ညီမဖြစ်သူ ပြောသည့် ဒုသမ္မတ ဦးထင်ကျော်အကြောင်း



12 March 2016
 
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဦးထင်ကျော်ကို မတ် ၁၁ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီး  မြန်မာနိုင်ငံမှာ  နှစ်ပေါင်း ၅၀ အတွင်း စစ်တပ်ကမဟုတ်တဲ့ ပထမဆုံး အရပ်သား သမ္မတ တဦး ဖြစ်လာဖို့ ရှိနေပါတယ်။ ဦးထင်ကျော် ငယ်နာမည် မောင်ပိုကို စာရေးဆရာကြီး မင်းသုဝဏ်နဲ့  မိခင် ဒေါ်ကြည်ကြည်တို့ကနေ မွေးဖွားခဲ့တာဖြစ်ပါတယ်။
မွေးချင်း ၃ ဦးထဲမှာ ဦးထင်ကျော်က ဒုတိယမြောက်သားဖြစ်ပြီး အစ်ကိုကြီး ဦးဉာဏ်စိုးနဲ့ ညီမ ဒေါ်ထားချိုတို့ ဖြစ်ပါတယ်။ ဦးထင်ကျော်ရဲ့ ဘ၀ဖြတ်သန်းမှု အကြောင်း တစေ့တစာင်းကို ညီမဖြစ်သူ ဒေါ်ထားချိုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးထင်ကျော်ကို ပြည်သူ့လွှတ်တော်ကနေ ဒုသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့ အပေါ် မိသားစုဝင် တဦးအနေနဲ့ ညီမ တဦးအနေနဲ့ ဘယ်လို မြင်ပါသလဲ။
“ဒီလို ဂုဏ်ပြုတဲ့အတွက် ၀မ်းသာတာပေါ့။ ၀မ်းသာတာထက် နှစ်ဖက်မိဘတွေပေါ့ သူ့ယောက္ခမ တွေရော၊ ဒီဘက်ကမိဘတွေရော အရမ်းဂုဏ်ယူချင်မှာပေါ့။ သူတို့မရှိကြတော့ တဲ့အတွက်တော့ ၀မ်းနည်းတာပေါ့၊ သူကိုယ်တိုင်လည်းခံစားရမှာပါ။ ကျမတို့လည်း ၀မ်းနည်းတယ် မြင်စေချင်တာပေါ့။ ဘာလို့လည်းဆိုတော့ ဒေါ်စုစုလွင်ရဲ့ ဖခင်ကြီး ဦးလွင် ဆိုလည်း အန်အယ်လ်ဒီအတွက် အများကြီးလုပ်ခဲ့တယ်၊ အဘ မင်းသုဝဏ်ဆိုလည်း လုပ်ခဲ့တာ ဆိုတော့ သူတို့လုပ်ခဲ့တဲ့နေရာမှာ သူတို့သား မားမားမတ်မတ်ရပ်နိုင်တယ်ဆိုတာ သူတို့ကို မြင်စေချင်တယ်။ အဲဒါလေးတော့ ၀မ်းနည်းတယ်။ ဆိုတော့ ၀မ်းနည်းဝမ်းသာချည်းပါပဲ။”
ဦးထင်ကျော်ရဲ့ ငယ်စဉ်ဘ၀ဖြတ်သန်းမှုနေ့ရက်တွေကို မှတ်မိသလောက်   ပြန်ပြောပြပေးပါလား။ သူ့ကို ကွမ်းခြံကုန်းမှာ မွေးတဲ့ ကွမ်းခြံကုန်းသားလို့လည်း ပြောနေကြတယ်။
“အန်တီနဲ့ ဦးထင်ကျော်က အသက် ၁ နှစ်ကွာတယ်။ အန်တီတို့ ကွမ်းခြံကုန်းမှာ မနေဖူးဘူး။ ရန်ကုန်မှာပဲ မွေးပြီး ရန်ကုန်မှာပဲ ကြီးတယ်။ မူလတန်းတုန်းက လေဒီပေါ်ထွန်းကျောင်းမှာ တက်တယ်၊ ပြီးတော့ မက်သဒစ် အင်္ဂလိပ် ဟိုက်စကူး (ဒဂုံ၁) ကိုပြောင်းတယ်။ မောင်နှစ်မသုံးယောက်စလုံး တကျောင်းတည်းပါ။ အဖေက တက္ကသိုလ်ပါမောက္ခဆိုတော့ ပုဂံလမ်း တက္ကသိုလ်ဝန်းထဲမှာပဲ နေကြပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ ငယ်ငယ်တုန်းက မက်သဒစ်ကျောင်းမှာ  တကျောင်းတည်း တက်ကြတယ်လို့ ပြောကြတယ်၊ အဲဒီအကြောင်းပြောပြပေးပါလား။
“ဟုတ်ကဲ့ အမ ဒေါ်အောင်ဆန်းစုကြည်က  ဦးထင်ကျော်ထက် တနှစ်ကြီးတာပေါ့။ အန်တီနဲ့ ဆိုရင်တော့ ၂ နှစ် ၃ နှစ်ကြီးတာပေါ့။ အသက်ကွာတော့ မြင်ဖူးတွေ့ဖူးတာပဲရှိတာပေါ့။ သိကျွမ်းတယ်လို့တော့ မရှိပါဘူး။ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကျတော့ တတန်းကြီး တတန်းငယ်ဖြစ်မယ် အတန်းမတူဘူး။”
ဦးထင်ကျော်က စီးပွားရေးတက္ကသိုလ်ကဘွဲ့ရလို့ သိရပါတယ်။ သူရဲ့ တက္ကသိုလ် ကျောင်းသားဘ၀ ဖြတ်သန်းမှုကိုလည်းသိချင်ပါတယ်။
“သူ ၁၀ တန်းပြီးတော့ သူကလည်း စီးပွားရေးတက္ကသိုလ်၊ အန်တီလည်း စီးပွားရေးတက္ကသိုလ် မောင်နှမနှစ်ယောက် အတူတူတက်ကြတယ်။ အဲဒီတုန်းကလည်း ပုဂံလမ်းမှာပဲ ဆိုတော့ လမ်းလျောက်သွားကြတာပေါ့။ သူက အရင်ကတည်းက ဒီစတိုင်ပဲ တက္ကသိုလ်တက်တာ တောက်လျောက် ပင်နီအင်္ကျီ တိုက်ပုံက မချွတ်ဘူး။ စတစ်ကော်လံနဲ့ ပင်နီအင်္ကျီနဲ့ လွယ်အိပ်ကြီး ဖားလျားဖားလျားနဲ့ ကျောင်းတက်။ ဆရာလုပ်တော့လည်း အဲဒီပုံပဲ ဒါကတော့ သူ့စတိုင်ပဲ။ အီကိုမှာ စာရင်းအင်းပညာနဲ့ဘွဲ့ရပြီး မာစတာ ဆက်တက်ပါတယ်။ မာစတာ တက်ရင်းနဲ့ စီးပွားရေးတက္ကသိုလ်မှာ ဆရာလည်းလုပ်ပါတယ်။ မာစတာဘွဲ့ရတော့မှ ကွန်ပျူတာ တက္ကသိုလ်ကိုကူးသွားတာပါ။”
ကျောင်းသားဘ၀တုန်းကရော နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တာ ရှိပါသလား။
“ကျောင်းသားဘ၀တုန်းကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာမှမလုပ်ပါဘူး ကျောင်းစာကိုပဲ သူလုပ်တယ်။  ၁၉၉၀ ရွေးကောက်ပွဲမှာ  ဘဘ မင်းသုဝဏ်ရွေးကောက်ပွဲ ၀င်တုန်းကတော့ သူနဲ့ ဒေါ်စုစုလွင်တို့ အများကြီးကူညီခဲ့ပါတယ်၊ နောက် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထိန်းသိမ်းတော့ခံခဲ့ရတယ်၊ ဒလခရီးစဉ်ဖြစ်လိမ့်မယ် အန်တီမှတ်မိသလောက်တော့။ ယုံကြည်ချက်အနေနဲ့ကတော့ မှန်တာလုပ်၊ ဟုတ်တာပြော၊ စည်းကမ်းရှိရမယ်၊ လာဘ်ပေးလ်ာယူ မကြိုက်ဘူး၊ မှန်တဲ့အတိုင်း အကုန်လုပ်စေချင်တယ်၊ မှန်တဲ့အတိုင်း ဖြစ်ချင်တယ်၊ အဲဒါတော့ သူ့ရဲ့ခံယူချက်ပဲပေါ့။”
နောက်အင်္ဂလန်မှာ  ပညာသွားသင်ဖြစ်တဲ့ အကြောင်းရင်းကရော။
“ကွန်ပျူတာ တက္ကသိုလ်က စရှိအချိန်မှာ ကွန်ပျူတာ တက္ကသိုလ်ကို ရောက်သွားပြီးတော့ ကွန်ပျူတာတက္ကသိုလ်ကနေ နိုင်ငံခြားကို ပထမဦးဆုံး ပညာတော်သင်လွှတ်တာ။ Institute of Computer Science London University မှာပါ။ နောက်ပိုင်းမှာ အစိုးရဌာနတွေ၊ ဘဏ္ဍာရေး ဌာန လက်အောက်  FERD မှာလည်းလုပ်တယ်။  စက်မှုဌာနမှာလည်း လုပ်တယ်၊ လက်ထောက် ညွှန်ကြားရေးမှူးတာဝန်နဲ့ ရာထူးဌာန အခေါ်အဝေါ်တွေ သိပ်တော့ မမှတ်မိတော့ဘူး။”
ဦးထင်ကျော်ဟာ မောင်နှမတွေကြားထဲမှာ ဘယ်လိုအမှတ်တရ ထူးခြားမှုရှိလဲ ညီမတစ်ယောက်အတွက် ဘယ်လို အစ်ကိုမျိုးလို့ ပြောလို့ရမလဲ။
“အလွန်ချစ်စရာကောင်းတဲ့ အစ်ကိုပေါ့။ အန်တီကတော့ ချစ်တယ်။ အန်တီတင်ချစ်တာမဟုတ် ပါဘူး၊ ပတ်ဝန်းကျင်က သူငယ်ချင်းတွေလည်းချစ်တယ်၊ အိမ်နီးနားချင်းတွေလည်း ချစ်တယ်၊ မိဘကလည်း အချစ်ဆုံးလို့ပြောရမှာပေါ့။ အန်တီက တဦးတည်းသော သမီးပေမယ့် သူ့ကို ပိုချစ်ပုံရပါတယ်။”
ဘာကြောင့် သူ့ကို ဒေါ်အောင်ဆန်းစုကြည်က သမ္မတ တာဝန်ပေးဖို့ ရွေးချယ်တယ်ထင်ပါသလဲ။
“နှစ်ဖက်မိဘ ကျေးဇူးကြောင့် သူဒီလိုနေရာမျိုး ထမ်းဆောင်ခွင့်လည်းရတယ်။ သူ့ကြိုးပမ်းမှု ရောပေါ့။ သူ့ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယုံကြည်တာပေါ့နော်။ မျိုးရိုးကိုကြည့်ရင် ယောက္ခမကလည်း ယုံကြည်ဖွယ်ရာရှိတယ်၊ မိဘကလည်း ယုံကြည်ဖွယ်ရာရှိတယ်ဆိုတော့ သူ့ကိုယုံကြည်ပြီးတော့ အခုလို အပ်နှံတာပေါ့။”
သမ္မတဖြစ်မယ်ဆိုတာရော အန်တီတို့ မိသားစု အသိုင်းအ၀န်းမှာ ကြိုပြီးသိနေလား။
“မသိပါဘူး။ ကောလာဟလတွေ ထွက်နေတာပဲ သိတယ်။ အဲဒါ နောက်နေတယ်လို့ပဲ အန်တီတို့က ထားလိုက်တာပေါ့။”
ခုသူ့ကို ဒုသမ္မတအဖြစ် ရွေးချယ်လိုက်ပြီဆိုတော့ မကြာခင် သမ္မတလည်း ဖြစ်လာနိုင်ချေရှိနေပြီ။ နိုင်ငံတော်အကြီးအကဲ သမ္မတ တာဝန်ကို သူ့အနေနဲ့ လက်တွေ့ ထမ်းဆောင်နိုင်မယ်လို့ ထင်ပါသလား။
“လုပ်နိုင်မယ်လို့တော့ မြင်တယ်၊ ဒါပေမယ့် သူ့ကျန်းမာရေးကိုပဲ စိတ်ပူတာပါ။ သူက စိတ်ဖိစီးမှုများရင် နည်းနည်းခံနိုင်ပါ့မလားလို့ စိတ်ပူတာလေးပဲရှိတယ်။ ဒါပေမယ့် ၀မ်းသာတယ် နိုင်ငံအတွက် လုပ်ခွင့်ရတယ်ဆိုတာ။ အမ ဒေါ်အောင်ဆန်းစုကြည်က အားကိုးတယ်ဆိုတာ သိရတော့ ၀မ်းသာတာပေါ့။ သူလုပ်နိုင်မယ်လို့တော့ ယုံကြည်တယ်။ သူက အကောင်းမြင်ဝါဒရှိတယ်၊ ကြင်နာစိတ်ရှိတယ်၊ သူအစွမ်းကုန်လုပ်လိမ့်မယ်။ အန်တီကတော့ သူအောင်မြင်နိုင်မယ်လို့ ထင်ပါတယ်။”




 http://burmese.dvb.no/archives/139184


EmoticonEmoticon

Comments system

Flag Counter