၂၀၁၇ မှာ တပ်မတော်နေ့ အမှန် ဖြစ်လာရေး



|| ငြိမ်းချမ်းအေး ||

■ အာဏာရှင် မောင်ပိုင်စီးခြင်းခံရတဲ့ ပုံပျက်သမိုင်း
စစ်အာဏာရှင် အစိုးရအဆက်ဆက် ‘တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်’၊ ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’ စတဲ့ ‘စစ်တပ် ဂုဏော အနန္တော၊ စစ်တပ် သရဏံ ဂစ္ဆာမိ’ စဉ်းစားပုံလမ်းကြောင်းကို လူထုကြား ကိန်းအောင်း ဦးနှောက်ဆေးချင်တော့ သမိုင်းအထင်ကရ အဖြစ်အပျက်တွေကို စစ်တပ်တခုတည်းက လက်ဝါးကြီးအုပ် သိမ်းပိုက်ရင်း သမိုင်းကို ပုံဖျက်ခဲ့ပါတယ်။ အမှန်တစ်ဝက်၊ အမှားတစ်ဝက်၊ မုသား အလိမ်အလည်တွေ ပါးပါးလေးထည့်တဲ့အခါ ထည့်၊ ဗြောင်တိုက်တဲ့ အခါတိုက်နဲ့ အမျိုးမျိုး မှိုင်းတိုက် ထိမ်ဝှက်၊ လိမ်လည်သမိုင်းကို ဖျက်ခဲ့ကြပါတယ်။ မဆီမဆိုင် သမိုင်းရက်စွဲတွေ ဖန်တီးခဲ့ကြတယ်။
ဥပမာ - နောင်မှာ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းကာ လယ်သမား၊ ယာသမား လူထုကို အင်္ဂလိပ်အရင်းရှင် အစိုးရခေတ်ထက်ပို မွဲပြာကျစေခဲ့သူ တရားခံ ‘စစ်တပ်’ က တရားဝင် အာဏာသိမ်းယူခဲ့တဲ့နေ့ မတ်လ ၂ ရက်နေ့ကို ‘တောင်သူလယ်သမားနေ့’ လို့ ဇွတ်ကင်ပွန်းတပ်ခဲ့ကြသလိုမျိုးပေါ့။ မတ်လရဲ့ ပြောင်မြောက်လှတဲ့ တော်လှန်သမိုင်းကို နောင်ထပ် ရိုင်းစေတာကတော့ ‘ဖက်ဆစ်တော်လှန်ရေးနေ့’ မတ်လ ၂၇ ရက်ကို ‘တပ်မတော်နေ့’ လို့ သတ်မှတ်ခဲ့ခြင်းပါပဲ။
■ လူမျိုးစုစုံရဲ့ လူထုတော်လှန်ရေး
‘၁၉၄၅ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်က ဦးဆောင်ပြီး ဂျပန်ဖက်ဆစ်တော်လှန်ရေး စခဲ့သည်’ဆိုပြီး စစ်အစိုးရ အဆက်ဆက် ပုံဖော်ခဲ့ကြတာမှာ အချက်ကြီး နှစ်ချက် မှားနေပါတယ်။ ပထမအချက်ကတော့ အားလုံးလည်း သတိပြုမိတဲ့ ဖက်ဆစ်တော်လှန်ရေးဟာ လူထုကဦးဆောင်တဲ့ ‘ပြည်သူ့တော်လှန်ရေး’ သာ ဖြစ်တယ်ဆိုတာကို ထိမ်ချန်ထားခြင်းပါ။ ဒုတိယ အချက်ကတော့ စစ်တပ်အသားပေး သမိုင်းပုံဖော်မှုဖြစ်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲတွေဟာ ၁၉၄၅ မတ်လ ၂၇ ရက်နေ့မှာ စခဲ့တယ် ဆိုတာကလည်း မမှန်ပါဘူး။ တကယ်တော့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဖက်ဆစ်တော်လှန်ရေးက အများကြီး စောခဲ့ပါတယ်။ ဂျပန်စစ်တပ် စဝင်လာကတည်းက အင်္ဂလိပ် အကူအညီနဲ့ ချင်း၊ နာဂ၊ ကရင်၊ ကချင် အစရှိတဲ့ လူမျိုးစုစုံဟာ ပြောက်ကျား တော်လှန်ရေးအနေနဲ့ ဖက်ဆစ်ကျူးကျော်မှုကို အစဉ်မပြတ် ဆန့်ကျင်ခဲ့ကြတာပါ။ စစ်တစ်ပိုင်း အစိုးရနဲ့စစ်တပ်က နိုင်ငံရေး အကျပ်အတည်း ထွက်ပေါက် အနေနဲ့ အသုံးချချင်လို့ ဇွတ် ပြည်ပရန်အဖြစ် နောက်ပိုင်းမှာ ပြန်ပုံဖော်နေတဲ့ ‘ကိုးကန့်’ တွေဆိုလည်း ဖက်ဆစ်တော်လှန်ရာမှာ ရှေးဦးပါခဲ့တဲ့ သူတွေပါပဲ။
■ လူမျိုး/ဘာသာစုံ တပ်မတော်
စစ်တပိုင်းအစိုးရခေတ်မှာ အရာကျခဲ့လို့ ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်းတဦးရဲ့ မေးမြန်းခန်း အဖြေတခုမှာ စစ်တပ်ရာထူး အဆင့်ဆင့် တက်လမ်းအတွက် အနှောင့်အယှက် မဖြစ်ရအောင် သူရဲ့ တိုင်းရင်းသားနာမည် ထိပ်စီးကို ဖျောက်ခဲ့ရပါတယ်လို့ ဝန်ခံဖူးတာ သတိပြုမိခဲ့ကြမလား မသိပါ။ တကယ်တော့ ဒါမျိုး ဖြစ်စဉ်ဟာ လူအများစု ထောက်ခံမှု ရလိုတာကြောင့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်လေဟန် ပုံဖော်၊ အမျိုးသားရေးကို တလွဲအသုံးချကာ တမျိုး တဘာသာ ဗဟိုပြု အသားပေးကျင့်သုံးလေ့ရှိတဲ့ ရာစုဝက်ကျော်ကြာ စစ်အာဏာရှင် စနစ်ဆိုးအောက် နေရာ ကဏ္ဍ ဌာနတိုင်းမှာ တွေ့ရလေ့ရှိပါတယ်။ နိုင်ငံလက်ရွေးစင် ဘောလုံးသမား ခရစ်ယာန်နာမည် မခံရ၊ အခြားဘာသာရေး နာမည်မသုံးရ၊ လက်ဝါးကတ်တိုင်ပုံပြု ဂိုးသွင်းအောင်ပွဲ မခံရတာမျိုးက အစ စစ်ဘက်၊ အရပ်ဘက် အစိုးရ ရာထူးကြီးကြီးနေရာအထိ လူမျိုး၊ ဘာသာ ခွဲခြားမှုတွေကို စနစ်တကျ စနစ်ထဲမှာ ထည့်သွင်း ပုံဖော်ခဲ့ကြတယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ စစ်တပ် ဒုကြိမ် အာဏာသိမ်းရာမှာ ပါဝင်ခဲ့တဲ့ နဝတ အာဏာသိမ်း အစိုးရအဖွဲ့ဝင် ‘ဗိုလ်မှူးချုပ် ဒေးဗစ်အိုဝင်အေဘယ်လ်’ လို ကပြားပေမယ့် ပညာလည်းတတ်၊ နိုင်ငံတကာနဲ့ အင်္ဂလိပ်လို လည်လည်ပတ်ပတ် ပြောနိုင်ဆိုနိုင်သူမျိုး တွေဆို နေရာ အထိုက်အလျောက်ပေးခံရတာ ရှိခဲ့ပေမယ့် သူ့ရဲ့ စစ်ရာထူးကတော့ ဗိုလ်မှူးချုပ်ပါပဲ၊ ဗိုလ်ချုပ်တောင် မဖြစ်ခဲ့ရှာပါ။
ဒီလို သဘော နောက်ပိုင်းမှာ ဖြစ်ခဲ့ရပေမယ့် ခေတ်သစ် ဗမာ့တပ်မတော်ဟာ သန္ဓေတည်ခဲ့ရာ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ခေတ်ကတည်းက လူမျိုးစုစုံ၊ ဘာသာစုံ ပါဝင် ကျရာတာဝန် ထမ်းခဲ့ကြတဲ့ သမိုင်းနဲ့ လာခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အပြီး ကန္ဒီစာချုပ် (၁၉၄၅-စက်တင်ဘာ-၇) အရ တပ်မတော် ပြန်လည်ဖွဲ့စည်းရာမှာလည်း အင်္ဂလိပ်သင်တန်းဆင်း ဗြိတိသျှဘားမားတပ်က လာသူတွေဘက်မှာရော၊ ဂျပန်သင်တန်းဆင်း မျိုးချစ်တပ်မတော်ဘက်က လာသူတွေမှာပါ လူမျိုး/ဘာသာစုံ ပါခဲ့တာပါပဲ။
ဗြိတိသျှဘားမား ခေတ်ကတည်းက ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းမှု အလို့ငှာ‘Professional Soldiers’ အဖြစ် ဆောင်ရွက်ခဲ့ကြသူတွေ အများစုကလည်း လူနည်းစု လူမျိုး၊ ဘာသာ အုပ်စုဝင်တွေပါ။ ဒါကြောင့် ပြည်တွင်းစစ်မီး မလောင်ခင် ကနဦးခေတ်သစ်တပ်မတော် ခေါင်းဆောင်မှုနေရာတွေကို စစ်အတွေ့အကြုံ၊ စစ်ပညာ ပြည့် တိုင်းရင်းသား စစ်သားကြီးတွေ လွှမ်းမိုးခဲ့တာပါ။ အခုခေတ်လို တပ်မတော်က ‘ပြည်ထောင်စုတပ်မတော်ပါ’ ဆိုပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ငါ့စကားနွားရ စကားနိုင်လု ကာကွယ်ပြောဆိုနေပြီး တပ်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသား လူနည်းစုတွေကို သူတို့နဲ့ ညီအစ်ကို လူမျိုးစုတော်လှန်ရေးတပ်တွေနဲ့ အိမ်ကြက်ချင်းအိုးမဲသုတ် အသေခံ တိုက်ခိုင်းရာမှာ အသုံးချ၊ ရာထူးကြီးကြီးကျ မပေးတဲ့ အာဏာရှင်အလိုကျ စစ်တပ် အနေအထားမျိုးနဲ့ စခဲ့တာမဟုတ်ပါ။
လွပ်လပ်ရေးခေတ်ဦး တပ်မတော်မှာ ဗိုလ်ချုပ် စမစ်ဒွန်း (အိန္ဒိယ ဒယ်ရဒွန်း စစ်တက္ကသိုလ် ပထမပတ် ကျောင်းဆင်း) က ဒုတိယဗိုလ်ချုပ်ကြီး ရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ် (Chief of Staff) စဖြစ်ခဲ့တယ်။ ဗိုလ်မှူးချုပ် စောကြာဒိုး (အင်္ဂလန် ဆင်းဟဒ်စ် စစ်တက္ကသိုလ်ဆင်း) က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) (Chief of Army Staff) / စစ်ဆင်ရေးမှူး (Chief of Operations) ဖြစ်ခဲ့တယ်။ ဒုဗိုလ်မှူးကြီး စောရှိရှို က ကာကွယ်ရေးဦးစီးချုပ် (လေ) (Chief of Air Staff) ဖြစ်ခဲ့တယ်။ ဒုဗိုလ်မှူးကြီး စောဒိုနီက စစ်ထောက်ချုပ် (Quartermaster General) အဖြစ် တာဝန်ထမ်းခဲ့တယ်။ တပ်မတော် ဖွဲ့စည်းပုံကလည်း တပ်ရင်းအနေနဲ့ မျိုးချစ်ဘက်ကလာသူ အများစု ပါတဲ့ ဗမာ့သေနတ်ကိုင် တပ်ရင်း ခြောက်ခု (တခု က တိုင်းရင်းသား လူမျိုးစု စုံပါ)၊ ကရင် တပ် သုံးခု၊ ချင်းတပ် သုံးခု၊ ကချင်တပ် နှစ်ခု၊ ဂေါရခါးတပ် တခု အစရှိသလို လူမျိုးစုစုံတပ် ဖြစ်ခဲ့ပါတယ်။ ဒီလို ကရင်၊ ကချင်၊ ချင်း၊ အင်္ဂလိပ်ကပြား အင်ဂလိုဘားမီးစ်၊ အင်ဂလိုအင်ဒီးယန်း၊ အိန္ဒိယအနွယ်၊ ဂေါရခါး၊ တရုတ်အနွယ် အစရှိသဖြင့် အရောင်အသွေးစုံခဲ့တဲ့ တပ်မတော်အနေနဲ့ စတင်ခဲ့တာပါ။
■ တပ်မတော်နေ့ နောက်ကြောင်း
တပ်မတော်နေ့အဖြစ် ဂျပန်ခေတ်နှောင်းပိုင်း ၁၉၄၅ ဇန်နဝါရီလ ၂ ရက်နေ့မှာ ပထမဆုံး ကျင်းပဖူးကြောင်း မှတ်တမ်း တချို့ ရှိခဲ့ပါတယ်။ မတ်လ ၂၇ တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် ပြောင်းလဲ သတ်မှတ်မှုကိုလည်း သမိုင်းမှာ အချက်အလက် အမျိုးမျိုးနဲ့ လက်ရှိတိုင် ပြောဆိုနေကြပါတယ်။ တကယ်တော့ ၁၉၅၄ / ၅၅ / ၅၆ ဝန်းကျင် ဖဆပလ ဦးနု ခေတ်ကတည်းက အာဏာရပါတီတွင်း စစ်တပ်လိုလားတဲ့ ဆိုရှယ်လစ်အုပ်စု စနက်နဲ့ ပြည်တွင်းစစ်အတွက် တပ်မတော်ကို မျက်နှာသာပေး ‘ဖား’ လိုမှုကြောင့် ‘တော်လှန်ရေးနေ့’ကို ‘တပ်မတော်နေ့’ အဖြစ် ပုံဖော်လိုတဲ့ သဘောတွေ စခဲ့ပါတယ်။ နောက် စစ်တပ်က ၁၉၆၂ မှာ အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီခေတ်နဲ့ နောက်ပိုင်း မဆလ တပါတီ အာဏာရှင် အစိုးရ ဖွဲ့စည်းချိန် ၁၉၇၄ နောက်ပိုင်းတွေမှာတော့ မတ်လ ၂၇ ရက်နေ့ဟာ ‘လူထုရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့’ ဆိုတဲ့ သဘော လုံးလုံးပျောက်ခဲ့ရတယ်၊ ‘တပ်မတော်နေ့’ အဖြစ်သာ လုံးလုံး အထိမ်းအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။
■ သမိုင်းလိမ်တွေ၊ သမိုင်းဆိုးတွေ ရပ်သင့်ပါပြီ
တပ်မတော်သမိုင်းဟာ နောက်ပိုင်းမှာ စစ်အာဏာရှင် စနစ်ဆိုးနဲ့ အတူ ကျောင်းသား၊ ရဟန်း၊ ပြည်သူ အပေါ် သွေးစွန်းစေခဲ့တဲ့ နေ့ရက်များကို ဖြတ်သန်း လူထုအကြား အမြင်မကြည်လင် အော့နှလုံး နာစရာတွေ သမိုင်းမလှ ဝမ်းနည်းဖွယ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်ရဲ့ ကောင်းခဲ့တဲ့ သမိုင်းကြောင်း စာမျက်နှာတချို့ကို အသိအမှတ်ပြုသလို အနာဂတ် တိုင်းပြည် ကာကွယ်ရေး အတွက် အရေးပါမှုကိုလည်း နားလည်တဲ့အတွက် တပ်မတော်နေ့ကို အမှန်တကယ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုချင်တဲ့ ဆန္ဒ ပြည်သူမှာ ရှိနေပါတယ်။
ဒီနေရာမှာ ကြိုတင် လိုအပ်တဲ့ အချက်တွေတော့ ရှိပါတယ်။ ပထမ တချက်ကတော့ တကယ့် တပ်မတော်နေ့ စစ်စစ်ဖြစ်ဖို့ လိုပါတယ်။ ဒုတိယလက်ရှိ စစ်တပ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးမှာ မင်းမူ ဗိုလ်ကျ ကြီးစိုးနေတာကို လျှော့ချဖို့လိုပါတယ်။
ကောင်းတဲ့ သမိုင်းကို ထိုက်ထိုက်တန်တန်ပြုစေချင်ရင်၊ မူလတာဝန် တိုင်းပြည်ကာကွယ်ခြင်းကို အသိအမှတ် ပြုစေချင်ရင် မကောင်းတဲ့ သမိုင်းဆိုးတွေကို ဝန်ခံ၊ မူဆိုး၊ အလုပ်ဆိုးတွေ ချက်ချင်းရပ်၊ စစ်တန်းလျာကို လုံးလုံးလျားလျား သိက္ခာရှိရှိ ပြန်ပြဖို့ အရင်လိုပါတယ်။
■ မပြောင်းလဲသေးတဲ့ မျက်မှောက် ပကတိအခြေအနေ
လက်ရှိတိုင်တော့ တပ်မတော်ခေါင်းဆောင် အဟောင်းအသစ်တွေဟာ သမိုင်းဆိုး၊ လုပ်ရပ်ဆိုးတွေကိုလည်း ဝန်မခံ၊ ဖုံးကွယ်၊ သမိုင်းကို ပုံဖျက်ချင်နေကြတုန်းပဲ ရှိသလို၊ သဘောထား စိတ်ရင်းတွေလည်း မပြောင်းလဲသေးပါ။ တပါတည်း စစ်ဝါဒီများ ကြီးစိုးရာ ဖက်စစ်စနစ်ကို တော်လှန်ခဲ့ခြင်း အကျိုးကျေးဇူး၊ တော်လှန်ရေးနေ့သမိုင်း အခန်းကဏ္ဍ၊ စစ်ဝါဒ အမြစ်ပြတ်ရေး သဘောတွေလည်း တိုင်းပြည်မှာ မှေးမှိန်နေဦးမှာပါပဲ။ ဒီပုံနဲ့ စစ်ဝါဒသာ ဆက်လက် လွှမ်းမိုး ပြည်တွင်းစစ်မီးတွေရှည်၊ စစ်အသုံးစရိတ်တွေ ထောင်းရင်း တိုင်းပြည်လည်း နိုင်ငံတကာမှာ လူတမ်းမစေ့နိုင် လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အရာရာ အောက်တန်း၊ နောက်တန်းကျ ‘ဓားမနောက်ပိတ်ခွေး’ ဖြစ်မြဲ ဖြစ်နေဦးမယ့် သဘောပါပဲ။
■ ၂၀၁၆ NLD ဦးဆောင်မယ့် အစိုးရသစ်နဲ့ လွှတ်တော်ရဲ့တာဝန်
တပ်မတော်ဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု အကျိုးစီးပွား၊ အာဏာဖြစ်တည်မှုကို ဘာကြောင့် မယိုင်မလဲ ကိုင်ဆွဲရပ်တည် နေကြသလဲဆိုရင် အာဏာ၊ အကျိုးစီးပွားဆိုတဲ့ ‘လောဘ’၊ ‘ဒေါသ’ မက်လုံးအပြင် သမိုင်းကို ရှုမြင်ပုံ အမြင်မတူညီ၊ သူတို့မှိုင်းတိုက် ပုံဖော်တဲ့ ကိုယ်ပိုင်သမိုင်းကို တကယ်ယုံကြည်နေတဲ့ အမိုက်ဖုံး ‘မောဟ’ ကြောင့်လည်း အဓိက ပါပါတယ်။ သူတို့ကိုယ်သူတို့ တိုင်းပြည်ကို ချောက်ထဲမကျအောင် ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်များအဖြစ် မြင်နေတဲ့ ဒီမှားယွင်းတဲ့ သမိုင်းအမြင်ကို ဖျောက်နိုင်ဖို့ရာဟာ အနာဂတ် ဒီမိုကရေစီ ခရီးလမ်းအတွက် အင်မတန် အရေးကြီးပါတယ်။
ဒါကြောင့် တပ်မတော်ကို တပ်မတော်နေရာမှန်၊ အလုပ်မှန်၊ သမိုင်းမှန် ပြန်ပို့၊ ပြန်ဖြစ်၊ ပြန်မြင် သမိုင်းအမှားပြင်ဆင်စေရန် နားချကြိုးစားဖို့ ၂၀၁၆ ခုနှစ် ဒီမိုကရေစီပြည်သူ့အစိုးရမှာ တာဝန်ရှိပါတယ်။ စစ်ဗိုလ်ချုပ်များ စိတ်တိုင်းကြိုက် ရေးဆွဲထားတဲ့ လက်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အောက်မှာတော့ ဒီအလုပ်ဟာ အင်မတန် ခက်ခဲနိုင်ပါတယ်။ အနိမ့်ဆုံးအဆင့် အလုပ်သင့်ဆုံး အလုပ်တစ်ခုကတော့ ရှေ့နှစ် ၂၀၁၇ ခုနှစ်မှာ တပ်မတော်နေ့ လိမ်ဆင်သမိုင်းကို ပြင်ဖို့ပါပဲ။ တပ်မတော်ဘက်ကလည်း သမိုင်းအမှား ပြင်ဆင်ခွင့် အခွင့်အရေးကောင်း လက်လွတ်မခံ အနာဂတ်တိုင်းပြည်အတွက် အကောင်းမြင်စိတ်နဲ့ အမှန်ပြင်ဆင်လိုရပါမယ်။
■ အနှစ်ချုပ်
နိဂုံးချုပ်ရရင် သမိုင်းကို ပြင်ခြင်း၊ လိမ်ခြင်း၊ ဖုံးခြင်း၊ တလွဲပြုခြင်းဟာ မျိုးဆက်သစ်ကို သစ္စာ ဖောက်ရာ ရောက်ပါတယ်။ သမိုင်းဆိုး၊ လုပ်ရပ်ဆိုးတွေကို မမြင်နိုင်၊ ဝန်မခံနိုင်၊ မပြင်နိုင် ဆက်လက် ပုံဖော်လိုခြင်းကလည်း အနာဂတ်တိုင်းပြည်ကို ပိုလို့ နစ်နာစေပါတယ်။ လူမျိုးစုစုံပါဝင်ပြီး လူထုဦးဆောင်ခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီး သမိုင်းဖျောက်ခံနေရခြင်းကနေ စစ်ဝါဒကြီးစိုးမှုအထိ ဖြစ်တည်လာရင်း စစ်အာဏာရှင်စနစ် အသွင်အမျိုးမျိုးပြောင်း သက်ဆိုးရှည်ကာ တိုင်းရင်းသား ပြသ၁နာတွေလည်း မပြေလည်နိုင်၊ ပြည်တွင်းစစ်လည်း မရပ်နိုင်၊ နိုင်ငံဖွံ့ဖြိုး ချမ်းသာမှုဆီလည်း မရှေးရှုနိုင် ဖြစ်နေရပါတယ်။ ဒါကြောင့် ‘တပ်မတော်နေ့ အမှန် ဖြစ်ရေး ဘယ်လောက် အရေးကြီးကြောင်း’ ကို အခြေခံကျကျ သိမြင် နားလည် ပြင်ဆင် တောင်းဆိုနိုင်ဖို့ရာ သမိုင်းနောက်ခံပြု ဆွေးနွေး တင်ပြလိုက်ကြောင်းပါ ခင်ဗျား။


(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန်- nyeinchanaye81@gmail.com)
ငြိမ်းချမ်းအေး


The Ladies News



https://www.facebook.com/News.TheLadies/posts/543247962516844:0


EmoticonEmoticon

Comments system

Flag Counter