ပြည်သူကအဆိုရှင် အစိုးရက နောက်ခံဂီတ


2016-03-26

ဆင်းရဲခြင်း လွတ်ကင်း အောင် ××× အပြောင်းအလဲ ဖော်ဆောင်ပြီ ××× ရတနာရွှေ ငွေလယ်ယာမြေသည် ××× ပြည်သူ့အတွက်ဖြစ်ရမည်××× အကျင့်စရိုက်တွေ ×××ပြင်ရပါမည် ×××လာဘ်စားမှုကို ××× ရှောင် ရှားရမည် ××× အစိုးရသာမက××× ပြည်သူများပါ လိုက်ပါ ပြောင်းမှ သမိုင်းပြန်လှလိမ့်မည် ×××
ကြိုးစားဖော်ဆောင် ××× မနားတမ်းဖော်ဆောင် ××× တစ်နေ့မှာ အောင်ရမည် ××× တို့ သမိုင်းလှရေး တို့အရေးဖြစ်သည်××× ကြိုးစားရမည် ××× တို့ ယုံကြည် ×××
အင်း... အာဏာနွံအတွင်း နှစ်ပေါင်းများစွာ ရာစုဝက်နီးပါး နစ်ခဲ့တဲ့ လှည်းဘီးကြီး ပြည်သူ တွေရဲ့ လက်သန်းလေးပေါင်းများ စွာနဲ့ ပြိုင်တူတွန်းခဲ့သမို့ ခုတော့ ရွေ့ခဲ့ရပြီဖြစ်၏။ ဒီအရွေ့ကို ပီပြင်အောင် ရွှေ့နိုင်ပါမှ ချောက်ကမ်းပါးနှင့်ဝေးရာ၊ အတ္တနွံနှင့်ဝေး ရာ သမိုင်းစာမျက်နှာအသစ်၊ အိပ်မက်အသစ်၊ လရောင်အသစ် နှင့် ကြုံတွေ့ရမည်ဖြစ်ပါ၏။ အခုတော့ ဆရာများ၍ ဆန့်ငင်ဆန့် ငင်ဖြစ်နေသော တိုင်းပြည်ကြီး၊ ဝန်များ၍ ဝန်ပိနေသောတိုင်းပြည် ကြီး၊ ဝန်ပိုတွေလျှော့ချ၊ အချိန်မီ ကုသရတော့မည်ဖြစ်ပါ၏။ အရင် ကတော့ ဟင်းတစ်အိုးကို လူဘယ်နှယောက် ဝိုင်းချက်သလိုမျိုး၊ ဆီဝန်ကြီးက ဆီစိတ်ကြိုက်၊ ဆားဝန်ကြီးက ဆားစိတ်ကြိုက်၊ ငရုတ်သီးဝန်ကြီးက ငရုတ်သီးစိတ် ကြိုက် ကိုယ့်စိတ်ကြိုက်ကိုယ် ဝိုင်းချက်ခဲ့သမို့ လူများပြီး ပွဲမစည် ပြည်သူတွေဘဝလည်း ထမင်း သိုး၊ ဟင်းသိုး ဖြစ်ခဲ့ရ၏။

အင်း ... တရားဥပဒေစိုးမိုး တဲ့ခေတ်ကြီးဆီ ပြန်လည် လျှောက်လှမ်းတော့မည်ဖြစ်ပါ၍ ဥပဒေဘောင်အတွင်း နေထိုင် ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်း သာဆိုသော ခေတ်ကြီးဆီသို့ ပြန် လည်ရောက်ရှိတော့မည်ဖြစ်ပါ ၏။ အသစ်တက်လာတော့မည့် နိုင်ငံတော်သမ္မတကြီး ဦးထင် ကျော်က ဝန်ကြီးဌာနများ ပေါင်း စည်းလိုက်သဖြင့် ဝန်ထမ်းများ၊ အလုပ်လက်မဲ့ ဖြစ်စရာမရှိကြောင်း၊ သင့်လျော်သလို ပြောင်းရွှေ့နေရာချပေးမှာဖြစ်ကြောင်းနှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီ လုပ်ကိုင်မည်ဆိုပါက အလုပ်လက်မဲ့ဖြစ်စရာ လုံးဝမရှိကြောင်း အတိအလင်းပြောကြားသွား၏။ ဝန်ထမ်းဆိုတာ တိုင်းပြည်၏အဓိကခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်ပါ၏။
ဟိုတစ်ချိန်တုန်းက စိတ် ဓာတ်၊ လုပ်ရပ်နှင့် ဆောင်ပုဒ်များပြောင်းလဲပစ်ရတော့မည်ဖြစ်၏။ တစ်ချိန်တုန်းက ဝန်ထမ်းများ ရင်တွင် ကိန်းဝပ်ခဲ့သော ‘မှားမှား မှန်မှန်၊ ခေါင်းငုံ့ခံသော်၊ မှားသော် မရှုံး၊ လူကြီးပြုံး၏’ ဆိုတာမျိုးလို ‘မှားမှားမှန်မှန် ခွန်းတုံ့ပြန်သော် မှန်သော်လည်းရှုံး လူကြီးမုန်း၏’ ဆိုသော အတွေးအခေါ်အယူ အဆမျိုး အပြီးအပိုင် စွန့်လွှတ်ရ တော့မည့်အချိန်သို့ ဆိုက်ရောက် လာပြီဖြစ်ပါ၏။ အလေ့အကျင့် ဆိုတာက လက်ခံထားသရွေ့သာ တည်မြဲပါ၏။ သန့်ရှင်းသော ရေ တစ်ခွက်သည် မသန့်ရှင်းသော ရေတစ်လီတာထက် ဘဝကို ပိုမို အေးမြလန်းဆန်းစေပါ၏။ တစ် ခါတုန်းက ဖတ်ခဲ့ဖူးသော ဟာသ တစ်ပုဒ် သတိရမိပါ၏။ ကုန် ပစ္စည်းသိုလှောင်ရုံတစ်ခုအတွက် ဝန်ထမ်းခေါ်ယူပါ၏။ အင်တာဗျူးလုပ်သူအရာရှိက အလုပ်လျှောက်သူကိုမေး၏။ သိုလှောင်ရုံထဲမှာ ကုန်သေတ္တာတစ်ရာရှိတယ်။ အဲဒီထဲက သေတ္တာခြောက်ဆယ်ထုတ်သွားရင် ဘယ်လောက်ကျန်မလဲဟု မေးလေ၏။ ထိုအခါ အင်တာဗျူးဖြေသူက သေတ္တာ လေးဆယ်ကျန်ပါတယ်ဟုဖြေ၏။ အရာရှိကြီးလည်း မျက်နှာမကောင်းစွာဖြင့် မင်းပြန်နိုင်ပြီဟု ပြောလိုက်၏။ ဒုတိယဖြေသူ အလှည့်ရောက်လာ၏။ အရာရှိ ကြီးက သိုလှောင်ရုံထဲမှာ သေတ္တာတစ်ရာရှိတယ်။ အဲဒီထဲက သေတ္တာငါးဆယ်ထုတ်ယူသွားရင် ဘယ်လောက်ကျန်မလဲဟု မေး ပြန်၏။ အင်တာဗျူးဖြေသူက လည်း မဆိုင်းမတွပင် သေတ္တာ ငါးဆယ်ကျန်ပါတယ်ဟု ဖြေလေ ၏။ အရာရှိကြီးလည်း မျက်စိ မျက်နှာပျက်လျက် မင်းပြန်နိုင်ပြီ ဟုဆိုပြန်၏။ ဤသို့ဖြင့် နောက် ဆုံးအင်တာဗျူးဖြေမည့်သူ အလှည့်ရောက်လာ၏။ အရာရှိ ကြီးက မေးပြန်၏။ ကုန်သိုလှောင် ရုံထဲမှာ သေတ္တာတစ်ရာရှိတယ်။ အဲဒီထဲက သေတ္တာလေးဆယ် ထုတ်သွားရင် ဘယ်လောက်ကျန် မလဲဟု မေး၏။ ထိုအခါ ပါးနပ်ပုံ ရသော အင်တာဗျူးဖြေဆိုသူက ‘‘ဆရာဘယ်လောက်ကျန်စေချင် ပါသလဲခင်ဗျာ’’ဟု ပြန်ဖြေလိုက် ပါ၏။ ထိုအခါ အင်တာဗျူးလုပ် သူအရာရှိကြီးလည်း မျက်နှာကြီး ဝင်းထိန်ပြုံးပျော်သွားပြီး တို့ဌာန မှာ မင်းလိုလူတော်တွေ အများ ကြီးလိုတယ်ဟုပြောဆိုပြီး လက် ဆွဲနှုတ်ဆက်ကာ မင်းဟာ ကြီး ပွားတိုးတက်မယ့်လူငယ်တစ် ယောက်ပဲဟု ပြောဆိုအလုပ်ခန့် လိုက်တာလေး ပြန်လည်သတိရမိ ပါ၏။ အခုတော့ ဤခေတ်ဤစနစ် မျိုး ထိပ်ဆုံးက စတင်ပြောင်းလဲရ တော့မည်ဟု ယုံကြည်ပါ၏။ အခု တော့ တစ်ယောက်တစ်ဆုပ် ဝိုင်း နှိုက်ယူ ဒီတိုင်းပြည်မျိုးမမွဲခံနိုင်ရိုးလားဟုဆိုရတော့မလို တစ်ချိန်က လွှတ်တော်အတွင်း ဆီးသီးဗန်း ကြီး ခိုင်ခိုင်မာမာ သက်သေရှိခဲ့ ဖူး၏။
အင်း ... တိုင်းပြည်အရေး ဘယ်ဆေးအရင်ကျွေးရမယ်လို့ မစဉ်းစားရသေး။ ကျေးဇူးရှင် တိုင်းပြည်ကြီးက မြစ်ဆုံအရေး အလေးပေး ဆောင်ရွက်ရန် တောင်းဆိုမှုများ အစပြုလာ၏။ ယခင်အစိုးရလက်ထက် ယာယီ ရပ်ဆိုင်းခဲ့သော မြစ်ဆုံစီမံကိန်း အစိုးရသစ်လက်ထက်၌ ပြန် လည်စတင်ရန် ကြိုးပမ်းသွားမည် ဟု တရုတ်ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလာ၏။ ပြည် သူရွေးချယ်ခဲ့သော အစိုးရသစ်ကို ပြည်သူ့ဆန္ဒအတိုင်းသာ ဖြစ်လာ လိမ့်မည်ဟု ယုံကြည်ပါ၏။ ပြီး ခေတ်အဆက်ဆက် စိတ်အနှောင့် အယှက်ဖြစ်ခဲ့ရသော ပြည်သူတွေ အိပ်ရေးပျက်ခဲ့ရသော ဧည့်စာ ရင်းတိုင်ကြားရသည့် ယဉ်ကျေးမှု ကြီး လွှတ်တော်သစ်က ပယ်ဖျက် တော့မည်ဆို၍ ပြည်သူတွေ အိပ် ရေးဝဝအိပ်ရတော့မည်ဟု ယုံ ကြည်လာ၏။ သူများအိမ်လည်း သွားမတည်းခိုရဲ၊ ကိုယ့်အိမ်မှာ လည်း မတည်းစေချင်၊ အိမ်ရှင်နဲ့ ဧည့်သည်ကြား ခြားထားသည့် တံတိုင်းတစ်ခု ဖြိုချပြီး လွတ်လပ် သော နိုင်ငံသားများပီပီ ကိုယ့် နိုင်ငံအတွင်း လွတ်လပ်စွာနေထိုင် ခွင့်ရတော့မည်ဟု တွေးမိပါ၏။
ယခုတစ်လော သတင်းများ ဖတ်ရသည်မှာ ကောင်းဘွိုင်ကား ကြည့်နေရသလို သေနတ်ပစ်ခန်း တွေ လွန်စွာများနေ၏။ တရားခံ များကို ရဲကလည်းသေနတ်ဖြင့်ပစ်၍ ဖမ်းရ၏။ ဒုစရိုက်သမားများက လည်း သေနတ်အသုံးပြုမှုများ နေရာအနှံ့ တွေ့ရလာ၏။ ဘော ပင်ကိုင် ကျောင်းသားများကို ဂရုစိုက်စောင့်ကြည့်နေရသဖြင့် အခြားကိစ္စများ လစ်ဟာခဲ့ပုံရ၏။ မရောင်ရာ ပရုတ်ဆီလူးနေသရွေ့အနာနဲ့ဆေး ဝေးနေဦးမည်ဖြစ်ပါ ၏။ အင်း... အရပ်ရပ်နေပြည် တော် ကြားလို့မှမကောင်း ရန် ကုန်နည်းပညာတက္ကသိုလ်တွင် လေးနှစ်ကျော် ဧည့်ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကား ဆယ်တန်းပင်မအောင်ဟု ဆို၏။ ရေးရဖတ်ရ အားနာလှ၏။ သို့သော် အနှီကိစ္စသည် ဤနိုင်ငံ၊ ဤတိုင်းပြည်၌ အမှန်တကယ် ဖြစ်ခဲ့ကြောင်း သမိုင်းတွင်ခဲ့ပြီဖြစ် ၏။
ပြည်သူချစ်သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကတော့ နှစ်ပေါင်းများစွာ ပင်ပန်းခဲ့ရမှုတွေ အလေးမထား နိုင်သေးဘဲ တစ်ကိုယ်တည်း လေးကိုယ်ခွဲကာ အနာဂတ်အရေး အတွက် ပေးဆပ်ဦးမည်ဖြစ်၏။ အမေပင်ပန်းလှပါ၏။ ဒါပေမဲ့ ‘ပြည်သူတွေအတွက် အနာဂတ် လှလှ ပန်ပြပါအမေ’ ဟုသာ ဆန္ဒ ပြုရင်း...။

(ဖော်ပြပါသရော်စာသည် စာရေးသူ ဂန္ထ၀င်ညှပ်ကြီး၏ အာဘော်သာဖြစ်ပါသည်)




 http://www.7daydaily.com/story/61300



EmoticonEmoticon

Comments system

Flag Counter