရပ်လည်း ဖြစ်သည်။
ဤသို့ ပြဌာန်းထားရုံနှင့်လည်း မပြီးသေးပေ။ အဆိုပါ မူဝါဒများကို အကောင်အထည်ဖော် ဦးဆောင်အဖွဲ့အစည်း ရှိရန်လိုအပ်၏။ ဦးဆောင်အဖွဲ့စည်းသည် လူဦးရေအားဖြင့် မည်၍ မည်မျှဖြင့် ဖွဲ့စည်းထားရုံဖြင့်လည်း လုံလောက်လိမ့်မည် မဟုတ်ပေ။ ထိုဖွဲစည်းထားသော မူဝါဒရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် အရည်အသွေး၊ အရည်အချင်းများနှင့် ပြည့်စုံရန်လိုအပ်ပြီး မည်သည့်အခက်အခဲ အကြပ်အတည်း အဟန့်အတားအနေဖြင့် အဖျက်များနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ရင်ဆိုင်ဖြေရှင်းရန် မတွန့်မဆုတ်သော ခံယူချက် စိတ်ဓာတ်များရှိရန် အထူးလိုအပ်ပေသည်။ ထို့အပြင် ဤစိတ်ဓာတ်ခံယူချက်များသည် ဗဟိုခေါင်းဆောင်များ၌ သာမက မြို့နယ်အသီးသီး ခေါင်းဆောင်များနှင့် ကျေးရွာခေါင်းဆောင်များ၌ပါ ရှိရန်လိုအပ်ပေသည်။
ပါတီတစ်ရပ်သည် အဆိုပါ အရည်အသွေး၊ အရည်အချင်းများနှင့် ပြည်စုံသည့်တိုင်အောင် အမျိုးသားပါတီ အဖြစ် ပြည်သူက ယုံကြည်လက်ခံလာရေးအတွက် အဓိကအရေးကြီးသောအချက်မှာ အမျိုးသားဆိုင်ရာ ရပိုင်ခွင့်နှင့် အတူ ပြည်သူတို့၏ အခက်အခဲ ပြဿနာများကို ဖြေရှုးဖို့ ကြိုးစားအားထုတ်ခြင်းနှင့် ပြည်သူတို့၏ သဘောထားဆန္ဒများကိုလည်း ပါတီစည်းရုံးရေးမှူးများသည် ပြည်သူလူထုနှင့်စ်းရုံးထိတွေ့ ဆက်ဆံရာ၌ မိမိပါတီ မူဝါဒများကို ချပြစည်းရုံးရုံဖြင့် မပြီးပေ။ ပြည်သူတို့၏ ဆန္ဒနှင့်တကွ အခက်အခဲ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာအ၀၀တို့ကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပါတီအဖွဲ့အစည်းများနှင့် ညှိနှိုင်း၍သော်လည်းကောင်း ချက်ချင်းလက်င်း ဖြေရှင်းနိုင်မည့် ကိစ္စများကို လက်ငင်းဖြေရှင်းကာ ရေရှည် ဖြေရှင်းရမည့် ကိစ္စများကိုလည်း ပါတီ အဆင့်ဆင့်သို့ တင်ပြပြီး ဖြေရှင်းနိုင်ရန် ကြိုးပမ်းကြရမည်။
ယနေ့ကာလသည် ပါတီကို ပြန်လည် တည်ဆောက်စကာလ ဖြစ်သည်။ အချို့ခေါင်းဆောင်များ၌ ဤကဲ့သို့သော စိတ်ဓာတ်ခံယူချက်ရှိကြသော်လည်း အချို့ခေါင်းဆောင်များမှာမူ အားနည်းချို့ယွင်းချက်များ ရှိကောင်း ရှိကြပေမည်။ မည်သို့ပင် ဖြစ်စေ ပါတီကို အမျိုးသားပါတီတစ်ရပ် ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းတည်ဆောက်ကြရာတွင် ပါတီဝင်များ၊ ပြည်သူများကို စည်းရုံးရင်း မိမိကိုယ်တိုင်လည်း အရည်အသွေး အရည်အချင်း ပြည့်ဝရေးအတွက်လည်းကောင်း ခံယူချက် စိတ်ဓာတ်မှန်ကန်ကောင်းမွန်ရေးအတွက် လည်းကောင်း ကြိုးပမ်း တည်ဆောက်ကြဖို့ လိုအပ်ကြောင်း တင်ပြအပ်ပေသည်။
ဦးအေးသာအောင်

ဦးအေးသာအောင် ရေးသားသော “ရခိုင်အမျိုးသားရေးနှင့် ပြည်ထောင်စု” စာအုပ်မှ ဆောင်းပါးကို AKYAB POST ညီအစ်ကိုများ ပြန်လည် ရိုက်နှိပ်ပေးပါသည်။


EmoticonEmoticon

Comments system

Flag Counter