ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တစ်ချိန်ချိန်တွင် ထိပါးလာနိုင်သည်ဟု စိုးရိမ်သောကြောင့် အစိုးရသစ်အနေဖြင့် စိစစ်သုံးသပ်ပြီးမှ လုပ်ငန်းဖော်ဆောင်ရန် ဒေသခံများ သမ္မတနှင့် ဇုန်ကော်မတီသို့ တောင်းဆိုစာပေးပို့



ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တစ်ချိန်ချိန်တွင် ထိပါးလာနိုင်သည်ဟု စိုးရိမ်သောကြောင့် ရခိုင်ပြည်သူလူထုနှင့် မြန်မာနိုင်ငံသားများ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့် အစိုးရသစ်အနေနှင့် သေချာစိစစ်လေ့လာ သုံးသပ်ပြီးမှ လုပ်ငန်းဖော်ဆောင်ရန် လက်ရှိနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ကျောက်ဖြူ  အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံ ဒေသခံများ၏ တောင်းဆိုချက်များကို ဖေဖော်ဝါရီ ၂၆ ရက်က ပေးပို့တောင်းဆိုခဲ့ကြောင်း သိရသည်။
 
အဆိုပါ တောင်းဆိုချက်များမှာ စက်မှုဇုန်တွင် ပါဝင်သွားသော ဓားမဦးချ မိဘဘိုးဘွားပိုင် မြေအားလုံး (ဥပမာ-တောတောင်၊ ကိုင်းကျွန်း၊ စားကျက်မြေ၊ ဥယျာဉ်ခြံမြေ၊ လယ်ယာမြေ) ကို တိကျစွာ ပြန်လည်တိုင်းတာပြီး တရားဝင် ပိုင်ဆိုင်မှု ပြုလုပ်ပေးရန်၊ ကျောက်ဖြူစက်မှုဇုန်သည် နိုင်ငံတက စံချိန်စံညွှန်းနှင့် တင်ဒါခေါ်ယူ ဖော်ဆောင်သောကြောင့် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ မြေလျော်ကြေးပေးရန်တို့ ပါဝင်သည်။
 
ထို့ပြင် လျော်ကြေးပေးပြီးနောက်ပိုင်းလည်း ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာတရားများ ထုံးတမ်းစဉ်လာ မပျောက်ပျက်အောင် တာဝန်ယူမှု၊ တာဝန်ခံမှုကို ဥပဒေတစ်ရပ်နှင့်အညီ ပီပြင်စွာ တာဝန်ယူ လုပ်ဆောင်ပေးရန်၊ ရပ်ရွာများကိုရှောင်ပြီး ဇုန်တည်ဆောက်မည် ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပါ။ ထို့ကြောင့် စက်မှုဇုန်တွင် ပါဝင်သွားသော ကျေးရွာအားလုံး၊ ဘာသာရေးကျောင်းများကို ခေတ်နှင့်လျော်ညီစွာ မြေနေရာသစ် ဖော်ထုတ်ပြီး အသစ်တည်ဆောက်ပေးရန်၊ ဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် လယ်ယာမြေအသစ် ဖော်ထုတ်ပေးရန်တို့လည်း ပါဝင်သည်။
 
အလားတူ အထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင် ရရှိရေးအတွက် သက်ဆိုင်ရာ လယ်သမား၊ ပန်းရံ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးစသည့် ကျွမ်းကျင်သင်တန်းများကို ဇုန်မစတင်မီ အခမဲ့ ကြိုတင်စီစဉ်ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်သူပြည်သား အကျိုးစီးပွားအတွက် စက်မှုဇုန်မှ ရရှိသော အကျိုးအမြတ်ကို ရာခိုင်နှုန်းအလိုက် ခွဲဝေပေးရန်ဖြစ်သည်။
 
ထို့ပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအား အစိုးရ တာဝန်မလွှဲပြောင်းမီ အချိန်တိုအတွင်း စီမံကိန်းကြီးကို အလျင်အမြန် အကောင်အထည် မဖော်ရန်နှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်းလုပ်ငန်း၊ ကျောက်ဖြူမှ တရုတ်နိုင်ငံအထိ သွယ်တန်းထားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးလာနိုင်သည်ဟု ထင်မြင်မိကြောင်း အဆိုပါ တောင်းဆိုစာတွင် ဖော်ပြထားသည်။
 
အထက်ပါ တင်ပြတောင်းဆိုချက်များကို ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဒေသ တောင်သူလယ်သမားများ၏ လူမှုစီးပွားဖွံ့ ဖြိုးရေး အသင်းနှင့် စက်မှုဇုန်တွင် ပါဝင်သွားသော ကျေးရွာများမှ ဒေသခံ တောင်သူလယ်သမားများ၊ သြ၀ါဒဆရာတော်ကြီးများက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။     
 
Writer: 
နီလာ
 
 http://news-eleven.com/local/


EmoticonEmoticon

Comments system

Flag Counter