ရခိုင် - မြန်မာ ပဏ္ဍိတ် ဦးဦးသာထွန်း (၁၉၁၇ - ၁၉၉၀) ၏ သမိုင်းအကျဉ်း




        (14/08/2018)


(၂၀၁၈) ခုနှစ်၊ ဩဂတ်(စ်) လ (၁၄) ရက်နေ့ သည် ရခိုင် - မြန်မာပဏ္ဍိတ် ဦးဦးသာထွန်း  စစ်တွေ အကျဉ်းထောင်၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော (၂၈) နှစ်မြောက် ဝမ်းနည်း အောက်မေ့ဖွယ် နေ့ဖြစ်သည်။
          ဦးဦးသာထွန်းကို ရခိုင်ပြည်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက်၌ ဖခင် ဦးကောင်းစံရွှီ၊ မိခင် ဒေါ်အောင်ကြွဇံတို့မှ (၁၉၁၇) ခုနှစ် နိုဝင်ဘာလ (၂၃) ရက် သောကြာ နေ့တွင် ဖွားမြင်ခဲ့သည်။

 တဦးတည်း သော သားလည်းဖြစ်သည်။ ငယ်စဉ်မှစ၍ အဖိုးဖြစ်သူ ရာဇဝင် ဆရာကြီး ဦးသာထွန်းအောင်က ရခိုင်ရာဇဝင် ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများကို နှုတ် တိုက်အာဂုံ သင်ကြားပေးခဲ့သည်။ နဝမတန်းတွင် ပညာ သင်ကြားနေစဉ် ဖခင် ကွယ်လွန်သွားသဖြင့် ကျောင်း မှ ထွက်လိုက်ရပြီး သက္ကဋ၊ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြားလောကီ ပညာရပ်များကို သင်ကြားလေ့လာ ဆည်းပူးခဲ့သည်။

          (၁၉၅၀) ခုနှစ်မှ (၁၉၅၅) ခုနှစ်ထိ မူလတန်း ကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ (၁၉၅ ၅) ခုနှစ်မှ (၁၉၇၇) ခုနှစ်ထိ မြောက်ဦးမြို့ရှေ့ဟောင်း သုတေသန ဌာနခွဲတွင် ရခိုင် - မြန်မာ ပဏ္ဍိတ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

(၁၉၇၇) ခုနှစ်မှ (၁၉၈၃) ခုနှစ်ထိ မြောက်ဦး မြို့ ရှေးဟောင်းသုတေသနဌာနခွဲတွင် အကြံပေးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။

          (၁၉၈၀) ခုနှစ်မှ (၁၉၈၃) ခုနှစ်ထိ ရခိုင် ဝေသာလီမြို့ဟောင်း တူးဖော်မှုလုပ်ငန်းတွင် ကိုယ် တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့သည်။ ယခုလက်ရှိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသနပြတိုက်ကြီးမှာ ဆရာကြီး စုဆောင်း၊ တည်ဆောက်ခဲ့သော ပြတိုက်ကြီး ဖြစ်သည်။

          မြောက်ဦးမြို့ ဘုရားသမိုင်း (၁၃၀၁ ခုနှစ်ပုံ နှိပ်)၊ ဦးရာဇ်တောင် ဘုရားသမိုင်း (ပုံနှိပ်)၊ မြောက်ဦး မြို့ ဘုရားသမိုင်းကျမ်း ပြင်ဆင်၊ ဖြည့်စွက်ချက် (ပုံနှိပ်)၊ (၁၉၅၂-၅၃)  ရက္ခိုင်အမျိုးသမီးသူရဲကောင်း အတ္ထုပ္ပတ္တိ (၁၉၅၃-၅၄) (ပုံနှိပ်)၊ ရက္ခိုင်ရာဇဝင် သင်္ခေပကျမ်း (၁၉၅၄-၅၅) (ပုံနှိပ်)၊ ဝသဲဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ်ဘုရားသမိုင်း (ပုံနှိပ်) တို့ကို ပုံနှိပ်ထုတ်ဝေခဲ့ သည်။

          ရက္ခိုင်ကဗျာပေါင်းချုပ်၊ ရက္ခိုင်ရာဇဝင် လင်္ကာ ဘာသာပြန်၊ ရက္ခိုင် ဒင်္ဂါးများ (ဘာသာပြန်)၊ ရခိုင်ပြည် ဓာတ်တော် ဘုရားစေတီများနှင့်  မြောက်ဦးမြို့ တန်ခိုး ကြီးဘုရားများ သမိုင်းကျမ်းစာများကို  ရေးသားပြုစုပြီး ဘဏ္ဍာရေးဝန်ကြီး ဆာထွန်းအောင်ကျော်သို့ ပေးအပ် ခဲ့သည်ဟု သိရပါသည်။

          အံတော်ဘုရား သမိုင်းကျမ်း၊ သဲတက် ဘုရား သမိုင်းကျမ်း၊ ထီးတော်မိုး ဘုရားသမိုင်းကျမ်း၊  ဘောင်း ဒွတ်နတ်တောင် ဘုရားသမိုင်းကျမ်း၊  ဝေသာလီ ဘုရား ကြီး သမိုင်းကျမ်း၊ သိမ်တော်ကြီး ဘုရားသမိုင်းကျမ်း၊ မဟာထီးဘုရား သမိုင်းကျမ်း၊ ပါးတော် ဘုရားသမိုင်း ကျမ်း၊ သျှစ်သောင်း ဘုရား သမိုင်းကျမ်း၊  မင်္ဂလာဓာတ် ရွှေကူဘုရားသမိုင်းကျမ်း တို့ကို လင်္ကာ၊ စကားပြေ၊ မော်ကွန်း စသည်တို့ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။
          ဓညဝတီ မဂ္ဂဇင်းတွင် စာတည်း အဖြစ် တာဝန် ယူခဲ့သည်။ ဓညဝတီစာစောင်၊ ဓညဝတီ မဂ္ဂဇင်း၊ ရခိုင်တန်းဆောင် မဂ္ဂဇင်း၊ မန္တလေး ပြည်သူ့ ဂျာနယ်၊ ရန်ကုန် မဂ္ဂဇင်း၊ စုံထောက် မဂ္ဂဇင်း၊ ယဉ်ကျေးမှု စာစောင်၊  ရခိုင် မဂ္ဂဇင်း၊ စစ်တွေ ကောလိပ် မဂ္ဂဇင်း၊ ရခိုင်ပြည်နယ် စာစောင်၊ ဝရာဇ်မြေ မဂ္ဂဇင်း တို့တွင် ဦးဦးသာထွန်း၊ ဦးသူရိန် စသည့် ကလောင်နာမည်များ ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ထို့အပြင် ဆရာ ကြီးမှာ ရခိုင်သမိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး စာအုပ် ပေါင်း မြောက်မြားစွာကို  ရေးသားထုတ်ဝေခဲ့သည်။
  နိုင်ငံခြား သမိုင်းပညာရှင် သုတေသီများနှင့် အတူ ရခိုင်သမိုင်းဆိုင်ရာ စာအုပ်၊ ရခိုင်ဝတ္ထုစာအုပ်၊  ရခိုင်ကဗျာများ စာအုပ်များကိုလည်း ထုတ်ဝေပြုစုရေး သားခဲ့သည်။

          (၁၉၅၉) ခုနှစ်တွင် ရေဒီယိုမှ ရခိုင့်အသံကို  စတင်ထုတ်လွှင့်ခဲ့သည်။ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ၊  ရခိုင်ရိုးရာထုံးတမ်းစဉ်လာများကိုလည်း ကမ္ဘာသိအောင် ရှာဖွေစုဆောင်း ထုတ်ဝေခဲ့သည်။
          ဆရာကြီးသည် ဒီမိုကရေစီရရှိရေး၊ အမျိုးသား တန်းတူရေးအတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တွင် နာယကအဖြစ် ထမ်းဆောင်ခဲ့သည်။ ရခိုင်ပြည် အနယ်အနယ် အရပ်ရပ်သို့ မဲဆွယ်တရားဟော ထွက် စဉ် မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာ မဲဆွယ်တရား ဟောပွဲတွင် ဖမ်းဆီးခံရပြီး ထောင်သွင်း အကျဉ်းချခံခဲ့ ရသည်။ 

          ဆရာကြီးအား အမျိုးသားရေး တရားဟော သည် စသည်ဖြင့် အမျိုးမျိုးစွဲချက်တင်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ မဆလ စစ်အစိုးရ၏ တိုင်းပြည်အပေါ် မတ ရားစော်ကားမှုများကို ဆရာကြီး၏ အချက်ကျကျဝေဖန် ဟောပြောမှုများကြောင့် မဆလ စစ်ဝါဒီများ ဗမာလူမျိုး ကြီးဝါဒီများက အနာပေါ် ဒုတ်ကျသကဲ့သို့ မခံမရပ်နိုင် ဖြစ်ခဲ့ကြရသည်။

          ယင်းကြောင့် ဆရာကြီးအား၊ အငြိုးထားကာ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထောင်ဒဏ် (၃) နှစ်အပြစ် ပေးကာ စစ်တွေထောင်တွင် ချထားခဲ့သည်။ ထောင်ကျ ပြီး (၅) လအကြာ (၁၉၉၀) ဩဂတ်(စ်) (၁၄) ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။

ထောင်ထဲတွင် စစ်ဝါဒီများက ဆရာကြီးအား ထမင်း ကျွေးရာတွင် စိန်အစရှိသော အဆိပ်ပါသည့် အစားအစာများအား နေ့တိုင်းလိုလို အနည်းငယ်မျှ ထည့်ကျွေးကာ လုပ်ကြံခဲ့သည်ဟု ရခိုင်အမျိုးသား အားလုံးက ယုံကြည်နေကြသည်။

          သို့သော် စစ်အုပ်စု၊ စစ်ဝါဒီများက ဆရာကြီး သည် ဦးခေါင်းတွင်သွေး မတိတ်သည့် ရောဂါ (Cere-bral Haemorrhage) ဖြင့်  သေဆုံးခဲ့ရခြင်း ဖြစ် ကြောင်း THE TRUTH အမည်ရှိဆောင်းပါးကို လုပ်ကြံ ဖန်တီး ရေးသားခဲ့သည်။

          ဆရာကြီး ဦးဦးသာထွန်း၏ ရုပ်အလောင်းကို သူ၏ဇာတိ မွေးရပ်မြေ မြောက်ဦးမြို့သို့ ယူဆောင်လာ ပြီး သူအလွန်တန်ဖိုးထားသော ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်း ပုထိုးတော်ကြီး၏  ဘုရားရိပ်တွင်မြေမြှုတ် သင်္ဂြိုဟ်ခဲ့သည်။



စာရေးသူ၏အမြင်….

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် ပြည်ထောင်စု တိုင်းရင်းသား များ မြန်မာပြည် လွတ်လပ်ရေး တောင်းဆိုကြသောအခါ တိုင်းရင်းသားလူမျိုးများက ပိုပြီး စိတ်အားထက်သန်စွာ အသက်ပေးတိုက်ပွဲ ၀င်ခဲ့ကြသည်။ ထိုတိုင်ရင်းသား လူမျိုးထဲတွင် ရခိုင်လူမျိုးများလည်း ပါဝင်ခဲ့သည်။ လွတ်လပ်ရေးရသည့်အချိန်တွင် ရခိုင်လူမျိုးများလည်း ကျန်တိုင်းရင်းသားများနဲ့ တန်းတူ ပြည်နယ်  တောင်းဆို ခဲ့ပါသည်။ သို့သော် ရခိုင်ကို ပြည်နယ်မပေးခဲ့ပါ။


ရှမ်း၊ ကချင်၊  ကရင်တို့ က ပြည်နယ် ခဲ့သည်။ မဆလ အစိုးရတက်လာသောအခါ ရခိုင်ပြည်ကို ပြည်နယ်ပေးအပ်ခဲ့ပါသည်။ သို့သော် တိုင်းနှင့်ပြည်နယ် (၁၄)ခုတွင် ရခိုင်ကပြည်နယ် အလွန်နိမ့်ကျ ဆင်းရဲသော ပြည်နယ် ဖြစ်သည်။ နဝတ/ နအဖ စစ်ဝါဒီများသည် တိုင်းရင်းသားများ မတရား နှိပ်စက် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းများကိုလည်း တိုင်းရင်းသား ဒေသ အသီးသီး တို့တွင် တွေ့ရပါသည်။

လူမျိုးကြီးဝါဒီ တိုင်းရင်းသားများအနိုင်ကျင့် ဗိုလ်ကျမှု မတော် မတရားသတ်ဖြတ်မှု၊ ဖမ်းဆီးထိန်းသိမ်းမှု၊ လက်နက်ကိုင်ပြီး ရမ်းကားမှု၊ ဖိနှိပ် ချုပ်ချယ်မှုတို့ကို နဝတ/ နအဖ စစ်ဝါဒီများ လက်ထက်တွင် တိုင်းရင်းသား လူမျိုးများ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်။ 

ဤအထဲတွင် ရခိုင် - မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း တစ်ယောက်လည်း နဝတ/ နအဖ စစ်ဝါဒီများ၏ မတရားဖမ်းဆီး ခံခဲ့ပြီး ထောင်အတွင်း လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းပင် ဖြစ်ပါသည်။




ထက်မြတ်ခိုင် (ဘူးသီးတောင်)





EmoticonEmoticon

Comments system

Flag Counter