လက်ရှိ ရခိုင်ပြည်တပ်မတော် (ARAKAN ARMY) ပေါ်ပေါက်လာပုံ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သမိုင်းအကျဉ်း
▬▬▬▬▬
★ ၈၈ အရေးတော်ပုံနောက်ပိုင်းတွင်
- ထိုင်း- ဗမာနယ်စပ်၌ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံးး (All Arakan Students’ and Youths’ Congress - AASYC) က ထူထောင်ထားသည့် ရခိုင်မျိုးဆက်သစ်တပ်မတော် (Arakan New Generation Army - ANGA) ၊
- ရခိုင်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (National United Front of Arakan - NUFA) က ထူထောင်ထားသည့် ရခိုင်ပြည်သစ်တည်ဆောက်ရေးတပ်မတော် (New Arakan Construction Army - NACA) နှင့်
- ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (Arakan Liberation Army - ALA) မှ တော်လှန်ရေးလမ်းကြောင်းသစ်ဖာက်လိုသည့် ဗိုလ်ရာဇာဦးဆောင်သော တပ်ဗိုလ်တပ်မှူးများက ထူထောင်လိုက်သည့် ရခိုင်တပ်မတော် (Arakan Army - AA)* တို့ကိုပေါင်းစည်းလျှက် တပ်မတော်သစ်တရပ်ကို ထူထောင်ခဲ့သည်။ အမည်ကို အင်္ဂလိပ် ဘာသာဖြင့် (Arakan Army) ဟုဆက်လက်သုံးစွဲခဲ့သော်လည်း မြန်မာ / ရခိုင် ဘာသာဖြင့် ရခိုင်ပြည်တပ်မတော် ဟုမှန်ကန်စွာ* ပြောင်းလဲသုံးစွဲခဲ့သည်။ ရခိုင်ပြည် / ရခိုင်နိုင်ငံကို Arakan ဟုခေါ်၍၊ ရခိုင်သား / ရခိုင်လူမျိုးကို Arakanese ဟု သုံးစွဲမှ မှန်ကန်ပါသည်။
★ (AASYC) အနေဖြင့် (၁၉၉၅) တွင် ရခိုင်မျိုးဆက်သစ်တပ်မတော် (Arakan New Generation Army - ANGA) ကိုတည်ထောင်ပြီး နောင်တွင် ဗိုလ်ချုပ်ခိုင်ရာဇာ၏ ရခိုင်တပ်မတော် (Arakan Army - AA) နှင့် ရခိုင်ပြည်တပ်မတော် (Arakan Army) အဖြစ် ပေါင်းစည်းပြီး အနောက်ဘက်သို့ဆင်းရာတွင် ဗမာအစိုးရမှ အိန္ဒိယအစိုးရထာက်လှမ်းရေးအား လာဘ်ထိုးပြီးလုပ်ကြံချေမှုန်းခိုင်းသဖြင့် ကျဆုံးခဲ့ရသည်။
★ တဖန် (၂၀၀၅) တွင် ရခိုင်ကျောင်းသားနှင့်လူငယ်တပ်မတော် (Arakan Students’ and Youths’ Army - ASYA) ကိုတည်ထောင်ရန်ကြိုးစားခဲ့သော်လည်း မိမိတို့အခြေစိုက်ထားသည့် မဟာမိတ်နယ်မြေများ (၂၀၀၇) တွင် လက် လွတ်ဆုံးရှုံးခဲ့ရသဖြင့် ပြည်တွင်း၊ ပြည်ပ၌ မဟာမိတ်တချို့နှင့် ပူးတွဲစစ်ဆင်ရေးကိစ္စများကို အကောင်အထည်ဖော်ခဲ့သည်။ ဗမာအစိုးရမှ (၂၀၁၀) ရွေးကောက်ပွဲအပြီး အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် (Border Guard Force - BGF) အဖြစ် ပြောင်းလဲရန်ကြိုးပမ်းလာချိန်မှစ၍ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (Democratic Karen Benevolent Army - DKBA) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army - KNLA) တို့နှင့် ပူးတွဲတိုက်ပွဲဝင်ခဲ့ကာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ (United Nationalities Federal Council - UNFC) တွင် ရခိုင်ပြည်အမျိုးသားကောင်စီ (Arakan National Council - ANC) ၏ အဖွဲ့ဝင်အဖွဲ့အစည်းတခုအနေဖြင့် ပါဝင်လာချိန်မှစ၍ တရားဝင်အမည်ထုတ်ဖော် ရပ်တည်ခဲ့သည်။
★ မိမိတို့အနေဖြင့် ယခုဖော်ထုတ်လိုက်သည့်တပ်ကို ရခိုင်အမျိုးသားတပ်မတော် (Arakan National Army - ANA) ဟုအမည်ပေးရန် စဉ်းစားချက်ရှိခဲ့သော်လည်း ---
(၁) မိမိတို့၏ နောင်တော်ရဲဘော်ရဲဘက်များ ကိုယ်တိုင်ပါဝင်ခဲ့သော၊ နိုင်ငံရေးစစ်ရေးအရစုစည်းမှုကိုကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ခဲ့သော၊ ရခိုင်ပြည်သူလူထုအားအဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေးအတွက် ထူးထူးခြားခြားမျှော်လင့်ချက်ပေးနိုင်ခဲ့သော အစဉ်အလာရှိသည့် ရခိုင်ပြည်တပ်မတော် (Arakan Army) ဆိုသည့် အမည်ကို ဆက်လက်ထိန်းသိမ်းလိုသဖြင့်လည်းကောင်း၊
(၂) ဗမာပြည်၏ တပ်မတော်သည် (Burma Army) ၊ အမေရိကန်၏ တပ်မတော်သည် (U.S Army) စသည်ဖြင့် သက်ဆိုင်ရာတိုင်းနိုင်ငံ၏နောက်မှ Army ဆိုသောစကားလုံးကိုတိုက်ရိုက်ထည့်သွင်းသုံးစွဲသည့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းဖြင့် အံဝင်ခွင်ကျဖြစ်စေရန်လည်းကောင်း၊
(၃) ပြည်သူလူထုနှင့် မဟာမိတ်များအမြင်တွင် မတူကွဲပြားသောအဖွဲ့အစည်းတခု သီးခြားပေါ်ပေါက်လာပြန်ပြီဟု အထင်ရောက်ကာ ရခိုင်အမျိုးသားလက်နက်ကိုင်အင်အားစုများအချင်းချင်း ရန်ဘက်သဘောဆောင်နေသည်ဟု မမြင်စေလိုသဖြင့်လည်းကောင်း၊
(၄) အခြား (Arakan Army) အမည်ကိုခံယူသည့် အဖွဲ့အစည်းများနှင့် နောင်အနာဂါတ်တွင် တဖွဲ့တစည်းတည်း အဖြစ်ပူးပေါင်းဖို့ ညှိနှိုင်းဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်လည်းကောင်း ရည်ရွယ်ပြီး ရခိုင်ပြည်တပ်တပ်မတော် (Arakan Army) ဟူသောအမည်ကိုပေးခဲ့ခြင်းဖြစ်သည်။
★ ရည်ရွယ်ချက်
▬▬▬▬▬▬
(၁) လူမျိုးစုံရခိုင်ပြည်သူလူထုတရပ်လုံးကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး
(၂) အမျိုးသားရေးလက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
(၃) အမျိုးသားရေးဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို မြှင့်တင်ရေး
(၄) ဗမာပြည်ရှိ လူမျိုးစုတိုင်း နိုင်ငံသူ / နိုင်ငံသားတိုင်းအာဏာ ရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေး
(၅) လူသားမျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး
★ သစ္စာအဓိဌာန် (၄) ချက်
▬▬▬▬▬▬▬▬▬▬
(၁) ငါတို့သည် ရခိုင်ပြည်နှင့် ရခိုင်ပြည်သားတို့၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ပါမည်။
(၂) ငါတို့သည် ကျဆုံးလေပြီးသောခေါင်းဆောင်များနှင့် တပ်မတော်သားတို့ကို သစ္စာစောင့်သိပါမည်။
(၃) ငါတို့သည် အထက်အကြီးအကဲကပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါမည်။
(၄) ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့တပ်မတော်အတွက် ငါ့အသွေး ငါ့အသက် ငါ့ခန္ဓာကိုစွန့်လွှတ်ဖို့ အဓိဌာန် ပြုပါသည်။
★ တပ်မတော်ကိုယ်စားပြုသင်္ကေတများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မကိုဋ် သရဖူ ■ အထွတ်အမြတ်ဖြစ်ခြင်း၊ အချုပ်အခြာအာဏာပိုင်ဆိုင်ခြင်း။
ကြယ် ■ ထွန်းလင်းတောက်ပခြင်း။ ကြီးကျယ်ခမ်းနားခြင်း။
ကော်လံတံဆိပ် ■ မကိုဋ်သရဖူဆောင်းထားသည့်ကြယ်။
- အချုပ်အခြာအာဏာပိုင်ဆိုင်ခဲ့စဉ်က ကြီးကျယ်ခမ်းနားခဲ့သည့် အတိတ်ရခိုင်ပြည်အား သတိရတမ်းတခြင်း။
- ကြီးကျယ်ခမ်းနားသည့် ရခိုင်ပြည်သစ်ကို ပြည်လည်တည်ဆောက်ရန် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်အား လိုလားသည့်အာသီသရှိခြင်း။
ကြယ် ■ ထွန်းလင်းတောက်ပခြင်း။ ကြီးကျယ်ခမ်းနားခြင်း။
ဝံလက် ■ တိုက်ရည်ခိုက်ရည်နှင့် ပြည့်စုံသည့် စစ်သည်ရဲမက်။
“သီရီဝစ္ဆ” တံဆိပ်ပါ “နီတိ စန္ဒြ” ဒင်္ဂါးပြား ■ ကြွယ်ဝချမ်းသာခြင်း။
ဦးထုပ်တံဆိပ် ■ ကြယ်တပွင့်အားဦးထိပ်ပန်လျှက် ရခိုင်ဒင်္ဂါးပြားကိုသယ်ဆောင်ပျံသန်းနေသည့် ၀ံလက်ငှက်။
- ရခိုင်စစ်သည်တို့၏ စွမ်းပကားဖြင့် ကြီးကျယ်ခမ်းနားပြီး ကြွယ်ဝချမ်းသာသည့် ရခိုင်ပြည်သစ်အား ပြန်လည်ထူထောင်ရန် ရည်မှန်းချက်။
★ ရခိုင်ပြည်အမျိုးသားကောင်စီ (Arakan National Council-ANC) နှင့် FUA (Federal Union Army) တို့၏ အဖွဲ့ဝင်အဖွဲ့အစည်းတခုဖြစ်သည်။
ဗဟိုစစ်ဌာနချုပ်ရုံး
အရှေ့ဘက်စစ်ဒေသ
ရခိုင်ပြည်တပ်မတော် (ARAKAN ARMY)
EmoticonEmoticon