Showing posts with label ရခိုင်သတင်း. Show all posts
Showing posts with label ရခိုင်သတင်း. Show all posts

ကျောက်တော်မဟာမုနိဘုရားရှေးမူမပျက် လုပ်ဆောင်နေသည့်အပေါ် ဘုရားဂေါပကတချို့ ကန့်ကွက်




ကျောက်တော်မဟာမုနိဘုရားရှေးမူမပျက် လုပ်ဆောင်နေသည့်အပေါ် ဘုရားဂေါပကတချို့ ကန့်ကွက်

အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရားတဆူဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မဟာမုနိ ဘုရားရှေးမူမပျက် လုပ်ဆောင်နေတာနဲ့ပတ်သက်လို့ ကျောက်တော်ဂေါပကတချို့က ကန့်ကွက်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုရားကိုယ်လုံးတော်ပေါ်မှာ စလွယ်သိုင်းတာတွေ၊ လက်ဝတ်ရတနာတွေ၊ နားတောင်း ဝတ်ဆင် ထားတာတွေ၊ နတ်ဝတ်တန်ဆာတွေ၊ ဘုရင်အသုံးအဆောင်တွေနဲ့ ပြည့်နှက်နေလို့ ပြည်သူဆန္ဒနဲ့ ဖြုတ်ချဖို့ ဇန်နဝါရီ ၁ ရက်နေ့က ဆုံးဖြတ်လိုက်ကြတာပါ။

ဒါပေမယ့် လက်ရှိအချိန်ထိဘုရားပေါ်မှာကိုယ်ပေါ်မှာ စလွယ်သိုင်းထားတွေ၊ နားတောင်းဝတ်ဆင်ထား တွေကို ကျောက်တော်ဂါပကအချို့မဖြုတ်ပေးဘူးလို့ ပြောဆိုလိုက်ခြင်းအပေါ် ဒေသခံတွေက ပြန်ပြီးတော့ ကန့်ကွက်နေတာပါ။

ကျောက်တော်မြို့မိမြို့ဖဖြစ်တဲ့ ဦးမောင်ထွန်းခင်က “အခုက နည်းနည်းပါးပါး ရွှေတွေခွာချလို့ပြီးပြီ၊ ဒါပေမယ့် အများကြီးကျန်နေပါသေးတယ်။ ဥပမာ ဘုရားပေါ်က မင်းဝတ်တန်ဆာဝတ်ဆင်ထားတဲ့ စလွယ်သိုင်းထားကို ဖြုတ်ပေးဖို့၊ နောက်တခါ နားတောင်းဝတ်ထားတာတွေ အဲ့ဒါတွေဖြုတ်ပေးဖို့ အပါအဝင် တောင်းဆိုတာပါ။ စစ်အစိုးရလက်ထက်ကတည်းက အဲ့ဒီတွေဝတ်ဆင်တာ။အခု ကျနော်တို့ဖြစ်စေချင်တာ ရှေ့မှုမပျက်ဘဲ မူရင်းအတိုင်း မဟာမုနိဘုရားဖူးမျှော်ချင်တယ်။

ကျနော်တို့ ဒါကို ဘုရားပေါ်ဂေါပကတချို့ စလွယ်သိုင်းတွေမဖြုတ်ပေးဘူးလို့ ပြောတယ်။ အဲ့ဒါတွေ မပါဘူးလို့ ပြောတယ်။”
မဟာမုနိဘုရားပေါ်က တောင်းဆိုချက်တွေ ရှေ့မူမပျက်ဘဲ ဆက်လက်ခွာချပေးဖို့ မနက်ဖြန် ဆန္ဒထုတ်ဖော်မှု တရပ်ကို ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ မုနိမြေသန့်ရှင်းရေးအသင်းမှ ဥက္ကဋ္ဌ ကိုအောင်မြင့်က ပြောပါတယ်။

“ကျနော်တို့ ဖြစ်စေချင်တာအလုပ်တခါတည်း လုပ်စေချင်တယ်။ နောက်တခါ ဒီလိုအခြေအနေဖြစ်ဖို့ ဆိုတာ မလွယ်တော့ဘူး။ ဒါကြောင့် ဒီစလွယ်သိုင်းထားတွေ၊ နားတောင်းဝတ်ဆင်ထားတွေ တခါ တည်းဖြုတ်စေချင်တယ်။

ဒါမှ ရှေးမူအတိုင်းဖြစ်မှာလေ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း အများ သဘောတူတယ် ဆိုရင် ဒါကိုဖြုတ် ပေးဖို့ပြောတယ်။ ရှင်းရှင်းပြောရင်သူတို့ အာဏာတည်မြဲရေး၊ နေရာတွေကိုဖယ်ရမှာစိုးရိမ်လို့ ဒါကိုမဖြုတ် စေချင်တာ ဒီလိုပဲသုံးသပ်တယ်။ တောင်းဆိုချက်အတိုင်း လုပ်ပေးဖို့နဲ့ ကျနော်တို့ မနက်ဖြန်ဆန္ဒထုတ်ဖော်သွားပါ့မယ်။”
ဘရားကိုယ်ပေါ်မှာ စလွယ်သိုင်းထားတာတွေ၊ နားတောင်းဝတ်ဆင်ထားတွေကို အထက်အမိန့်ရ မဖြုတ်ဘူးလို့ ကျောက်တော်မဟာမုနိဘုရားဂါပကဥက္ကဋ္ဌ ဦးညိုသာလှ ပြောပါတယ်။

“ကျနော်တို့ နာယက ၁၀ ဦးနဲ့ဆုံးဖြတ်ချက်ချတာပါ။ ကျနောတို့ ဘုရားပေါ်မှာ စလွဲသိုင်းထားတွေ မဖြုတ်ဘူး။ နောက်ပြီး နားတောင်းဝတ်ဆင်ထားတာတွေ မဖြုတ်ဘူး။ အထက်ကအမိန့်အရ ကျနော်တို့ မဖြုတ်ခိုင်းဘူး။ ပြည်သူလူထုဆန္ဒနဲ့လည်း ကျနော်တို့ မဖြုတ်ဘူး။ အထက်အမိန့်နဲ့ ဒါကို စလွယ်သိုင်း ထားတာကို ဖြုတ်လိုက်ဆိုရင်တော့ ဖြုတ်မယ်။

 အထက်ကအမိန့်ဆိုတာ ဝန်ကြီးချုပ်ကိုပြောတာပါ။ ကျနော်နာယကအဖွဲ့ဝင် ၁၀ ဦးစတင်တဲ့အခါ ပြည်ထောင်စုဝန်ကြီးကလာပြီးတော့ ပြောတာက ရွှေမောက်နေတာတွေကို ဖယ်ရှားလိုက်ပါ။ စလွဲသိုင်းထားတာကိုဖြုတ်လို့ မပါဘူး။ ဒါကြောင့် စလွယ်သိုင်းထားတာကို မဖြုတ်ဘဲ ထားတာပါ။”

ဘုရားကိုယ်ပေါ်မှာဖြုတ်လို့ ရရှိထားတဲ့တွေကိုတော့ လက်ရှိအချိန်မှာ မဟာမုနိဘုရားပေါ်က မီးခံသေတ္တာမှာ စနစ်တကျ သိမ်းဆည်းထားပြီး ဘုရားပေါ်က ရွှေတွေကိုဆက်လက်ခွာချနေတယ်လို့ သူက ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဦးကျော်အေးသိန်း ရောက်ရှိလာပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် မဟာမုနိဂေါပကအဖွဲ့တွေ၊ မြို့မိမြို့ဖတွေ၊ ရှေးဟောင်း သုတေသနဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုမှာ မဟာမုနိဘုရားပေါ်မှာ ရွှေတွေကိုခွာချဖို့ ဆုံးဖြတ်လိုက်တာပါ။

ကျောက်တော်မဟာမုနိဘုရားမှာ ရွှေပြား၊ ရွှေသင်္ကန်း ကပ်မှုတွေကြောင့် လက်မောင်းတော်ကြီး ထွားလာတာ ဗိုက်တွေ ဖောင်းလာတာ။ ရင်ဘက်တော်တွေ မို့လာတာတွေ ဖြစ်ပေါ်ခဲ့ပြီး၊ လက်ရှိအချိန်ထိတော့ ပြီးစီးနိုင်ခြင်း မရှိသေးပါဘူး။



http://burmese.dvb.no/archives/184448


ဒေါ်အောင်ဆန်းစုကြည် အလွန် ငြိမ်းချမ်းရေးအတွက် ဘယ်သူရှိသလဲ




ဒေါ်အောင်ဆန်းစုကြည် အလွန် ငြိမ်းချမ်းရေးအတွက် ဘယ်သူရှိသလဲ

ကမ္ဘာ့နိုင်ငံအသီးသီးမှတချို့ သောနိုင်ငံများတွင် ပြည်တွင်းစစ်ဖြစ်ပွားလျက်ရှိပြီးတချို့သောနိုင်ငံများမှာ ပြည်တွင်းစစ်မရှိသည့်အတွက် နိုင်ငံဖွံ့ဖြိုးရေးကဏ္ဍများ ကို ဦးစားပေးလုပ်ဆောင်နေခြင်းကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်လာနိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၇ဝ နီးပါး ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းအောင် ဦးစားပေးလုပ် ဆောင်နေရခြင်းေ ကြာင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍအား လုပ်ဆောင်နိုင် ခြင်းမရှိဘဲ နိမ့်ကျသောနိုင်ငံတစ်နိုင်ငံအ ဖြစ် ရပ်တည်နေရပြီး အဘက်ဘက်က လိုအပ်မှုများရှိနေသည်။

ထို့ကြောင့် မိမိတို့ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇ဝ နီးပါး ဖြစ်ပွားလာသည့် ပြည်တွင်းစစ်ကို အဆုံးသတ်ချုပ် ငြိမ်းအောင် လုပ်ဆောင်နိုင်မှ သာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်မည်ဖြစ်ရာ မည်သို့ ဖြေရှင်းဆောင်ရွက်နေသနည်း၊ မည်သို့ ဆောင်ရွက်မှ အဖြေရမည်နည်း၊ မည်သူ က ဦးဆောင်ဖြေရှင်းဆောင်ရွက်နေသနည်း စသည့်မေးခွန်းများ ရှိလာသည်။

မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေ သော ပြည်တွင်းစစ်သည် အာဏာလုပွဲနှင့် အစိုးရဖြုတ်ချရေးစစ်ပွဲမဟုတ်ဘဲ လူမျိုး တစ်မျိုး(ဝါ) မျိုးနွယ်စုတစ်စု ကိုယ့်ကံ ကြမ္မာကိုယ်ဖန်တီးရေးနှင့် လူသားတစ်ဦးအရ ရပိုင်ခွင့်အခွင့်အရေးများ လက်ဝယ်ပိုင်ဆိုင်ခြင်းဖြင့် အသက်ရှင်ရပ်တည်နိုင် ရေး အတွက် တောင်းဆို တိုက်ပွဲဝင်နေသော ပြည်တွင်းစစ်များဖြစ်သည်။ ၁၉၄၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ရောင်စုံ သူပုန်တိုက်ပွဲသည် အစိုးရဖြုတ်ချရေး အဆင့်ဖြစ်ခဲ့သော်လည်း ယနေ့ပြည်တွင်း စစ်မှာ ဒီအဆင့်မဟုတ်ပါ။
ဦးနေဝင်း အုပ်ချုပ်ခဲ့ပြီးနောက် ဦးသန်းရွှေလက်ထက်အထိ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်များမှာ ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီ ၁၂ ရက်တွင်ချုပ်ဆိုခဲ့သော ပင်လုံ ကတိကဝတ်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး တိုက်ပွဲဝင်တောင်းဆိုလာသည့် ပြည်တွင်းစစ်သာဖြစ်သည့် အတွက် အလယ်အလတ်အဆင့် သတ်မှတ်ရမည်လား သို့မဟုတ် အနည်းအငယ် ပြည်တွင်းစစ်အဖြစ်သာ သတ်မှတ်ရမည်လား အားလုံးစိတ်ထဲမှာ အဖြေရှာနိုင်ပါ သည်။

မည်သို့ပင်ဆိုစေ နှစ်ပေါင်း မြောက်မြားစွာ သက်ဆိုးရှည်နေသော ပြည်တွင်းစစ်ကို ချုပ်ငြိမ်းရန် ဆောင်ရွက် ပေးမည့် ခေါင်းဆောင်ကောင်း တစ်ယောက် မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိပြီး ပြည်သူ လူထုတစ်ရပ်လုံးကလည်း တောင်းတနေ ကြသည်။

အဆိုပါပြည်တွင်းစစ်ကို ချုပ် ငြိမ်းရန်အတွက် ၁၉၆၂ ခုနှစ် ဦးနေဝင်း၏ တပ်မတော်အစိုးရ (လူထုအခေါ်-စစ် အစိုးရ)လက်ထက်တွင် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲကြောင်း ကြေညာ၍ လက်နက်ကိုင်အဖွဲ့များဖြင့် ငြိမ်းချမ်းရေးရယူ နိုင်ရေး ကြိုးစားခဲ့သကဲ့သို့ ဦးသန်းရွှေ လက်ထက်၌ လက်နက်ကိုင်အဖွဲ့များအား ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့် တပ်(BGF) ပြောင်းလဲကြရေး ချဉ်းကပ် မှုဖြင့် ငြိမ်းချမ်းရေးရယူနိုင်ရေး ကြိုးစား ခဲ့သည်။

သို့သော် ငြိမ်းချမ်းရေးရယူနိုင် ခြင်းမရှိသကဲ့သို့ ပြည်တွင်းစစ်များလည်း ချုပ်ငြိမ်းခဲ့ခြင်း မရှိခဲ့ပေ။ ထို့နောက် ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ဦး သိန်းစိန်သည် သမ္မတအဖြစ် ရာထူးတာဝန်ကို လက်ခံရယူခဲ့ပြီး ဒီမိုကရေစီနိုင်ငံအဖြစ် ပထမဆုံး အသက်သွင်း၍ ဒီမိုကရေစီ စံနှုန်းအတိုင်း ငြိမ်းချမ်းရေးကို လမ်းဖွင့် ဖိတ်ခေါ်ခဲ့သည်။

၂ဝ၁၁ ခုနှစ် သြဂုတ် ၁၈ ရက် တွင် သမ္မတဟောင်းဦးသိန်းစိန်သည် တစ် နိုင်ငံလုံးသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်း လှမ်းခဲ့ပြီး ရန်သူမှမိတ်ဆွေ၊ မိတ်ဆွေမှ မိသားစုဝင်အဖြစ် သတ်မှတ်ကာ မျက်နှာချင်းဆိုင်ထိုင်စားပွဲဝိုင်းပေါ်၌ လိုအပ်ချက် နှင့် လိုလားချက်များကို ပွင့်ပွင့်လင်း လင်း ဆွေးနွေးခဲ့သည်။
အဆိုပါလိုအပ်ချက်နှင့် လိုလားချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာခဲ့ပြီးနောက် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့ဖြင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်အပစ်အခတ်ရပ်စဲရေးလက်မှတ် များကို အသီးသီးရေးထိုးခဲ့ကြ သကဲ့သို့ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်)ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ကာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် မှာ ထို ၁၄ ဖွဲ့ထဲမှ RCSS/SSA, KNU, KNU, KNLA-PC, DKBA, PNLO, CNF, ABSDF, ALP တို့ လက်မှတ် ရေးထိုး ခဲ့သည်။

ကျန်ငါးဖွဲ့အနက် UWSA, NDAA တို့က ပြည်နယ်အဆင့်၊ ပြည် ထောင်စုအဆင့်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးလက်မှတ် ရေးထိုးထားသကဲ့သို့ ၂၇ နှစ်နီးပါး(ယနေ့အချိန်အထိ) တပ်မတော် နှင့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိအောင် ထိန်းသိမ်းထားနိုင်ခြင်းကြောင့် NCA ထိုးရန်မလိုဟုဆိုကာ ကျန်ခဲ့ပြီး NSCN-K(နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ကပ်ပလန်)မှာ ၄င်းတို့အဖွဲ့တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှု အနည်းအကျဉ်း ရှိ နေသေးသည့်အတွက် လက်မှတ်မထိုးဘဲ ကျန်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် SSPP/SSA, NMSP နှင့် KNPP တို့မှာုKIA ဦး ဆောင်သော UNFC (ညီညွတ်သောတိုင်း ရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ) အဖွဲ့ဝင်များဖြစ်သည့်အတွက် UNFC ၏ အားလုံးပါဝင်ရေးမူအရ WNO, ANC, LDU, AA, MNDAA, TNLA တို့ ပါဝင်လက်မှတ်ရေးထိုးခွင့်ရမှ ထိုးမည် ဆိုသည့်အတွက် ကျန်နေခြင်းဖြစ်သည်။

KIA ကိုတော့မူ အစိုးရနှင့် တပ်မတော်က NCA လက်မှတ်ရေးထိုးရန် တရားဝင်ခွင့်ပြုထားသည့်အတွက် အထွေအထူး ဆွေးနွေးရန် မလိုအပ်ပေ။ ထိုခြောက်ဖွဲ့အနက် WNO, ANC, LDU တို့မှာ ထိန်းချုပ်နယ်မြေမရှိခြင်း၊ လူအင်အားမှာ တစ်ဖွဲ့လျှင် အယောက် ၇ဝ တောင် မရှိခြင်း၊ လက်နက်အင်အားမရှိခြင်း၊ တပ်မတော်နှင့် တိုက်ပွဲများမရှိခြင်း စသည့် အကြောင်းအရာများကြောင့် ပါဝင်လက် မှတ်ရေးထိုးရန် မလိုအပ်ကြောင်း သို့မဟုတ်ပါက လူအင်အား ၃ဝဝ ကျော် ၅ဝဝ ဝန်းကျင်ရှိသည့်အဖွဲ့များကပါ ပါဝင်ခွင့်များ တောင်းဆိုလာမည်ဆိုလျှင် အားလုံးရှုပ် ထွေးသွားနိုင်သည့် အတွက် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရက ပါဝင်ခွင့်မပြုခဲ့ပေ။

အလားတူ TNLA, MND-AA, AA တို့ကိုမူ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ လအတွင်းက MNDAA သည် လောက် ကိုင်ဒေသသို့ တိုက်ပွဲများ ဖန်တီး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်လာနိုင်ရေး ကြိုးစားမှုမှာ အချုပ်အခြာအာဏာကို တိုက်ခြင်းဖြစ်ကြောင်း တပ်မတော်မှ မှတ်ယူကာ ပါဝင်ခွင့်မပြုနိုင်ကြောင်း တရားဝင် ငြင်းဆန်ခဲ့သလို TNLA, AA တို့ကို လည်း ကူညီတိုက်ခိုက်ပေးခဲ့သည်ဟုဆို ပြီး ပါဝင်ခွင့်မပြုဘဲ ချန်ထားခဲ့သည်။

ထို့နောက် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) အနိုင်ရရှိခဲ့ပြီး အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းခဲ့၍ ငြိမ်းချမ်းရေးကိုလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆွေးနွေးလျက်ရှိသည်။

ယခင် သမ္မတဟောင်းဦးသိန်း စိန်အစိုးရလက်ထက်တွင် ကျန်ရှိခဲ့သော ငြိမ်းချမ်းရေးအမွေအနှစ်ကို ဒေါ်အောင် ဆန်းစုကြည်က လက်လွှဲရယူ ၍ ဆွေးနွေး ညှိနှိုင်းနေခြင်းကြောင့် တပ်မတော်သည် အရပ်သားစစ်စစ်အစိုးရဖြစ်သည့်အတွက် ယခင်က ပါဝင်ခွင့်မပြုနိုင်ဟု တရားဝင် ငြင်းပယ် ထားသော TNLA, MNDAA, AA တို့ ပါဝင်လာနိုင်ရေးလမ်းကြောင်း တစ်ရပ် ဖွင့်ပေးခဲ့သည်။

ထိုလမ်းကြောင်းပွင့်လာသည့်အတွက် အစိုးရသစ်၏ ငြိမ်းချမ်းရေးကော်မရှင်သည် ၂ဝ၁၅ ခုနှစ် သြဂုတ်လက TNLA, MNDAA, AA တို့နှင့် မိုင်းလား မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရကိုယ်စားလှယ်များက အပိုဒ်ငါးပိုဒ်ပါဝင်သော သဘောတူညီချက်တစ်ရပ်ကို ချပြဆွေး နွေးခဲ့ကြောင်း သိရသည်။

အဆိုပါအပိုဒ်ငါးပိုဒ်အနက် လေးပိုဒ်ကို သဘောတူညီမှုရယူနိုင်ခဲ့ပြီး နောက်ဆုံးအပိုဒ်မှာ နှစ်ဖက်တွေ့ဆုံဆွေး နွေးမှုကို ဟန့်တားသွားစေခဲ့သည်။ ထို အချက်မှာ အစိုးရကိုယ်စားလှယ်ဘက်မှ 'လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်/ချုပ်ငြိမ်းလိုသည့်ဆန္ဒ အပြည့်အဝ ရှိပါသည် ဆိုသော ကြေညာချက်ထုတ်ပြန် ပေးရန် တောင်းဆိုထားရာ မဟာမိတ်သုံးဖွဲ့ဘက်မှ 'လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင် ချုပ်ငြိမ်းရန် ဆန္ဒအပြည့် အဝရှိသည်' ဟုသာ ထုတ်ပြန်ပေးနိုင်ကြောင်း ပြန်လည် ပြောဆိုလာခြင်းကြောင့် သဘောတူညီမှု မရရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင် လာခွင့် မရဖြစ်နေခြင်းဖြစ်သည်။

ဤကဲ့သို့ ဖြစ်ပေါ်နေသော အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံးပုံစံဖြင့် ကြိုးစားဆောင်ရွက်ပေးနေသော်လည်း အဆင်မပြေ ဖစ် နေသကဲ့သို့ လက်မှတ်မရေးထိုးရသေး သည့် KIA, TNLA, AA, MNDAA တို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင် ပြည်နယ်တို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။
သို့သော် UNFC အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသော KIA, SSPP, NMSP, KNPP, WNO, ANC, LDU, TNLA, MNDAAတို့အနေဖြင့် လူထု ကိုယ်စားလှယ်လည်းဖြစ် နိုင်ငံတကာမှ ထောက်ခံမှုရှိသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ လက်ထက်တွင် ငြိမ်းချမ်းရေး ရယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။

သို့မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည်အလွန် ငြိမ်းချမ်းရေးကို မည်သူ ဦးဆောင်မလဲ စဉ်းစားကြည့်ခြင်းဖြင့်ပင် မရေမရာ ငြိမ်းချမ်းရေးပုံစံအဖြစ် အသွင် ပြောင်းလဲကာ ရရှိပြီးသားအခွင့်အရေးများ ပြန်လည်ဆုံးရှုံးသွားနိုင်ပြီး ငြိမ်းချမ်း ရေးခရီး အဆုံးသတ်သွားမည့်အခြေအနေ သို့ မရောက်ရှိရေး၊ လက်မှတ်မရေးထိုးရ သေးသော လက်နက်ကိုင်အဖွဲ့များဘက်မှ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ပြည်တွင်း/ပြည်ပ ထောက်ခံမှုအားကောင်းလှသော လူထုကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာပင် ငြိမ်းချမ်းရေးရရှိအောင် မစွမ်းဆောင် နိုင်ခဲ့ပါက လက်နက်ကိုင်အဖွဲ့များ၏ ရပ်တည်ချက်အပေါ် လူထုမှ မေးခွန်းထုတ်လာနိုင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ အပေါ်မှာလည်း မေးခွန်းထုတ်လာ နိုင်ပါသည်။

ထို့ကြောင့် လက်မှတ်မရေး ထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ နှင့် လူထုကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်တို့အနေဖြင့် မာနပြိုင်ဆိုင်ခြင်း ထက် ငြိမ်းချမ်းရေးကို မည်သူ(ဝါ)မည် သည့်အဖွဲ့က အရင်ဆုံးရယူနိုင်သည်ဆို ကြောင်း ပြိုင်ဆိုင်မှုကိုသာ ပြည်သူလူထု တစ်ရပ်လုံးမှ လိုလားေ တာင့်တနေကြပြီး ဒေါ်အောင်ဆန်းစုကြည်အလွန် ငြိမ်းချမ်း ရေးကို မည်သူဦးဆောင်မလဲဆိုခြင်းအ ပေါ်မှာ စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ေ ပါ် နေခြင်းအား အဆုံးသတ်ပေးရန် လိုအပ် နေကြောင်း သတိပြုစေလိုပါသည်။

ချစ်မင်းထွန်း ၊ Flower News Journal

https://www.facebook.com/YangonMediaGroup/photos/a.335477406471186.83922.334119789940281/1426326000719649/?type=3&theater


ဘူးသီးတောင်နဲ့ စစ်တွေကို မစ္စယန်ဟီးလီ သွားရောက်




ဘူးသီးတောင်နဲ့ စစ်တွေကို မစ္စယန်ဟီးလီ သွားရောက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့အောက်တိုဘာလက တပ်မတော်သားနဲ့ ရဲတပ် ဖွဲ့ဝင်တွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့တာတွေဟာ လက်ခံနိုင်စရာမရှိတဲ့ ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တယ်လို့ ကောက် ချက်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီ က ပြောခဲ့တယ် လို့ ရွှေစေတီကျောင်း ဆရာတော် အရှင်အရိယဝံသ က မိန့်ပါတယ်။

ဒီနေ့ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်မှာ မစ္စယန်ဟီးလီက လာရောက် တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဆရာတော် အရှင်အရိယဝံသ က မိန့်ပါတယ်။

"မောင်တောနဲ့ ဘူးသီးတောင်ဖြစ်စဉ်မှာ ဘင်္ဂါလီတွေဘက်က အကြမ်းဖက်တာတို့၊ တပ်မတော်တို့ ရဲဝန်ထမ်း တို့ကို လည်လှီးသတ်ဖြတ်တာတို့ကို တွေ့ခဲ့ရတာဟာ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒါကို တော်တော် ဆိုးဝါးတဲ့လုပ်ရပ်ဆိုတာကို စိတ်ပျက်စရာကောင်းတယ်ဆိုတာကို သူကမှတ်ချက်ချတယ်လေ"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘူးသီးတောင်မြို့နယ်ကနေ ဒီနေ့ စစ်တွေမြို့ကို လာရောက်ခဲ့တာဖြစ်ပြီး စစ်တွေအကျဉ်းထောင်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အနေနဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့် ရခဲ့ကြောင်းနဲ့ သူ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ဖက်လူ့အခွင့်အရေးရရှိဖို့အတွက် ဆောင်ရွက်နေတယ်ဆိုတာ ကို ယုံကြည်ပေးဖို့ ရွှေစေတီကျောင်းဆရာတော်ထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မစ္စယန်ဟီးလီဟာ အခုလ ၁၃ ရက်နေ့ကနေ ဒီနေ့အထိ ၄ ရက်ကြာ ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့ တာဖြစ်ပြီး စစ်တွေမြို့မှာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့သလို အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ဒေသခံတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ် ပါတယ်။


http://www.rfa.org/…/yangheelee-butheetaung-trip-0116201706…


အပစ်မရပ်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ချင်းမိုင်တွင် ဆွေးနွေး




အပစ်မရပ်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ချင်းမိုင်တွင် ဆွေးနွေး

မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေး အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးဖို့ နှစ်ဖက်ကိုယ်စားလှယ်တွေ တရက်တာ အလွတ်သဘော တွေ့ဆုံမှာ ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေးကော်မတီ (JMC) ကိစ္စလည်းဆွေးနွေးဖို့ရှိတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးအောင်ကြည် အပါအဝင် ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကျော်လင်းဦးတို့ ကိုယ်စားပြုဆွေးနွေးကြမှာဖြစ်ပြီး ဒီပီအန် ကိုယ်စားလှယ်အဖွဲ့ကတော့ ခူးဦးရယ်၊ ဗိုလ်ချုပ်ဂွန်မော်၊ နိုင်ဟံသာတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နှစ်ဖက်တွေ့ဆုံမှုက အလွတ်သဘော တွေ့ဆုံမှုဆိုပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့နဲ့ တကယ်ဆွေးနွေးတဲ့ပွဲတွေမှာလည်း အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ချက်နဲ့ အခုလို အလွတ်သဘောတွေ့ဆုံမှုကို ကျင်းပပြုလုပ်ရတာဖြစ်တယ်လို့ သက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေဆီကစုံစမ်းသိရပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက် ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ)ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်)နဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့တို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က ရန်ကုန်မှာ နောက် ဆုံးတွေ့ဆုံခဲ့ပါတယ်။



http://burmese.dvb.no/archives/183828



Yanghee Lee ရခိုင်မှာ ဒေသခံတွေနဲ့တွေ့ဆုံ




Yanghee Lee ရခိုင်မှာ ဒေသခံတွေနဲ့တွေ့ဆုံ

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ ဘူးသီးတောင်နဲ့ မောင်တောမြို့တို့ကို သွားလေ့လာခဲ့ပြီး ရခိုင်နဲ့ မူစလင် နှစ်ဖက် အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ် ခရီးစဉ်ကို အစိုးရက တာဝန်ယူဆောင်ရွက်ပေမယ့်လို့ ဒေသခံ ရွာသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ လုံခြုံရေးတွေ လိုက်ပါမလာဖို့အတွက် Ms.Yanghee Lee က တောင်းဆိုခဲ့တဲ့အကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံကို ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ မနေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာ ရခိုင်ပြည် မြောက်ပိုင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြတဲ့ မောင်တောနဲ့ ဘူးသီးတောင် ဒေသတို့ကို ဒီကနေ့မှာ သွားရောက်ခဲ့ပြီး နှစ်ဖက်အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးခွဲရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

“ဒီနေ့က ခြင်္ကာလီရွာရယ်၊ နောက်အဲဒီက ကိုးတံကောက်ရွာရယ်၊ အဲဒီ ခြင်္ကာလီရွာ၊ အဲဒီရွာတွေကိုရော.. နောက် အဲဒီက IDP camp ရော၊ ဘူးသီးတောင်မှာရောပေါ့၊ မောင်တောမှာ ညအိပ်မယ်။ မောင်တောကနေဆက်ပြီးတော့ ဘူးသီးတောင်ကိုသွားမယ့်ခဏထမင်းစားပြီးတော့ ဘူးသီးတောင်သွားတယ်။

ဘူးသီးတောင်ကနေ ဒီနေ့မောင်တောကို ပြန်နေတယ်အခု။ ”
Ms.Yanghee Lee ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မစခင်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ယူဆရတဲ့နေရာတွေကို သွားရောက်လေ့လာဖို့ စီစဉ်ခဲ့ပေမယ့်လို့ ကချင်ပြည်နယ်ဘက်က လိုင်ဇာနဲ့ ဖားကန့်ဒေသတို့ကို အစိုးရက သွားခွင့် မပြုခဲ့ပါဘူး။ ဒါ့အပြင် အလုပ်အကျဉ်းစခန်းတွေထဲမှာ ဆိုးဝါးတဲ့ အခြေအနေမှာ ရှိနေပြီး အကျဉ်းသားတွေကို အခုထက်ထိ ခြေကျင်းခတ် အလုပ်စေခိုင်းတယ်လို့ ပြောဆိုမှုတွေ ရှိနေတဲ့ မွန်ပြည်နယ်က ဇင်းကျိုက် ကျောက်ထုတ် အကျဉ်းစခန်းကို သွားရောက်လေ့လာခဲ့ပေမယ့်လို့ Ms.Yanghee Lee လာရောက်တဲ့နေ့မှာ ကျောက်ထုတ်စခန်းမှာ အလုပ်သမားတွေကို အလုပ်ခိုင်းစေခြင်း မပြုခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ ကုလအထူးကိုယ်စားလှယ်ဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ကို လေ့လာဖို့အတွက် ရောက်ရှိနေတာပါ။ ဒီခရီးစဉ်အတွင်း Ms.Yanghee Lee ရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူထားပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးက ဦးဆောင်ကာ တာဝန်ယူဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်စိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမင်းအောင်က ပြောပါတယ်။

“ပြည်နယ်အစိုးရကနေပြီးတော့ အဆင်ပြေပြေဖြစ်ဖို့အတွက် ကျနော်တို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးနေလင်းကိုသူနဲ့အတူတူသွားဖို့.. ဟို.. လိုက်ပါပြီးတော့ သူ့ရဲ့ လိုအပ်ချက်တွေပေါ်မှာ လိုက်ပါဆောင်ရွက်ပေးနေတယ်လေ ။ပြည်နယ်အစိုးရအဖွဲ့ရဲ့ဝန်ကြီးတယောက်ကလေ”
အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်တပ်တွေကို အကြမ်းဖက်သမားတွေ ၀င်ရောက်တိုက်ခိုက်ခဲ့ရာကနေ အစပြုခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက တစ်လျှောက်လုံး ဝေဖန်ခဲ့ကြတဲ့ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေကို ကုလအထူးကိုယ်စားလှယ် Ms.Yanghee Lee ကိုယ်တိုင် သွားရောက်လေ့လာနေတာဖြစ်ပါတယ်။

သူ့အနေနဲ့ အစိုးရရဲံ လုံခြုံရေးတွေနဲ့ အဲဒီ့ဒေသတွေကို သွားရောက်ရမှာဖြစ်တာကြောင့် နှစ်ဖက်အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံတဲ့အခါမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးပြောဆိုမှုတွေ ရှီနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိပေမယ့်လို့ Ms.Yanghee Lee ကတော့ သူရဲ့ ဒီတစ်ခေါက် ခရီးစဉ် ပြီးဆုံးအောင်အထိ စောင့်ကြည့်ဖို့ လိုပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လို့ မနေ့က ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့ဆုံစဉ်မှာတော့သူ့အနေနဲ့ ဒေသခံ ရွာသားတွေနဲ့ ပြောဆိုမေးမြန်းတဲ့အခါမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လိုက်ပါမလာဖို့ တောင်းဆိုခဲ့တယ်လို့ ဦးမင်းအောင်က ပြောပါတယ်။

“ ရွာတွေမှာ သူသွားတဲ့ရွာ၊ သူရောက်တဲ့ရွာမှာ သူနဲ့ နီးနီးကပ်ကပ်မနေဖို့ပေါ့၊ တပ်မတော် ဒါမှမဟုတ် ရဲတပ်ဖွဲ့ဝင်တွေ သူမေးမြန်းစုံစမ်းတဲ့နေရာမှာ လာပြီးတော့ နီးနီးကပ်ကပ်မနေဖို့၊ ဝေးဝေးမှာနေပြီးတော့ သူ့ဘာသာ လွပ်လွပ်လပ်လပ် မေးမြန်းမယ်၊ မေးချင်တဲ့လူကို မေးမယ်၊ မမေးချင်တဲ့လူကို မမေးဘူး။ လုံခြုံရေးအပိုင်းကနေပြီးတော့ လိုက်ပါဖို့မလိုဘူးဆိုတာလေးကို သူက အသိပေးထားတာပေါ့နော်။ အဲတာမျိုးလေးတွေပြောတာပါ။ မနေ့က။”

Ms. Yanghee Lee ဟာ မြန်မာနိုင်ငံကို လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သတ်လို့ လာရောက်လေ့လာတာ ဒါဟာ ငါး ကြိမ်မြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီလ ၁၈ ရက်နေ့မှာတော့ ကုလအထူးကိုယ်စားလှယ်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားဖို့ ရှိပါတယ်ခင်ဗျာ။



http://burmese.voanews.com/a/3676225.html


သွေးမျက်ရည် ကမ္ဗည်းထိုးတဲ့….ဒီဇင်ဘာ ၃၁







သွေးမျက်ရည် ကမ္ဗည်းထိုးတဲ့….ဒီဇင်ဘာ ၃၁

အို….ဒီဇင်ဘာ ၃၁
ထီးနန်းလည်းဆုံး၊ လူမျိုးလည်းတုံး
သမိုင်းစာပေ၊ ဘုရားပုထိုး
ယဉ်ကျေးမှုကိုလည်း အတင်းအားဓမ္မ ခိုးယူ
ရခိုင်ပြည် နန်းတော် မီးရှို့ခံရ
ဒီလောက်ထိ ရက်စက်လေသလား….ဒီဇင်ဘာ။

အို…..ဒီဇင်ဘာ ၃၁
သဇင်ပန်းတွေကြွေခဲ့တယ် ဒီဇင်ဘာ
သဇင်ပန်းသစ်တွေ မြေခ ခဲ့တယ် ဒီဇင်ဘာ
ပွင့်သစ်စ သဇင်ပန်းလေးတွေ ဘာအငြိုးကြောင့်
ဖျက်ဆီးတာလည်း ဒီဇင်ဘာ
ဆောင်းလေကြမ်းတိုက် ရက်စက်ပါဘိ …… ဒီဇင်ဘာ။

အို…….ဒီဇင်ဘာ ၃၁
တိုင်းပြည်တပြည် ပျောက်ဆုံးသွားတဲ့ …ဒီဇင်ဘာ
လူမျိုးတစ်မျိုးလုံး ကျွန်ပြုခံတဲ့… ဒီဇင်ဘာ
ရင် ကို ဓားနဲ့ခွဲ မီးတောက်ထဲလဲကျတဲ့ …..ဒီဇင်ဘာ
သွေးအိုင်ထဲ ငိုခဲ့ဖူးတဲ့ …ဒီဇင်ဘာ
သဇင်မြေခ သွေးချောင်းစီးတဲ့ … ဒီဇင်ဘာ။

အို…ဒီဇင်ဘာ ၃၁
မီးလေကြမ်းတိုက် သွေးပင်လယ်ဖြစ်တဲ့ …ဒီဇင်ဘာ
သမိုင်းထက်က သွေးရင်ပြင် တိုးတဲ့ ….ဒီဇင်ဘာ
လူမျိုးတစ်မျိုး ငိုတဲ့ ….ဒီဇင်ဘာ
မှောင်မဲတွင်းနက် ငါငိုတဲ့ ည၊ သွေးပျက်တဲ့ ည …. ဒီဇင်ဘာ
ကမ္ဘာကြေလို့ ….မေ့အပ်တဲ့လား…. ဒီဇင်ဘာ ၃၁။

အို…ဒီဇင်ဘာ ၃၁
အို….ဒီဇင်ဘာ ၃၁
အို….ဒီဇင်ဘာ ၃၁
ငါတို့ ရင်ကွဲ….
သွေးမျက်ရည်နဲ့ ကမ္ဗည်းထိုးခဲ့လေပြီ။


                                                                                 ထက်မြတ်ခိုင်(ဘူးသီးတောင်)

ရခိုင်ပြည် အချုပ်အခြာအာဏာ ကျဆုံးခြင်း အတွက် ၀မ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ်







ရခိုင်ပြည် အချုပ်အခြာအာဏာ ကျဆုံးခြင်း အတွက် ၀မ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ်

·         ရခိုင်လူမျိုးသမိုင်း ကို နောက်ပြန်လှည့်ကြည့်ခြင်း
 ရခိုင်တို့သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုးကွယ်ယုံကွယ်မှု၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ့်စာပေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ဖန်တီးခွင့် ရှိပြီး လွတ်လပ်စွာ နေထိုင်ခဲ့သည့် လူမျိုး တစ်မျိုး ဖြစ်သည်။ ရခိုင်လူမျိုးတို့ လွတ်လပ်စွာ ကိုယ့်ထီးနန်းနဲ့ နေလာခဲ့တာ နှစ်ပေါင်းငါးထောင်ကျော် ရှည်ကြာခဲ့သည်။ ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ရခိုင်ဆိုသော နာမ ၀ိသေသအတိုင်း “အမျိုးသီလ၊ နှစ်ဌါနကို၊ ပြည့်ဝမဏ္ဏိုင်၊စောင့်စွမ်းနိုင်သည် ရခိုင်နာမ ဘွဲ့ မည်လှဖြင့် အနန္တာသညှာခေါ်အပ်ရာတည်း”လို့လည်း သျှင်ရာဂိန္ဒမော်ကွန်းတွင် ဖွင့်ဆိုထားသည်။

ဗုဒ္ဓဘာသာ အစဉ်အလာ
ဓည၀တီက စ ခဲ့တယ်။
သဇင်ပန်းခိုင် တမြိုင်မြိုင်
ရခိုင်ဘုရားပေါင်းတည်း။
ဟူ၍လည်း သမိုင်းမှတ်တမ်းများမှာ တွေ့ရပါတယ်။ သို့သော် လက်ရှိအချိန်ထိလည်း ရခိုင်ပြည်နေရာအနံှံ့မှာ ရခိုင်လူမျိုးတို့ ကိုးကွယ် ယုံကြည်သော ဘုရား၊ ပုထိုး၊ ရှေ့ဟောင်းလက်ရာ၊ ရခိုင်လူမျိုး၊ ရခိုင်သမိုင်း၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်စာပေတွေကို နေရာ အနှံ့မှာ တွေ့ရပါလိမ့်မယ်။ ရခိုင်လူမျိုးတို့သည် ၁၇၈၄ခု၊ ဒီဇင်ဘာ ၃၁ ရက်၊ ၁၁၄၆ခု၊ ပြာသိုလဆုတ် ၆ ရက် သောကြာနေ့ မတိုင်ခင် ရခိုင်တို့သည် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု နဲ့ နေလာခဲ့တဲ့ လူမျိုးတစ်မျိုး ဖြစ်ပါတယ်။ ရခိုင်လူမျိုးတို့သည် သမိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ဖန်တီးခွင့် နဲ့ လွတ်လပ်တဲ့ လူမျိုးတစ်မျိုး ဖြစ်ပါတယ်။

·         ရခိုင်ပြည် အချုပ်အခြာအာဏာ ကျဆုံးခြင်း

ရခိုင်ပြည်တွင် မဟာသမ္မတရာဇာမင်း (၁ရ၈၂-၁ရ၈၄) စိုးစံအုပ်ချုပ်စဉ် အချိန်ကာလာဖြစ်သည်။
နှစ်ပေါင်းငါးထောင်ကျော် ရှည်ကြာလာခဲ့ရသည့် ရခိုင်သမိုင်း၊ ရခိုင်မင်းဆက် မဟာသမ္မတရာဇာမင်း အဆုံးသတ်ခဲ့ပြီး ရခိုင်ပြည်ကြီးနှင့် အတူ မဟာမြတ်မုနီ အသိမ်းခံရသည်။
 ၁၇၈၄ခု၊ ဒီဇင်ဘာ ၃၁ ရက်၊ ၁၁၄၆ခု၊ ပြာသိုလဆုတ် ၆ ရက် သောကြာနေ့သည် ရခိုင်တို့၏ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု နဲ့ သမိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ဖန်တီးခွင့် နဲ့ လွတ်လပ်တဲ့ လူမျိုးတစ်မျိုးဘ၀ကနေပြီး၊ ကျွန်ဘ၀ကို ရောက်ခဲ့ရသည်။
ဗမာ ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမားတို့သည် ရခိုင်ပြည်ကို သိမ်းပိုက်ပြီး ကျူပင်ခုတ်ကျူငုတ်မကျန်ရ
ဆိုသည့် စကားအတိုင်း ရခိုင်ပြည်၌ တွေ့သမျှ၊ မြင်သမျှများနှင့် ရခိုင်လူမျိုးတို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ရခိုင်ပြည်တွင်ရှိသော ရခိုင်ရွှေနန်းတော်၊ ပိဋကတ်တိုက်တော်၊ ဘုန်းတော်ကြီးကျောင်း အကြီး(၃၀)၊ အငယ်(၃၀၀၀) ကျော်ကို မီးလျှို့ဖျက်ဆီးခဲ့သည်။ ဗမာ ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမား တို့သည် ပုခက်တွင်းရှိ ကလေး သူငယ်များ ကိုမချန် သတ်ဖြတ်သည်။

သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်းတည်း။
အုန်းပွင့်ပန်းခိုင် တမြိုင်မြိုင် မြောက်ဦးမြို့ ဘုရားပေါင်းတည်း။
ဝါ၀ါဝင်းဝင်း မြစ်ကိုဆင်း မြောက်ဦးခေတ် ဿံဃာတော် အပေါင်းတည်း။
ပန်းပဉ္ဇူ ကြိုင်ကြိုင်မွီး နောက်ဆုံးမြောက်ဦး ရခိုင်ဘုရင် မင်းဆက်တည်း။
တင်းဝါးပန်းခိုင် တမြိုင်မြိုင် ဗမာ ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမားတို့ ရခိုင်ပြည်သူတွေကို သတ်ခဲ့တဲ့ လူဦးရေတည်း။
ဗမာ ပဒေသရာဇ်ကျူးကျော်နယ်ချဲ့သမားတို့သည် ရခိုင်ပြည်၌ အထင်ကရ များစွာကို ဖျက်ဆီးပစ်ကြသည်။ ဗမာပြည်ထဲကို ယူဆောင်သွားကြသည်။
၁။မဟာသမတရာဇာနှင့်မိဖုရား၊သားတော်သမီးတော်များ။
၂။မူးတော်မတ်တော်နှင့်ပရောဟိတ်ပညာရှိများ။
၃။ရဟန်းပညာရှိလူပညာရှိများ။
၎။လက်မှု့ပညာသည်များ(ပန်းထိမ်၊ပန်းရံ၊လက်သမား)။
၅။မဟာမုနိရုပ်ပွါးတော်နှင့်မြောက်များစွာသောအခြားရုပ်ထုတော်များ။
၆။ဘုရင့်ဘဏ္ဍာတော်တိုက်မှအဖိုးမဖြတ်နိုင်သောပတ္တမြားနှင့်နန်းစဉ်ရတနာများ။
ရ။ဗေဒင်ကျမ်း၊ဆေးကျမ်း၊နက္ခတ်ကျမ်း၊စသည့်ပရပိုက်များ။
၈။ရခိုင့်သမိုင်းစဉ်ကိုပြုစုထားသည့်ပရပိုက်များ။
၉။သံဃာယနာတင်ပိဋကပ်သုံးပုံ။
၁၀။ရခိုင့်ရွှေနန်းတော်မှကြေးဝါအမိုးပြားများ။
၁၁။သန်မာထွားကျိုင်း၍အလုပ်လုပ်နိုင်သောပြည်သူ(၃၀၀၀၀)
၁၂။အလျားအတောင်(၂၀)၊လုံးပတ်(၆)တောင်မျှရှိသောအမြောက်ကြီးများနှင့်အခြားအ
မြောက်ပေါင်း(၂၀၀၀)၊စိန်ပြောင်းအလတ်(၁၀၀၀၀)စသောသက်ရှိသက်မဲ့မြောက်များစွာ
တို့ကိုဗမာပြည်သို့ယူဆောင်သွားခဲ့ကြပြီး ဗမာ(မြန်မာ)မှု့ လုပ်လုပ်ထားကြသည်။
သို့သော် ရခိုင်ပြည် ထီးနန်း ကျဆုံးခြင်းသည် ကံမကောင်း အကြောင်း မလှ၍ကား မဟုတ်ပါ။  ရခိုင်လူမျိုးတို့ လိုအပ် ချက်ကြောင်းသာဖြစ်သည်။ နန်းတွင်းညီညွတ်ရေး ပြိုကွဲမှုကြောင်း အချုပ် အခြာအာဏာ ကျဆုံးခဲ့ရသည်။ ရခိုင်လူမျိုးအချင်းချင်း ညီညွတ်မှုကို မတည်ဆောက်နိုင်သောကြောင်းသာဖြစ်သည်ဟု ရှုမြင်မိပါသည်။ ညီညွတ်မှုကို မတည်ဆောက်နိုင်သောကြောင်း ရခိုင်ထီးနန်း၊ ဘုရားပုထိုး၊ စေတီ၊ ကျောင်းကန်၊ ဇရပ်၊ စာပေ၊ ယဉ်ကျေးမှု၊ ရခိုင်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့သည်လည်း ဗမာနယ်ချဲ့ ကျူးကျော်သူတို့၏ လက်ထဲ၌ ပါသွားခဲ့ပြီး ထီးနန်းနဲ့ ရခိုင်လူမျိုး အသက်ပေါင်းစွာနှင့် မသိနားမလည်သေးသော ပုခတ်တွင်း ကလေးငယ်များ မကန် ပေးဆပ်ခဲ့လိုက်ရပြီကို သမိုင်းစာပေအထဲတွင် သာမက ရခိုင်လူမျိုးတို့ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါလိမ့်မည်။
ရခိုင်ပြည်ကြီးသည်လည်း  ၁၇၈၄ခု၊ ဒီဇင်ဘာ ၃၁ ရက်၊ ၁၁၄၆ခု၊ ပြာသိုလဆုတ် ၆ ရက် သောကြာနေ့ ရက်မှ စ၍ ယနေ့ထိတိုင်အောင် ပြည်ဖုံးကားချပ် တပြည်လုံးအမှောင်ဖုံးကာ ယနေ့ထိတိုင်အောင် ကျွန်ဘ၀နဲ့ မလွတ်မြောက်နိုင်ပဲ ရခိုင်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စာပေ၊ ယဉ်ကျေးမှုတို့သည်လည်း နစ်မြုပ်တိမ်ပျောက်လုဆဲပင် ဖြစ်သည်။




 ကိုးကား

ထက်မြတ်ခိုင် (ဘူးသီးတောင်)





Comments system

Flag Counter