ရာမောင်မြစ်အတွင်းသို့ ပေးဆပ်လိုက်ရသော ဘဝများ (Life)


(14 - 4 - 2016)
ပြာလဲ့နေသော ကောင်းကင်ပြင်ကြီး စိမ်းညိုမှိုင်းနေသော တောင်တန်းကြီးနှင့်မြစ်ပြင်ပေါ်တွင် တိုက်ခတ် နေသောလေ၊ ရိုက်ခတ်နေသော လှိုင်းများကလူအများအတွက် ကြည်နှုးစရာ မြင်ကွင်းဖြစ်နေသော်လည်း ရာမောင်မြစ်ကမ်းအနီးတွင်နေထိုင်လျှက်ရှိသောအသက်သုံးဆယ်ကျော်အရွယ်ဒေါ်မိုးမိုးစံတစ်ယောက်အတွက် ကြောက်ရွံ့စိုးရိမ်စရာတစ်ခု ဖြစ်နေသည်။
ရခိုင်ပြည်နယ်၏ အထင်ကရမြစ်ကြီးလေးသွယ်အနက် တစ်ခုအပါအ၀င်ဖြစ်သည့်လေးမြို့မြစ်(မင်းပြားမြို့ အနီးတွင် ရာမောင်မြစ်ဟု ခေါ်သည်။) ၏ ရေတိုက်စားမှုဒဏ်ကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း နေအိမ်သုံးကြိမ်ပြောင်းရွှေ့နေထိုင်ရသည့်အတွက် အထက်ပါမြင်ကွင်းများက ဒေါ်မိုးမိုးစံအတွက် စိုးရိမ်ထိတ်လန့်စရာတစ်ခု ဖြစ်နေခြင်းဖြစ်သည်။ မြစ်ကမ်းဘေးတွင် လက်ဘက်ရည်ဆိုင်နှင့် ကွမ်းယာတွဲဖက်ရောင်းရင်းဘ၀ကို ရုန်းကန်နေရသည့် ဒေါ်မိုးမိုးစံမှာ
ရာမောင်မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ရှိလက်စလက်ဘက်ရည်ဆိုင်မြေနေရာ ပဲ့ပါမသွားအောင် နေ့စဉ်မိုးလင်းအာရုဏ် ရောက်တိုင်း ဘုရားတွင်ဆုတောင်းမိသည်ဟု ဆိုသည်။
“ဆယ်စုနှစ်တစ်နှစ်အတွင်းမှာ နေအိမ်သုံးနေရာ ပြောင်းရွေ့လိုက်ရပါတယ်၊ လက်ဘက်ရည်ဆိုင်ရောင်းပြီးတော့ မရှိမဲ့ရှိမဲ့ပိုက်ဆံလေးနဲ့ အိမ်ရာတစ်ကွက်ဝယ်ပြီး အိမ်လေးတစ်လုံးဆောက်ခဲ့တာ မြစ်ကမ်းပြိုတဲ့အထဲမှာ ပါသွားပါတယ်၊ အခုလည်း ဘယ်နေ့ပြောင်းရမလဲမသိတော့ဘူး၊ ရေတိုက်စားတာက တစ်ရက်ထက်တစ်ရက် တိုးတိုးလာပါတယ်၊ ရေမတိုက်စားဖို့ ဘုရားမှာနေ့တိုင်းဆုတောင်းဖြစ်ပါတယ်” ဟု ဒေါ်မိုးမိုးစံက ပြောသည်။
ဒေါ်မိုးမိုးစံကဲ့သို့ ရာမောင်မြစ်ကမ်းအနီးနေထိုင်သူ အိမ်ခြေသုံးဆယ်ကျော်မှာ ပြီးခဲ့သည့် ဇူလိုင်လနောင်းပိုင်း ရေကြီးနစ်မြုပ်မှု၊ မြစ်ရေတိုက်စားမှုကြောင့် ဘေးလွှတ်ရာ ဆွေမျိုးများအိမ်သို့ ၀င်ရောက်ခိုလှုံနေထိုင်နေကြရကြောင်း သိရသည်။ မြစ်ရေတိုက်စားမှုကြောင့် ဘေးလွှတ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွေ့နေထိုင်နေကြသည့် မိသားစုဝင်များမှာ ဖြစ်စဉ်ဖြစ်ပွားချိန်က
စားရေးသောက်ရေးအတွက် အကူအညီအနည်းငယ်မျှ ရရှိခဲ့ကြသော်လည်း ကမ်းပါးပြိုကျမှုကြောင့် ဆုံးရှုံးသွားခဲ့သည့် နေရာများနှင့် နေအိမ်များအတွက် တစ်စုံတစ်ရာ အထောက်အပံ့များ မရရှိကြကြောင်း မင်းပြားမြို့မြစ်ကမ်းပါးအနီးနေ ကိုစိုးဝင်းက ပြောသည်။
“မြစ်ရေတိုက်စားမှုကြောင့် ဒုက္ခရောက်နေသူတွေကို သက်ဆိုင်ရာက မြေနေရာသစ်ရှာဖွေ ချထားပေးဖို့ ပြောချင်ပါတယ်၊ အခုဆွေမျိုးတွေအိမ်မှာနေထိုင်တာ ခြောက်လကျော် ခုနစ်လကို ရောက်နေပါပြီ၊ တစ်အိမ်တည်းမှာ မိသားစုနှစ်စုက ချက်ပြုတ်စားသောက်နေရတော့ မီးဘေးကိုလည်း စိုးရိမ်ရပါတယ် ”ဟု ကိုစိုးဝင်းက ဆိုသည်။
ရာမောင်မြစ်ရေတိုက်စားမှုကြောင့် နေစရာနေရာ မရှိဖြစ်နေသည့် မိသားစုများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အိမ်ခြံမြေဈေးများမိုးထိုးအောင် တက်နေသည့်အချိန်တွင် နောက်ထပ် အိမ်ရာတစ်ခုထပ်မံ ၀ယ်ယူရန်မဖြစ်နိုင်တော့ကြောင်း ဒေါ်မိုးမိုးစံက လက်ရှိမြေနေရာရရှိရေးနှင့် ပတ်သက်၍ပြောသည်။ ဒေါ်မိုးမိုးစံနှင့်အတူ ရာမောင်မြစ်ကမ်းအနီးနေ ဒေသခံများ၏ နေအိမ်များ၊ မြေနေရာများ ဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ပြုလုပ်လာခဲ့သည့် ကမ်းထိန်းနံရံမှာလည်း ယနေ့အချိန်အထိမြစ်ကမ်းထိန်းသိမ်းရေးအတွက် အကျိုးမထူးသော်လည်း လုပ်ငန်းလုပ်ကိုင်နေသူများက လုပ်မြဲတမ်းလုပ်ကောင်းနေကြ သည်။
ပြည်ထောင်စုအစိုးရရန်ပုံငွေ၊ ပြည်နယ်အစိုးရရန်ပုံငွေ စသည်ဖြင့်ခေါင်းစဉ်အမျိုးမျိုးတပ်ထားသော ပြည်သူ့ ဘဏ္ဍာများကမြစ်ကမ်းအနီးနေသူများအတွက် အကျိုးတစ်စုံတစ်ရာမရှိဘဲ မြစ်ထဲသို့ ငွေများကို လွှင့်ပစ်နေခြင်းနှင့် တူနေသည်ဟု မင်းပြားမြို့နယ်အောက်ရွာပိုင်းရပ်ကွက်မှ ဦးသိန်းထွန်းက ပြောသည်။
“မြစ်ရေတိုက်စားမှုကာကွယ်ဖို့အတွက် ကမ်းထိန်းနံရံတွေကို လုပ်လာတာတော်တော်ကြာပါပြီ အခုလည်း လုပ်နေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ ဘာမှအကျိုးဖြစ်ထူးတာမရှိသေးပါဘူး၊ ပြည်သူ့ဘဏ္ဍာတွေသာ နှစ်စဉ်နှစ်တိုင်းမြစ်ထဲကို လွှင့်ပစ်သလိုဖြစ်နေပါတယ် ”ဟု ဦးသိန်းထွန်းက ကမ်းထိန်းနံရံလုပ်နေသော်လည်း ဒေသခံများအတွက် အကျိုးမရှိဆိုသည်ကိုပြောသည်။
ယင်းသို့ ကမ်းထိန်းနံရံလုပ်မည့် ပြည်သူ့ဘဏ္ဍာများကိုမြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့နေရသည့် မိသားစု ၀င်များကိုမြေနေရာသစ်ရှာဖွေနေရာချထားပေးခြင်းက ပိုမိုသင့်တော်မည်ဖြစ်ကြောင်း
ရာမောင်မြစ်ကမ်းဘေးတွင် ဆန်စက်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။
“ရာမောင်မြစ်ရေတိုက်စားတဲ့ဒဏ်ကို ခံရတဲ့အကြောင်းကိုတော့မပြောပြချင်တော့ပါဘူး၊ အခုလက်ရှိ ဖြစ်နေတဲ့ ကျွန်တော့်ဆန်စက်အခြေအနေကိုပဲ ကြည့်ပါတော့၊ မြစ်ကမ်းပါးထိန်းသိမ်းရေးအတွက် နှစ်တိုင်းလုပ်နေတဲ့ ဘဏ္ဍာငွေတွေကို ကမ်းထိန်းတဲ့လုပ်ငန်းကို မလုပ်ဘဲ ရေတိုက်စားမှုဒဏ်ခံနေရတဲ့သူတွေကို နေရာသစ်ချထား ပေးရင်ဖြင့် အခုလောက်ဆို ကျွန်တော်တို့စိတ်ချက်လက်ချက် နေထိုင်လို့ရနေပါပြီ”ဟု မြစ်ထဲတစ်ပိုင်းကုန်းပေါ်တစ်ပိုင်း အနေအထားဖြစ်နေသည့် ဆန်စက်ကို လက်ညှိးညွန်ရင်း ပြောသည်။
ထိုသို့ ဒေသခံများကို နေရာသစ်မချပေးချင်သော်လည်း အကျိုးမထူးသည့်ကမ်းထိန်းနံရံကို နှစ်စဉ် တည်ဆောက်နေမည့်အစား မြစ်အထက်ပိုင်းကစီးဆင်းလာသည့်ရေများကို ရေလမ်းလွှဲပေးမှသာ မြစ်ကမ်းရေတိုက်စားမှုဒဏ်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဦးသိန်းထွန်းက ဒေသခံများကိုယ်စား ပြောသည်။
“မြစ်အပေါ်ပိုင်းက စီးဆင်းလာတဲ့ရေလမ်းကြောင်းကို ပိုင်တိုင်တွေရိုက်ပြီးလမ်းကြောင်းလွှဲပေးလိုက်မယ်ဆိုရင် အခုလို ကမ်းပြိုတာကိုကာကွယ်သွားနိုင်မှာဖြစ်သလို အဲဒီလိုသာမဟုတ်ဘဲ ကမ်းနားမှာကျောက်စီနံရံလုပ်ပြီးတော့ ကာကွယ်နေမယ်ဆိုရင်တော့ နံရံအောက်က မြေကြီးကိုရေတိုက်စားပြီးတော့ ထပ်ပြီးပြိုကျမှုတွေဖြစ်နေမှာပဲ”ဟု ၄င်းက ဆက်ပြောသည်။
မြစ်ရေတိုက်စားမှုဒဏ်ကြောင့် မြစ်ကမ်းအနီးနေဒေသခံများ နေရာပြောင်းရွှေ့နေထိုင်ရခြင်း၊ သက်ဆိုင်ရာမှ ကမ်းထိန်းနံရံပြန်လည်တည်ဆောက်ပေးနေခြင်းက သံသရာစက်ဝိုင်းတစ်ခုကဲ့သို့ဖြစ်နေပြီး ဆောက်လုပ်ရေးကုမ္ပဏီများအတွက် စားကွက်ဖော်ပေးသလိုဖြစ်နေသည်ဟု မြို့ခံများက သုံးသပ်သည်။ နေ့စဉ်အာရုံတက်ချိန်တွင် မြစ်ကမ်းရေတိုက်စားမှုကို ရှောင်ကွင်းနိုင်ရန် ဘုရားထံတွင် ဆုတောင်းနေသည့် ဒေါ်မိုးမိုးစံတစ်ယောက်မှာ မကြာမီအချိန်တွင် မိုးတွင်းကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ဘုရားဝတ်ပြုဆုတောင်းခြင်းကို အာရုံတက်ချိန်အပြင် ညနေအိပ်ရာဝင်ချိန်တွင်လည်း ပြုလုပ်ရမည့်အခြေအနေသို့ ရောက်ရှိလာတော့ မည်ဖြစ်သည်။
ငကံ
၁၁ . ၂ . ၂၀၁၆
• ဓာတ်ပုံ - ရာမောင်မြစ်ရေတိုက်စားမှုဒဏ်ခံနေရသည့် နေအိမ်များ




Development Media Group


EmoticonEmoticon

Comments system

Flag Counter