လူထုခေါင်းဆောင်နှင့် အစိုးရသစ်အလွန် ကနဦးကာလ


2016-03-24

 လူထုခေါင်းဆောင်ပါဝင် မည့် အစိုးရသစ်ကို စိန်ခေါ်မှုသစ်များ၊အကျပ်အတည်းသစ်များက စောင့်ကြိုလျက်ရှိသည်။ အစိုးရ ဟောင်းသည် နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးအပြောင်းအလဲများ ဆီ ဦးတည်သည့် အခြေခံအုတ် မြစ်ကောင်းများ ချမှတ်နိုင်ရန် လုပ်ရည်ကိုင်ရည်နည်းခဲ့သည့် အပြင် အပေါ်ယံအပြောင်းအလဲများကိုသာ ကြည့်ကောင်းရုံဖော်ဆောင်ခဲ့သည့်အလျောက် မြန်မာ့ဒီမိုကရေစီနွေဦးစစ်စစ်သည် သမ္မတသစ်ဦးထင်ကျော် ဦးဆောင်သည့်အစိုးရသစ်လက်ထက်မှသာ စတင်ရမည့်သဘောလည်း ကဲလျက်ရှိနေသည်။ ကျောက်စိုင်ကျောက်သားအလား ပြည်သူလူထုအများစု၏ ထောက်ခံမှုနှင့်အတူ လူထုခေါင်းဆောင်သည်သမ္မတဦးထင်ကျော် ဦးဆောင်မည့် အစိုးရသစ်ကို အလုံးစုံဝန်းရံ၊ ကျားကန်ပေးမည်ဖြစ်သည်။
ရွေးချယ်တင်မြှောက်ခံ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၆ မတ်လ ၂၁ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ သည့် ပြည်ထောင်စုဝန်ကြီးများ အမည်စာရင်းတွင် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် သည် နံပါတ်တစ်နေရာမှ ပါဝင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး၊ စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီး၊ ပညာရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီးတို့ ကို ပူးတွဲတာဝန်ယူမည့် သဘော အမြင် ကဲလာသောအခါ နိုင်ငံ တကာအသိုင်းအဝိုင်းတွင် လှုပ်လှုပ်ရှားရှားဖြစ်လျက်ရှိသည်။ ဝန်ကြီးဌာနလေးခုသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ကြီးကြီးမားမား ဝန်ထုပ်ဝန်ပိုးဖြစ်လာစေမည်လားဟူသည့် စိုးရိမ်သံ များကလည်း ဆူညံလျက်ရှိသည်။
 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စိန် ခေါ်မှုနှင့်အကျပ်အတည်းအမြင့် ဆုံးဟုဆိုနိုင်သည့် ဝန်ကြီးဌာနများကို တိုက်ရိုက်တာဝန်ယူမည့် သဘောပင်ဖြစ်သည်။ နိုင်ငံခြား ရေးဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည်သည် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီဝင်ဖြစ် လာပြီး ဒေသတွင်းနှင့် နိုင်ငံတကာအခင်းအကျင်းတွင် သော့ချက် ပုဂ္ဂိုလ်ဖြစ်လာမည်မှာ မြေကြီး လက်ခတ်မလွဲပင် ဖြစ်သည်။ သမ္မတသစ်နှင့် လူထုခေါင်း ဆောင်တို့အနေဖြင့် လုပ်ရည်ကိုင် ရည်မြင့်မားပြီး နိုင်ငံရေးအမြင်၊ စည်းရုံးရေးအမြင်တို့နှင့်အတူ ပြည်သူလူထုကို မျက်နှာမူ၊ အလုပ်လုပ်နိုင်မည့် ဒုတိယဝန်ကြီးများအား တာဝန်ပေးနိုင်ရေးမဖြစ်မနေ စဉ်းစားသင့်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ယခင်အစိုးရလက် ထက် ပြည်ထောင်စုဝန်ကြီးဌာန များကို စနစ်တကျ ချဉ်းကပ်လေ့ လာသုံးသပ်လျက် ပြည်ထောင်စု အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ မဟာဗျူဟာ စီမံချက်တစ် ရပ် ရေးဆွဲချမှတ်ပြီး အစိုးရဝန်ကြီးဌာနများ အပြောင်းအလဲကို ဖော် ဆောင်နေသည်ဟု ကောက်ချက် ဆွဲနိုင်သည်။ အစိုးရအဖွဲ့ကို ကျစ်လျစ်အောင် ဖွဲ့စည်းနိုင်သဖြင့် ပြည်သူ့ဘဏ္ဍာငွေကို ခြိုးခြံချွေတာနိုင်ခဲ့သည်မှာ သိသာမြင်သာသော ကနဦးခြေလှမ်းဖြစ်သော်လည်း အစိုးရအဖွဲ့သစ်၏ အဂတိတရားကင်းစင်၊ တရားမျှတသော  စွမ်းဆောင်ရည်မြင့်မားမှုကို တာထွက်စကတည်းက ပြသနိုင်မှသာအပြောင်းအလဲသည် အားကောင်းမောင်းသန် မည်ဖြစ်သည်။အစိုးရအဖွဲ့အတွင်း ပြည်သူ့ဘဏ္ဍာငွေယိုပေါက်များအား စနစ်တကျ ပိတ်ဆို့ကာ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်မှုကို စီမံချက်ချမှတ်၊ ပြုပြင်လာနိုင်ရေး မျက်မှောက်ပြုသင့်သည်။
အစိုးရအဖွဲ့သစ်အနေဖြင့် ဝန်ကြီးဌာနနှင့်  ဝန်ကြီးဦးရေကို လိုအပ်သလိုပြောင်းလဲဖွဲ့စည်း နိုင်ရေး  လမ်းဖွင့်ပေးထားနိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။ တိုင်းပြည်၏ အပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်မည့် ဝန်ကြီးဌာနများနှင့် ဝန်ကြီးများကို အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဖွဲ့စည်းနိုင်မှသာ ပြုပြင်ပြောင်းလဲရေးအရှိန်ကို ထိန်းကျောင်းနိုင်မည်ဖြစ်သည်။ အစိုးရအဖွဲ့သစ်၏ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများအနေဖြင့် နိုင်ငံရေးအမြင်၊ စည်းရုံးရေးအမြင်ရှိရှိ အမှုထမ်း၊ အရာထမ်းများအား ချဉ်းကပ်ဆောင်ရွက်နိုင်ရန် ပဓာနကျသည့် နည်းတူ၊ ပြည်သူ့ဝန်ထမ်းများ အနေဖြင့်လည်း ပြည်ထောင်စုဝန်ကြီးသစ်များကို ဝန်ကြီးဌာနအလိုက် အားသာချက်များ၊ အားနည်းချက်များ၊ အခွင့်အလမ်းများ၊ဘေးဖြစ်နိုင်ခြေများကို စနစ်တကျအသိပေး ရှင်းပြထားနိုင်ရေးရှေးရှုသင့်သည်။ အစိုးရအဖွဲ့၏ အပြောင်းအလဲကာလတွင် ပြည်သူ့ဝန်ထမ်း၊အမှုထမ်း၊ အရာထမ်းများအနေဖြင့် ပွင့်လင်းမြင်သာ လွတ်လပ်စွာ ကြောက်ရွံ့ရခြင်းမှ ကင်းလွတ်လျက် အင်တိုက်အား တိုက် ပါဝင်လာရမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး အသစ်စက်စက်များသည် နဂိုရှိရင်းစွဲ အတွင်းဝန်များ၏ ကြိုးဆွဲရာက မည့် ရုပ်သေးဝန်ကြီးများ ဖြစ်သွား မည်ကို ပြည်သူ့ဝန်ထမ်းများက စိုးရိမ်လျက်ရှိနေပုံရသည်။ ဒီချုပ် အစိုးရသစ်ဝန်ကြီးများအနေဖြင့် ကြိုးနီစနစ်၊ အကျင့်ပျက်ခြစား သည့် ဗျူရိုကရေစီယန္တရား၊ တပည့်မွေး၊ ဆရာမွေးစရိုက်၊ ဆွေမျိုး အသိုင်းအဝိုင်းကောင်းစားရေး အလေ့အထတို့ဆီ မသိမသာ သော်လည်းကောင်း၊ သိသိသာ သာသော်လည်းကောင်း ဦးတည် လျက် ကောင်းမွန်သန့်ရှင်းသည့် အစိုးရ၏ စရိုက်လက္ခဏာကို ချိုး ဖျက်လာမည်ဆိုလျှင် အမှုထမ်း၊ အရာထမ်း၊ ပြည်သူလူထုက လွယ်လင့်တကူ တိုင်ကြားနိုင်မည့် နေရာဌာနများကို ဖွင့်လှစ်ထား နိုင်ရန် ပဓာနကျမည်ဖြစ်သည်။
အမှုထမ်း၊ အရာထမ်းများ အပါအဝင် ပြည်သူလူထုအနေ ဖြင့် လွယ်လင့်တကူ တိုင်ကြား နိုင်ရန် ပြည်သူလုထု တိုင်ကြား ချက်များ ဆိုင်ရာရုံး၊ ပြည်သူ့ဟစ် တိုင်ရုံးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်ထားသင့်သည်။ ဖေ့စ်ဘွတ်ခ် အပါအဝင် လူမှုကွန်ရက်တွင် ပြည်သူလူထုအနေဖြင့် အလွယ် တကူတိုင်ကြားနိုင်မည့် စာမျက် နှာများကို ဖွင့်လှစ်ထားသင့်သည်။ ပြည်သူလူထု၏ တိုင်ကြားချက် များနှင့်ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းအကြောင်းပြန် ကြားနိုင်မည့် ယန္တရားကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများ ပူးပေါင်းချိတ်ဆက် ရုပ်လုံးဖော်ထားသင့်သည်။
ပြည်ထောင်စုအစိုးရသည် ဝန်ကြီးများအပါအဝင် ပြည် ထောင်စုအဆင့် အဖွဲ့အစည်းဝင် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အပါအဝင် အစိုးရအဖွဲ့ဝင်များအနေဖြင့် အဂတိ လိုက်စားမှု ရှိလာမည်ဆိုလျှင် မည်သို့ပင် အကြောင်းပြသည်ဖြစ် စေ ထိထိရောက်ရောက် စုံစမ်း စစ်ဆေးလျက် ဥပဒေနှင့်အညီ အရေးယူပြခြင်းဖြင့် ပြည်သူလူထု ကို မျက်နှာမူသင့်သည်။ ပြည်သူ လူထုနှင့် ပြည်သူ့ဝန်ထမ်းများ အကြား အဂတိလိုက်စားမှုကင်း စင်ရေး၊ ပြည်သူလူထုကို မျက်နှာ မူရေးတို့နှင့်ပတ်သက်၍ စဉ်ဆက် မပြတ် တိုက်တွန်းဆော်သြသင့် သည်။ လာမည့်ငါးနှစ်သက်တမ်း တွင် ပြည်သူကို မျက်နှာမူလျက် အဂတိကင်းစင်သည့် အစိုးရ ကောင်းတစ်ရပ် ပေါ်ထွန်းရေး ဦးတည်သည့် သံမဏိစည်းမျဉ်း စည်းကမ်းများကို ပြင်ဆင်ချမှတ် ထားသင့်သည်။
 ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီးအဖြစ် ကျန်းသစ္စာကျိန်ဆိုပြီးပါက ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ရမည်ဖြစ်သည့် အပြင် လာမည့်ငါးနှစ်တာကာလ ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ တစ်နည်းဆိုသော် ဒေါ်အောင် ဆန်းစုကြည်သည် ဥပဒေပြုရေး နှင့် ပါတီတည်ဆောက်ရေးတို့ကို လုံးဝ လက်လွှတ်လိုက်ရမည့် သဘောပင်ဖြစ်သည်။ ဒေါ်အောင် ဆန်းစုကြည် မပါဝင်သည့် လွှတ် တော်များနှင့် လွှတ်တော်ကိုယ် စားလှယ်များသည် ပြည်သူ့အသံ ပြည်သူ့ဆန္ဒနှင့်အညီ ပထမအကြိမ် လွှတ်တော်သက်တမ်းထက် သာလွန်အားကောင်းနိုင်ရေး ရှေးရှုပြင်ဆင်ကြရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကြောင့် ပြည်ထောင်စုအစိုးရအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့ကို ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့နှင့် အလဲအထပ်ပြုခဲ့ရသည့် သဘောဟုလည်း ကောက်ချက်ပြုနိုင်သည်။
  သမ္မတသစ်ဦးထင်ကျော် အဆိုပြုသည့် ပြည်ထောင်စု အစိုးရအဖွဲ့တွင် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်မှ အမည်စာရင်း တင်သွင်းသည့် တပ် မတော်သား ပြည်ထောင်စုဝန်ကြီး သုံးဦး အပါအဝင် ပြည်ထောင်စုဝန်ကြီး ၁၈ဦး ပါဝင်မည်ဖြစ်သည်။တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပြုသည့် တပ်မတော်သား ပြည် ထောင်စု ဝန်ကြီးသုံးဦးသည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်နှင့် ဆက်ဆံရေးကောင်း မွန်သူများဖြစ်ပြီး သဘောထား တင်းမာသူများ မဖြစ်နိုင်ဟု ကောက်ချက်ဆွဲနိုင်သည်။ သို့ဖြစ်၍ လာမည့်ငါးနှစ်တာကာလ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး သည် ပိုမိုအလုပ်ဖြစ် ခရီးပေါက် လာနိုင်ဖွယ် ရှိနေသည်။
အရပ်သား ပြည်ထောင်စု ဝန်ကြီး ၁၅ ဦးအနက် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တပ်မတော်အရာရှိကြီး အငြိမ်းစား ဝန်ကြီးနှစ်ဦးအနက် တစ်ဦး သည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ အစိုးရ အဖွဲ့သစ်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ခြောက် ဦးပါဝင်ပြီး အခြားဝန်ကြီးတစ်ဦး သည် ဒီချုပ်ပါတီ၏ ၁၉၉၀ ပြည့် နှစ် ရွေးကောက်ခံကိုယ်စားလှယ် ဟောင်းဖြစ်သည်။ ကျန်ပုဂ္ဂိုလ် များမှာ မွန်အမျိုးသားပါတီခေါင်း ဆောင်တစ်ဦးနှင့် ဒီချုပ်ပါတီဝင် မဟုတ်သော အရပ်သားပညာရှင် ငါးဦးတို့ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးများ စာရင်းတွင် ဒေါ်အောင်ဆန်းစု ကြည် တစ်ဦးတည်းသာ အမျိုး သမီးဝန်ကြီးအဖြစ် ပါဝင်နေသဖြင့် အမျိုးသမီးပါဝင်မှုအနည်းဆုံးဝန်ကြီးအဖွဲ့ဟု သတ်မှတ်ရမည်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ၁၈ ဦး အနက် နိုင်သက်လွင်သည် အသက် (၇၅) နှစ်ပြီး အသက်အကြီးဆုံးဝန်ကြီးဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် အသက် (၅၅)နှစ်နှင့် ကိုးလသာရှိသဖြင့် အသက်အငယ်ဆုံးဝန်ကြီးဟု သတ်မှတ်နိုင်သည်။ တပ်မတော်သား ပြည်ထောင်စုဝန်ကြီးသုံးဦးစလုံးသည် ပြည်ထောင်စုဝန်ကြီးအဖွဲ့တွင် အသက်အငယ်ဆုံးပင်ဖြစ်သည်။ ဝန်ကြီးအဖွဲ့ဝင်များ၏ ပျမ်းမျှအသက်သည်(၆၅)နှစ် သုံးလဖြစ်သည်။ အရပ်သားဝန်ကြီးများ အားလုံးသည် အသက်(၆၀)နှင့် အထက်ဖြစ်ပြီး တပ်မတော်သား ဝန်ကြီးများအားလုံးသည် အသက်(၆၀)အောက်များဖြစ်သည်။ ဝန်ကြီးအဖွဲ့ဝင် ၁၈ ဦးအနက် ၁၁ ဦးသည် အသက် (၆၅)နှစ် အထက်ဖြစ်သည်။
အသက်အရွယ်အရ ကြည့် မည်ဆိုလျှင် အိုမင်းလွန်းသော အစိုးရအဖွဲ့ဟု သတ်မှတ်ရမည် ဖြစ်သည်။ (၄၀)ကျော်၊ (၅၀) ကျော်ပုဂ္ဂိုလ်များကို ပြည်ထောင်စုအစိုးရ၊ ဝန်ကြီးအဖွဲ့တွင် ထည့် သွင်းလာနိုင်မည်ဆိုလျှင် နိုင်ငံရေးမျိုးဆက် ပြတ်တောက်မှုအား ထိန်းညှိနိုင်မည်ဖြစ်သည်။ တိုင်းပြည်ကိုဆင်းရဲမွဲတေမှုနွံထဲမှ အားကုန်ရုန်းထနိုင်ရေး ဦးဆောင်မည့်အစိုးရအဖွဲ့အနေဖြင့် သွက်လက်၊ ဖျတ်လတ် နုပျိုနေမည်ဆိုလျှင်သာ လွန်ကောင်းမွန်မည်ဖြစ်သည်။ သမ္မတဦးထင်ကျော်၏ ဒီချုပ်အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီးများ အရေအတွက်ကိုလျှော့ချ ထိန်းညှိသည့်နည်းတူ ပြည်ထောင်စုဝန်ကြီးများ၏ အသက်အရွယ်ကိုလည်း လျှော့ချထိန်းကျောင်းနိုင်မည်ဆိုပါက ပိုမိုကြောင်းကျိုး ဆီလျော်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏ ဝန်းရံ၊ ထောက်ခံ၊ ပံ့ပိုးမှုကို ကျောထောက်နောက်ခံ ပြုလျက် လာမည့်ငါးနှစ်တာ သက်တမ်းအတွင်း မြန်မာပြည်သူ လူထုအား မျက်နှာမူရပ်တည်မည့် သမ္မတဦးထင်ကျော် ဦးဆောင် သည့် ပြည်ထောင်စုအစိုးရသည် ကနဦးအစမှာကတည်းက နိုင်ငံ ရေးအရ တာထွက်ကောင်းရန် သော့ချက်ကျမည်ဖြစ်သည်။ အစ ကောင်းမှ အနှောင်းသေချာမည် ဖြစ်၍ တိုင်းရင်း သားပြည်သူလူထု သတင်းမီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် အစိုးရအဖွဲ့သစ်၏ မွေးကင်းစနိုင်ငံရေး ခြေလှမ်းသစ်များကို အတတ်နိုင်ဆုံး ထိန်းကျောင်းပေးလျက် သန့်ရှင်းသော၊ ကောင်းမွန်သော၊ ပွင့်လင်းမြင်သာသော ပြည်ထောင်စုအစိုးရ သစ်တစ်ရပ်အား အပြောသက် သက်မဟုတ်အလုပ်နှင့် သက်သေပြုတည်ဆောက်နိုင်ရေး မျှော်မှန်းချက်ထားသင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။




ဒေါက်တာရန်မျိုးသိမ်း
 
 
 http://www.7daydaily.com/story/61113
 
 


EmoticonEmoticon

Comments system

Flag Counter