Showing posts with label ရခိုင့်ယဉ်ကျေးမှု. Show all posts
Showing posts with label ရခိုင့်ယဉ်ကျေးမှု. Show all posts

The Tashkent Files (2019) မြန်မာစာတန်းထိုး


The Tashkent Files (2019) မြန်မာစာတန်းထိုး

လုံးဝ လက်မလွှတ်သင့်တဲ့ စကားမို့ဘာသာပြန်ဆရာများကို လေးစားတဲ့ အနေနဲ့ တင်ပေးလိုက်တာပါ။


IMDb- 8.1/10
နိုင်ငံတိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့သမိုင်းဆိုတာ ရှိတတ်ကြမယ်ထင်ပါတယ်…
ဒီဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေထဲက တစ်ဦးလို့ ပြောလို့ရတဲ့
ဝန်ကြီးချုပ် လာ ဗဟာဒူး ရှာစရီသေဆုံးခြင်းအကြောင်း စုံစမ်းစစ်ဆေးမှုကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်…
လာ ဗဟာဒူး ရှာစရီဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်ပြီး အင်ဒီ-ပါကစ္စတန်စစ်ပွဲမှာ သူ့ကြောင့် အိန္ဒိယက အနိုင်ရခဲ့တယ်လို့ဆိုပါတယ်…
1966 ခုနှစ် ပါကစ္စတန်နဲ့ သဘောတူစာချုပ်လက်မှတ်ထိုးဖို့ တာရှီကန်မှာ ရှိနေခဲ့တဲ့အချိန်မှာ ရုတ်တရက် သေဆုံးခဲ့ပါတယ်



သူ့ရဲ့သေဆုံးမှုဟာ နှလုံးဖောက်မှုကြောင့် သဘာဝအတိုင်းသေတာလား ..
အဆိပ်ခတ်မှုကြောင့်လား မရေရာဖြစ်ခဲ့ပြီးတော့ နှစ်ပေါင်း ၅၀ကြာတဲ့အထိ သမိုင်းဖျောက်ခံထားခဲ့ရပါတယ်…
အရမ်းကို စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာကောင်းပြီး နိုင်ငံရေးအချက်အလက်တွေ
သမိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေအများကြီးပါတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်…
နိုင်ငံရေးစိတ်ပါဝင်စားသူတွေ ကမ္ဘာ့သမိုင်းစိတ်ဝင်စားသူတွေသဘောကျကြမယ့်ဇာတ်ကားဖြစ်ပြီး
ဇာတ်ကားထဲမှာပြောကြတဲ့ ဒိုင်ယာလော့တွေကလည်း မှတ်သားစရာသိပ်ကောင်းတာမို့ ကိုယ်တိုင်ပဲကြည့ှ်ရှုခံစားကြပါ…


CREDIT :


haibeiapp@gmail.com
Privacy Policy
Room 502, Bank of America Tower, No.12 Harcourt Road, Central

ကျောက်တော်မဟာမုနိဘုရားရှေးမူမပျက် လုပ်ဆောင်နေသည့်အပေါ် ဘုရားဂေါပကတချို့ ကန့်ကွက်




ကျောက်တော်မဟာမုနိဘုရားရှေးမူမပျက် လုပ်ဆောင်နေသည့်အပေါ် ဘုရားဂေါပကတချို့ ကန့်ကွက်

အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရားတဆူဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မဟာမုနိ ဘုရားရှေးမူမပျက် လုပ်ဆောင်နေတာနဲ့ပတ်သက်လို့ ကျောက်တော်ဂေါပကတချို့က ကန့်ကွက်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုရားကိုယ်လုံးတော်ပေါ်မှာ စလွယ်သိုင်းတာတွေ၊ လက်ဝတ်ရတနာတွေ၊ နားတောင်း ဝတ်ဆင် ထားတာတွေ၊ နတ်ဝတ်တန်ဆာတွေ၊ ဘုရင်အသုံးအဆောင်တွေနဲ့ ပြည့်နှက်နေလို့ ပြည်သူဆန္ဒနဲ့ ဖြုတ်ချဖို့ ဇန်နဝါရီ ၁ ရက်နေ့က ဆုံးဖြတ်လိုက်ကြတာပါ။

ဒါပေမယ့် လက်ရှိအချိန်ထိဘုရားပေါ်မှာကိုယ်ပေါ်မှာ စလွယ်သိုင်းထားတွေ၊ နားတောင်းဝတ်ဆင်ထား တွေကို ကျောက်တော်ဂါပကအချို့မဖြုတ်ပေးဘူးလို့ ပြောဆိုလိုက်ခြင်းအပေါ် ဒေသခံတွေက ပြန်ပြီးတော့ ကန့်ကွက်နေတာပါ။

ကျောက်တော်မြို့မိမြို့ဖဖြစ်တဲ့ ဦးမောင်ထွန်းခင်က “အခုက နည်းနည်းပါးပါး ရွှေတွေခွာချလို့ပြီးပြီ၊ ဒါပေမယ့် အများကြီးကျန်နေပါသေးတယ်။ ဥပမာ ဘုရားပေါ်က မင်းဝတ်တန်ဆာဝတ်ဆင်ထားတဲ့ စလွယ်သိုင်းထားကို ဖြုတ်ပေးဖို့၊ နောက်တခါ နားတောင်းဝတ်ထားတာတွေ အဲ့ဒါတွေဖြုတ်ပေးဖို့ အပါအဝင် တောင်းဆိုတာပါ။ စစ်အစိုးရလက်ထက်ကတည်းက အဲ့ဒီတွေဝတ်ဆင်တာ။အခု ကျနော်တို့ဖြစ်စေချင်တာ ရှေ့မှုမပျက်ဘဲ မူရင်းအတိုင်း မဟာမုနိဘုရားဖူးမျှော်ချင်တယ်။

ကျနော်တို့ ဒါကို ဘုရားပေါ်ဂေါပကတချို့ စလွယ်သိုင်းတွေမဖြုတ်ပေးဘူးလို့ ပြောတယ်။ အဲ့ဒါတွေ မပါဘူးလို့ ပြောတယ်။”
မဟာမုနိဘုရားပေါ်က တောင်းဆိုချက်တွေ ရှေ့မူမပျက်ဘဲ ဆက်လက်ခွာချပေးဖို့ မနက်ဖြန် ဆန္ဒထုတ်ဖော်မှု တရပ်ကို ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ မုနိမြေသန့်ရှင်းရေးအသင်းမှ ဥက္ကဋ္ဌ ကိုအောင်မြင့်က ပြောပါတယ်။

“ကျနော်တို့ ဖြစ်စေချင်တာအလုပ်တခါတည်း လုပ်စေချင်တယ်။ နောက်တခါ ဒီလိုအခြေအနေဖြစ်ဖို့ ဆိုတာ မလွယ်တော့ဘူး။ ဒါကြောင့် ဒီစလွယ်သိုင်းထားတွေ၊ နားတောင်းဝတ်ဆင်ထားတွေ တခါ တည်းဖြုတ်စေချင်တယ်။

ဒါမှ ရှေးမူအတိုင်းဖြစ်မှာလေ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း အများ သဘောတူတယ် ဆိုရင် ဒါကိုဖြုတ် ပေးဖို့ပြောတယ်။ ရှင်းရှင်းပြောရင်သူတို့ အာဏာတည်မြဲရေး၊ နေရာတွေကိုဖယ်ရမှာစိုးရိမ်လို့ ဒါကိုမဖြုတ် စေချင်တာ ဒီလိုပဲသုံးသပ်တယ်။ တောင်းဆိုချက်အတိုင်း လုပ်ပေးဖို့နဲ့ ကျနော်တို့ မနက်ဖြန်ဆန္ဒထုတ်ဖော်သွားပါ့မယ်။”
ဘရားကိုယ်ပေါ်မှာ စလွယ်သိုင်းထားတာတွေ၊ နားတောင်းဝတ်ဆင်ထားတွေကို အထက်အမိန့်ရ မဖြုတ်ဘူးလို့ ကျောက်တော်မဟာမုနိဘုရားဂါပကဥက္ကဋ္ဌ ဦးညိုသာလှ ပြောပါတယ်။

“ကျနော်တို့ နာယက ၁၀ ဦးနဲ့ဆုံးဖြတ်ချက်ချတာပါ။ ကျနောတို့ ဘုရားပေါ်မှာ စလွဲသိုင်းထားတွေ မဖြုတ်ဘူး။ နောက်ပြီး နားတောင်းဝတ်ဆင်ထားတာတွေ မဖြုတ်ဘူး။ အထက်ကအမိန့်အရ ကျနော်တို့ မဖြုတ်ခိုင်းဘူး။ ပြည်သူလူထုဆန္ဒနဲ့လည်း ကျနော်တို့ မဖြုတ်ဘူး။ အထက်အမိန့်နဲ့ ဒါကို စလွယ်သိုင်း ထားတာကို ဖြုတ်လိုက်ဆိုရင်တော့ ဖြုတ်မယ်။

 အထက်ကအမိန့်ဆိုတာ ဝန်ကြီးချုပ်ကိုပြောတာပါ။ ကျနော်နာယကအဖွဲ့ဝင် ၁၀ ဦးစတင်တဲ့အခါ ပြည်ထောင်စုဝန်ကြီးကလာပြီးတော့ ပြောတာက ရွှေမောက်နေတာတွေကို ဖယ်ရှားလိုက်ပါ။ စလွဲသိုင်းထားတာကိုဖြုတ်လို့ မပါဘူး။ ဒါကြောင့် စလွယ်သိုင်းထားတာကို မဖြုတ်ဘဲ ထားတာပါ။”

ဘုရားကိုယ်ပေါ်မှာဖြုတ်လို့ ရရှိထားတဲ့တွေကိုတော့ လက်ရှိအချိန်မှာ မဟာမုနိဘုရားပေါ်က မီးခံသေတ္တာမှာ စနစ်တကျ သိမ်းဆည်းထားပြီး ဘုရားပေါ်က ရွှေတွေကိုဆက်လက်ခွာချနေတယ်လို့ သူက ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဦးကျော်အေးသိန်း ရောက်ရှိလာပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် မဟာမုနိဂေါပကအဖွဲ့တွေ၊ မြို့မိမြို့ဖတွေ၊ ရှေးဟောင်း သုတေသနဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုမှာ မဟာမုနိဘုရားပေါ်မှာ ရွှေတွေကိုခွာချဖို့ ဆုံးဖြတ်လိုက်တာပါ။

ကျောက်တော်မဟာမုနိဘုရားမှာ ရွှေပြား၊ ရွှေသင်္ကန်း ကပ်မှုတွေကြောင့် လက်မောင်းတော်ကြီး ထွားလာတာ ဗိုက်တွေ ဖောင်းလာတာ။ ရင်ဘက်တော်တွေ မို့လာတာတွေ ဖြစ်ပေါ်ခဲ့ပြီး၊ လက်ရှိအချိန်ထိတော့ ပြီးစီးနိုင်ခြင်း မရှိသေးပါဘူး။



http://burmese.dvb.no/archives/184448


ရခိုင်ပြည်တပ်မတော် (Arakan Army) သည် ရခိုင်တစ်မျိုးသားလုံး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် တိုက်ပွဲဝင် နီရေ တပ်မတော်တစ်ခု ဖြစ်ပါရေ





၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ တွင် ရခိုင်ပြည်တပ်မတော် (Arakan Army) သည် ရခိုင်ပြည်သူလူထု နဲ့ တွေ့ဖို့ စစ်တွေမြို့ ကို လာခါ ကြိုဆိုနီကတ်ရေ စစ်တွေမြို့က ပြည်သူတိ ဖြစ်ပါရေ ၊ ရခိုင်ပြည်တပ်မတော် ( Arakan Army) ရေ ရခိုင်လူထု၏ လူနီမူ့ ဘဝအခြေအနီ နှင့် အမျိုးသားလုံခြုံ ရေး
အခြေအနီ တိကို လက်တွေ့ ကျကျ သိနိုင်စီဖို့အတွက် ပြည်သူ့ရင်ခွင်ထဲကို
လာရောက်ခစွာ ဖြစ်ပါရေ ။ ရခိုင်ပြည်တပ်မတော်( Arakan Army) လာ
ရေခါ အားရဝမ်းသာကြိုဆိုကတ်ရေ အနယ်နယ်အရပ်ရပ် မှ ရခိုင်ပြည်သူတိ အားလုံး ကို ရခိုင်ပြည်တပ်မတော် ( Arakan Army) မှ အထူးပင် ဂုဏ်ယူ
မှတ်တမ်း တင်ရှိပါရေ ။


ရခိုင်ပြည်တပ်မတော် (Arakan Army) သည် ရခိုင်တစ်မျိုးသားလုံး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် တိုက်ပွဲဝင် နီရေ တပ်မတော်တစ်ခု ဖြစ်ပါရေ

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး





ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

ဒေါ်အောင်ဆန်းစုကြည် ရေးသည်။
(အင်္ဂလိပ်ဘာသာဖြင့် ၁၉၉၁ ခုနှစ်၌ ထုတ်ဝေသော စာအုပ်မှ စာမျက်နှာ ၁၈၀-၁၈၅ ကို မြန်မာပြန်သည်။)

လူတို့အားအဂတိလိုက်စား ဖောက်ပြားစေသည်မှာ အာဏာမဟုတ်၊ စိုးရိမ်ကြောက်ရွံ့ခြင်းပင် ဖြစ်ပါသည်။ အာဏာလက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာ လက်ကိုင်ထားသူတို့အား ဖောက်ပြန်စေသည်။

မြန်မာအများစုသည် အဂတိတရားလေးပါးနှင့် အကျွမ်းတ၀င်ရှိကြပါသည်။ အလိုဆန္ဒကြောင့် ဖောက်ပြန်မှု(ဆန္ဒဂတိ) ဟူသည်မှာ တံစိုးလက်ဆောင်ကို လိုချင်၍၄င်း၊ မိမိချင်ခင်သူများအကျိုးအတွက်၎င်း၊ မှန်ကန်သော လမ်းကြောင်းမှ သွေဖည်သွားခြင်းဖြစ်ပါသည်။ ဒေါသဂတိဆိုသည်မှာ မိမိမုန်းတီးသူများကို ရန်ငြှိုးလုပ်လိုသဖြင့် လမ်းမှားသို့ ရောက်သွားခြင်း ဖြစ်ပါသည်။ မောဟဂတိဆိုသည်မှာ မသိနားမလည်မှုကြောင့် ဖောက်ပြန်သွားခြင်းဖြစ်ပါသည်။ သို့သော်လည်း ဤဂတိလေးပါးထဲတွင် အဆိုးဝါးဆုံးမှာ ဘယာဂတိဖြစ်ဖွယ်ရာ ရှိပါသည်။ အကြောင်းမှာ ကြောက်ရွံ့မှု(ဘယာ) သည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သည့် စွမ်းရည်အားလုံးကို နစ်မွန်းအောင်ပြု၍ တဖြည်းဖြည်း ပျက်စီးစေသည့်အပြင် အခြားအဂတိသုံးပါး၏ မူလအရင်းအမြစ်လည်း ဖြစ်တတ်ပါသည်။

လောဘသက်သက်ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါက ဆန္ဒဂတိသည် ချို့တဲ့မည်ကို ကြောက်ရွံ့ခြင်း၊ မိမိချစ်ခင်သူများ၏ မေတ္တာ၊ စေတနာ ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သကဲ့သို့ မိမိထက်သာသွားမည်ကို ကြောက်ရွံ့ခြင်း၊ အနှိမ်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ နစ်နာမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ကလည်း ဒေါသဂတိကို ဖြစ်စေပါသည်။ ကြောက်ရွံ့မှုအချုပ်အနှောင်မှ လွတ်ကင်းစွာ အမှန်တရားကို လွတ်လွတ်လပ်လပ် မရှာနိုင်မချင်း မောဟကို ဖယ်ထုတ်ရန် ခက်ခဲမည် ဖြစ်ပါသည်။ ကြောက်ရွံ့မှုနှင့် ဖောက်ပြန်မှုတို့သည် အလွန်နီးကပ်စွာ ဆက်သွယ်နေသဖြင့် နေရာအနှံ့အပြား၌ ကြောက်ရွံ့နေရသော လူ့အဖွဲ့အစည်းတိုင်းတွင် ဖောက်ပြန်မှုမျိုးစုံတို့သည် နက်ရှိုင်းစွာ အခြေစိုက်လာပါသည်။

၁၉၈၈ ခုနှစ် ကျောင်းသားဆန္ဒပြပွဲများမှ စတင်ခဲ့သော မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှု၏ အဓိကအကြောင်းရင်းသည် စီးပွားရေးအခက်အခဲ အကျပ်အတည်းများအပေါ် ပြည်သူလူထုက မကျေနပ်ချက်ပင် ဖြစ်သည်ဟု အများက ယူဆကြပါသည်။ စပ်ဟပ်၍ မရသော လမ်းစဉ်များ၊ မဆီလျော်သော အရေးယူဆောင်ရွက်မှုများ၊ တနေ့တခြား တိုးပွားနေသော ငွေကြေးဖောင်းပွမှု၊ ၀င်ငွေ၏၀ယ်အားကျဆင်းမှု စသည်တို့ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သဖြင့် တပြည်လုံးစီးပွားရေး ကစဥ့်ကလျားဖြစ်နေရသည်မှာ မှန်ကန်ပါသည်။

သို့သော်လည်း ရိုးရာဓလေ့အရ သဘောကောင်းပြီး ဆိတ်ငြိမ်စွာနေတတ်သော ပြည်သူတို့၏ သည်ခံနိုင်မှုတရား ပျက်ပြားသွားရခြင်းမှာ လက်ခံနိုင်လောက်သော လူနေမှုအဆင့်အတန်းကို ရရှိနိုင်ရန်ပင် ခက်ခဲစွာ ရုန်းကန်လှုပ်ရှားရ၍သာ မဟုတ်။ ကြောက်ရွံ့မှု၊ ဖောက်ပြန်မှုတို့ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေရသည့် ဘ၀၏ ရှက်ဖွယ်ရာ အနေအထားကြောင့်လည်း ဖြစ်ပါသည်။

ကျောင်းသားများသည် ၄င်းတို၏ အပေါင်းအဖော်များ သေဆုံးရသည်ကိုသာ ကန့်ကွတ်ဆန္ဒပြနေသည်မဟုတ်ပဲ ပစ္စုပ္ပန်ဘ၀ကို အဓိပ္ပါယ်ကင်းမဲ့စေပြီး အနာဂတ်အတွက်လည်း မျှော်လင့်ချက်မပေးနိုင်သော အာဏာရှင်စနစ်က ၄င်းတို့၏ အသက်ရှင်သန်ပိုင်ခွင့်ကိုပင် ငြင်းဆန်နေသည်ကို ကန့်ကွတ်နေကြခြင်းပင် ဖြစ်ပါသည်။ ထို့ပြင် ကျောင်းသားတို့၏ ကန့်ကွတ်တောင်းဆိုမှုများသည် ပြည်သူလူထု၏ မချင့်မရဲ မခံချင်စိတ်များကို ပီပီသသ ထုတ်ဖော်ပြောဆိုနေသကဲ့သို့ ဖြစ်လေရာ ဆန္ဒပြပွဲများသည် နိုင်ငံတ၀ှမ်းလျှင်မြန်စွာ ပြန့်နှံ့သွားပါသည်။

ဤလှုပ်ရှားမှုကို စိတ်အထက်သန်ဆုံး ကူညီထောက်ခံကြသူများထဲတွင် စီးပွားရေး လုပ်ငန်းရှင်အချို့လည်း ပါဝင်ပါသည်။ ၄င်းတို့သည် ဖောက်ပြန်သောစနစ်တွင် ရှင်သန်ရပ်တည်နိုင်ရေးအတွက်သာမက ကြီးပွားချမ်းသာရေးအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အဆက်အသွယ် ရရှိထားကြသူများပင် ဖြစ်ပါသည်။

သို့သော်လည်း ၄င်းတို့၏ ကြွယ်ဝချမ်းသာမှုက ၄င်းတို့ကို စစ်မှန်သော လုံခြုံမှုကိုသော်၎င်း၊ ကျေနပ်မှုကိုသော်၎င်း မပေးနိုင်ပါ။ တိုင်းသူပြည်သားအားလုံး ဆင်းရဲချမ်းသာမရွေး ထိုက်ထိုက်တန်တန် အသက်ရှင်သန်လိုသည်ဆိုပါက တာဝန်ရှိသော အုပ်ချုပ်ရေးစနစ် တရပ်ကား အနည်းဆုံး လိုအပ်ချက်ဖြစ်သည်ဟု ၄င်းတို့က မသိပဲ မနေနိုင် ဖြစ်လာရပါသည်။

အာဏာရှင်တို့ လက်ခုပ်ထဲမှ ရေကဲ့သို့ မလှုပ်နိုင်မရှားနိုင် စိုးရိမ်ကြောက်ရွံ့နေရသော မလုံခြုံသောဘ၀ကို မြန်မာပြည်သူပြည်သားတို့ ငြီးငွေ့လာကြပါသည်။

လက်ခုပ်ထဲက
ရေဘ၀မို့
ငါတို့အေးမြရသော်လည်း…
လက်ခုပ်ထဲက
ဖန်ကွဲစတွေ
ငါတို့ဖြစ်လိုက်ချင်ပါဘိ..
(မောင်သာယာ၏ တော်လှန်ရေးဆိုတာ မှ)

အသေးငယ်ဆုံးသော ဖန်စကလေးများသည်ပင်လျှင် ၄င်းတို့၏ စူးရှချွန်ထက်ပြောင်လက်သော စွမ်းအင်ဖြင့် ၄င်းတို့အား ချေမှုန်းမည့် လက်တို့အန္တရာယ်မှ ၄င်းတို့ကိုယ် ၄င်းတို့ ကာကွယ်နိုင်စွမ်းရှိခြင်းသည် ဖိနှိက်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားနေသူများ၏ အရင်းအနှစ်ဖြစ်သော သူရသတ္တိနှင့် ထင်ရှားသော သင်္ကေတများဖြစ်သည်ဟု ယူဆနိုင်ပါသည်။ မိမိကိုယ်မိမိ တော်လှန်ရေးသမားဟု ယူဆပြီး မြန်မာနိုင်ငံရင်ဆိုင်နေသော ပြဿနာများကို အဖြေရှာရာ၌ မနေမနားကြိုးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းက သတ္တိ၊ ဗျတ္တိရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်း မိမိတို့ကိုယ်တိုင် သတ္တိ၊ ဗျတ္တိရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျနော်တို့အားလုံး လွတ်လပ်ရေး အစစ် ခံစားခွင့်ရကြပေလိမ့်မည် ဟု ပြောဆိုခဲ့ပါသည်၊ (အလယ်ပစ္စယံ ညီလာခံမိန့်ခွန်း- ၂၀-၁-၄၆)

နေ့စဉ်ဘ၀ရပ်တည်ရေးအတွက် ကြောက်ရွံ့နေကြရသော ပတ်ဝန်းကျင် အခြေအနေတွင် မဖောက်ပြန်ရလေအောင် မည်မျှကြိုးစားအားထုတ်ရသည်ကို တရားဥပဒေအရ အုပ်ချုပ်သော နိုင်ငံများတွင် ကံအားလျော်စွာ နေထိုင်နေရသူများအဖို့ အလွယ်တကူသိမြင်နိုင်မည် မဟုတ်ပါ။

တရားမျှတသော ဥပဒေဟူသည်မှာ အပြစ်ကျူးလွန်သူတို့ကို မျက်နှာမလိုက်ပဲ အပြစ်ဒဏ်ခတ်၍ ဖော်ပြန်မှုကို တားဆီးကာကွယ်ခြင်းသာမဟုတ်ပါ။ ဖောက်ပြန်သော အလေ့အကျင့်များကို အားမကိုးပဲ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရန်အတွက် အခြေခံလိုအပ်ချက်များကို ပြည်သူတို့က ဖြည့်ဆည်းပေးနိုင်စေမည့် လူ့အဖွဲ့အစည်းကို တည်ထောင်ရာတွင် တရားမျှတသော ဥပဒေများက အထောက်အကူပြုနေခြင်းပင် ဖြစ်ပါသည်။

ဤသို့တရားမျှတသော ဥပဒေများမရှိသည့် နေရာဒေသများတွင်မူ တရားမျှတမှုနှင့် ဟီရိသြတ္တပ္ပ တရားတို့နှင့် ကိုက်ညီသော ကျင့်စဉ်တို့ကို ခုခံကာကွယ်ရန် တာဝန်သည် သာမန်ပြည်သူတို့အပေါ်တွင် ကျရောက်လာပါသည်။ ပြည်သူတို့၏ အဆက်မပြတ် ကြိုးပမ်းမှုနှင့် တည်ကြည်စွာ ခံနိုင်ရည်ရှိမှုများ၏ စုပေါင်းအကျိုးဆက်များသည် ကြောက်ရွံ့မှုကြောင့် ဆင်ခြင်တုံတရားနှင့် အဆိုးအကောင်း သိတတ်သော စိတ်ဓါတ်တို့ ပျက်ပြားနေရသည့် နိုင်ငံတွင် လူသားတို့၏ ဆိုးသွမ်းသော စရိုက်ကို ထိန်းချုပ်ပြီး ၄င်းတို့၏ တရားမျှတမှုနှင့် ညီညွတ်မှုလိုလားသော စိတ်များကို အားပေးနိုင်မည့် ဥပဒေစည်းမျဉ်းများ စိုးမိုးသော နိုင်ငံအဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။

အတတ်ပညာ အလွန်အမင်း ထွန်းကားသော ခေတ်တွင် တီထွင်ထားသည့် သေစေနိုင်သော လက်နက်များကို အားနည်သူနှင့် အကူအညီမဲ့သူတို့အား လွှမ်းမိုးကြီးစိုးရာတွင် အင်အားကြီးသူ၊ အာဏာ ရှိသူနှင့် တရားလက်ကိုင်မရှိသူတို့က အသုံးပြုနိုင်ကြပါသည်။

ထို့ကြောင့် တိုင်းနိုင်ငံအသီးသီးတွင်၎င်း၊ အပြည်ပြည်ဆိုင်ရာ အဆင့်တွင်၎င်း ၊ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားကို ပိုမိုနီးကပ်စွာ ဆက်စပ်ထားရန် အလွန်ပင် လိုအပ်နေပါသည်။ ဘာသာအယူဝါဒမရွေး၊ လူမျိုးမရွေး၊ နိုင်ငံမရွေး လူသားအားလုံး ရပိုင်ခွင့်ရှိသော အခြေခံ လွတ်လပ်မှုများနှင့် အခွင့်အရေးများကို မြှင့်တင်ရန် လူတိုင်း ၊ အဖွဲ့အစည်းတိုင်း ကြိုးပမ်းအားထုတ်သင့်သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ထုတ်ပြန်ကျေညာထားပါသည်။

သို့သော်လည်း လတ်တလော အကျိုးအမြတ်ကို ရေရှည်သာယာဝပြောရေးနှင်း ငြိမ်းချမ်းရေးတို့ထက် ပို၍ ဦးစားပေးသော ကိုယ်ကျိုးရှာ အုပ်စုများကို အခြေပြု၍၄င်း၊ ပြည်သူလူထုပေးထားသော လုပ်ပိုင်ခွင့်အပေါ်တွင် အခြေမခံပဲ အတင်းအဓမ္မ လုပ်မှုအပေါ်တွင် တည်ဆောက်ထားသော အစိုးရများ ရှိနေသမျှကာလပတ်လုံး လူ့အခွင့်အရေးများကို ကာကွယ် မြှင့်တင်ရန်အတွက် အပြည်ပြည်ဆိုင်ရာက စုပေါင်းအရေးယူ ဆောင်ရွက်ခြင်းဟူသည်မှာ တပိုင်းတစသာ အကောင်အထည်ဖော်နိုင်သော ရည်မှန်းချက်အဆင့်တွင် တည်ရှိနေမည်သာ ဖြစ်ပါသည်။ လူ့မိသားစုဝင်အဖြစ် ရရှိထားသော မိမိနှင့်ခွဲခြား၍မရသော အခွင့်အရေးများကို ကာကွယ်ရာတွင် ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေကြရသူများက မိမိတို့ကိုယ်မိမိတို့ အားကိုး၍ ရုန်းကန်ကြိုးပမ်းနေရသည့် နေရာဒေသများမှာမူ ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။

အစစ်မှန်ဆုံးသော တော်လှန်ရေးဟူသည်မှာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကို ပုံဖော်သည့် စိတ်သဘောထားများနှင့် တန်ဖိုးထားမှုများကို ပြောင်းလဲရန် လိုအပ်နေပြီဟူသော အသိမှ ပေါက်ဖွားလာသော စိတ်ဓါတ်တော်လှန်ရေးပင် ဖြစ်ပါသည်။ ရုပ်ပိုင်းအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ရှေ့ရှု၍ အစိုးရလမ်းစဉ်များနှင့် ရှိပြီးသား လုပ်ရိုးလုပ်စဉ် ဥပဒေများကိုသာ ပြောင်းလဲရန် ရည်ရွယ်သော တော်လှန်ရေးသည် စစ်မှန်သော အောင်မြင်မှုကို ရယူနိုင်မည်မဟုတ်ပါ။ စိတ်ဓါတ်တော်လှန်ရေး မဆင်နွှဲပါက စနစ်ဟောင်းတွင် မမျှတမှုများကို ဖြစ်ပေါ်စေသည့် အင်အားစုများ ဆက်လက်လှုပ်ရှားနေမည်ဖြစ်၍ ပြုပြင်ရေးနှင့် ကိုယ်ကျင့်တရားပြန်လည်ရှင်သန်ရေးဖြစ်စဉ်ကို အမြဲတမ်း အန္တရာယ်ပေးနေမည် ဖြစ်ပါသည်။ လွတ်လပ်မှု၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ကို တောင်းဆိုနေရုံဖြင့် မလုံလောက်ပါ၊ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ တို့ကို တွန်းလှန်ရန် ထာဝရတည်ရှိသော အမှန်တရားအတွက် အနစ်နာခံရန်၎င်း၊ ခိုင်မြဲသော ဇွဲလုံ့လဖြင့် တိုက်ပွဲဝင်ရန်၎င်း အားလုံး တညီတညွတ် ပြတ်သားစွာ သန္နိဌာန်ချကြရမည် ဖြစ်ပါသည်။

သူတော်စင်၊ သူတော်ကောင်း ဟူသည်မှာ အပြစ်ကျူးလွန်မှုများ ရှိခဲ့သော်လည်း မကောင်းမှုအကုသိုလ်ကို ရှောင်ကျဉ်ရန် ကြိုးပမ်းရာ၌ ဇွဲ လုံ့လ မလျှော့သူများ ဖြစ်သည်ဟု အဆိုရှိပါသည်။ ထိုနည်းတူပင် လွတ်လပ်သူဆိုသည်မှာလည်း လွတ်လပ်သော လူ့အဖွဲ့အစည်းကို ထိန်းသိမ်းထားမည့် စည်းကမ်းများကို ကာကွယ်စောင့်ရှောက် ထားနိုင်သော အဖိနှိပ်ခံများပင် ဖြစ်ပါသည်။ ပြည့်ဝ၍ ကျဉ်းကျပ်မှုမရှိသော ဘ၀ကို ရရှိရေးအတွက် လူသားတို့မျှော်လင့်တောင့်တကြသော အခြေခံလွတ်လပ်မှုများတွင် ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေးသည် နည်းလမ်းအဖြစ်၎င်း၊ နောက်ဆုံးပန်းတိုင်အဖြစ်၎င်း ထင်ရှားစွာပေါ်လွင်နေပါသည်။ အစိုးရ၏ ခြိမ်းခြောက်မှုမှ လွတ်ကင်းစေရန် အာမခံပေးနိုင်မည့် ဒီမိုကရေစီအဖွဲ့အစည်း ခိုင်မာစွာ အခြေစိုက်ထားသော တိုင်းနိုင်ငံကို တည်ထောင်လိုသူများသည် ၄င်းတို့၏ ကြောက်ရွံ့စိတ်၊ လျစ်လျူရှုစိတ်များမှ လွတ်မြောက်အောင် ပထမဆုံး ကြိုးစားကြရမည် ဖြစ်ပါသည်။

အပြောနှင့်အညီ အစဉ်ပြုလုပ်လေ့ရှိသော အောင်ဆန်းသည် သတ္တိကို အမြဲတမ်း လက်တွေ့ပြသခဲ့ပါသည်။ ကာယသတ္တိကိုသာ မဟုတ်ပဲ အမှန်တရားကို ပြောဆိုရဲခြင်း၊ ပြောသည့်စကားအတိုင်း ရပ်တည်ခြင်း၊ ဝေဖန်မှုကို လက်ခံခြင်း ၊ မိမိ၏ ချွတ်ယွင်းချက်ကို ၀န်ခံခြင်း၊ မိမိ၏ အမှားကို ပြင်နိုင်ခြင်း၊ အတိုက်အခံကို ရိုသေလေးစားခြင်း၊ ရန်သူနှင့်ဆွေးနွေးခြင်း၊ မိမိသည် ခေါင်းဆောင်တဦးဖြစ်သင့် မဖြစ်သင့်ကို ပြည်သူအား ဆုံးဖြတ်ပိုင်ခွင့်ပေးခြင်း စသောစွမ်းရည်သတ္တိများကို လက်တွေ့ပြသခဲ့ပါသည်။ဤသို့သော ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိများကြောင့် အောင်ဆန်းအား မြန်မာတပြည်လုံးက အမြဲတမ်း ကြည်ညိုလေးစားချစ်ခင်နေမည်သာ ဖြစ်ပါသည်။ ၄င်းတို့အားသူရဲကောင်း စစ်သည်တော်အဖြစ်နှင့်သာမကပဲ တိုင်းပြည်၏ စိတ်ဓါတ်ကို တက်ကြွသန့်စင်စေသည့် စံနမူနာထားအပ်သူအဖြစ် ချစ်ခင်မြတ်နိုးနေကြခြင်းပင် ဖြစ်ပါသည်။ မဟတ္တမဂန္ဒီနှင့် ပတ်သက်၍ ဂျဝါဟလာနေရူးသုံးသွားသော စကားများကို အောင်ဆန်းအကြောင်း ပြောရာတွင်လည်း သုံးနိုင်ပါသည်။ ၄င်း၏ဆုံးမသြ၀ါဒများ၏ အနှစ်သာရသည် ကြောက်ရွံ့ခြင်းကင်းမဲ့ခြင်းနှင့် အမှန်တရားပင်ဖြစ်၍ ဤစိတ်ဓါတ်များဖြင့် လှုပ်ရှားလုပ်ကိုင်ကာ လူထု၏ သာယာဝပြောရေးကို အမြဲတမ်း ဦးတည်ခြင်းပင် ဖြစ်ပါသည်။

အကြမ်းမဖက်ရေးလမ်းစဉ်ကို ရှေ့ဆောင်ဖြန့်ချီသူ ခေါင်းဆောင်ကြီးဖြစ်သော ဂန္ဒီနှင့် အမျိုးသားစစ်တပ်ကို တည်ထောင်ခဲ့သော အောင်ဆန်းသည် ပင်ကိုယ်သဘာဝအရ ကွာခြားလှပါသည်။ သို့သော် ကာလဒေသမရွေး အာဏာရှင်စနစ်များမှ ပေါ်ထွက်လာသော စိန်ခေါ်မှုများသည် ဆင်တူရိုးမှားရှိသကဲ့သို့ ထိုစိန်ခေါ်မှုကို ပြိုင်ဆိုင်အံတုရန် ထွက်ပေါ်လာသူများ၏ အရည်အသွေးများသည်လည်း တူညီလေ့ရှိပါသည်။ ဂန္ဒီ၏အကြီးမားဆုံးသော အောင်မြင်မှုတရပ်မှာ အိန္ဒိယပြည်သူပြည်သားများတွင် သတ္တိစိတ်သွင်းပေးခြင်း ဖြစ်သည်ဟု ယူဆသော နေရူးသည် နိုင်ငံရေးတွင် ခေတ်သစ်အမြင်ရှိသူ ဖြစ်ပါသည်။ သို့သော်လည်း နှစ်ဆယ်ရာစု လွတ်လပ်ရေးလှုပ်ရှားမှု လိုအပ်ချက်များကို အကဲဖြတ်သောအခါတွင် ရှေးဟောင်းအိန္ဒိယပြည်၏ ဒဿနအတွေးအခေါ်များအထိ ပြန်လည်ရှာဖွေကာ ရေးသားတင်ပြထားသည်ကား လူတဦး သို့မဟုတ် တိုင်းပြည်တပြည်အဖို့ ကြီးကျယ်အမြင့်မြတ်ဆုံးသော ပါရမီသည် အဘယ ခေါ် ကြောက်ရွံ့မှုမရှိခြင်း ဖြစ်၏၊ ကာယသတ္တိသာမဟုတ် စိတ်ထဲမှာပင် ကြောက်ရွံ့မှုကင်းခြင်း ဖြစ်ပါသည်။

ကြောက်ရွံ့စိတ်မရှိခြင်းသည် ပါရမီဖြစ်ဖွယ်ရာ ရှိသော်လည်း ထို့ထက်ပို၍ အဖိုးတန်ဖွယ်ရာရှိသော်လည်း ထိုထက်ပို၍ အဖိုးတန်ဖွယ်ရာ ရှိသော သတ္တိများ ကြိုးပမ်းအားထုတ်ခြင်းဖြင့် ရရှိလာသော သတ္တိ၊ ကြောက်စိတ်ကို လိုက်လျောရသည့်အဖြစ်ကို မရောက်အောင် ပြုစုပျိုးထောင်လေ့ကျင့်၍ ရရှိသော သတ္တိ၊ အကျပ်ကိုင် ဖိနှိပ်နေသည့် ကြားမှ တည်ကြည်သိမ်မွေ့စွာ ရပ်တည်နိုင်ခြင်း၊ ကြမ်းတမ်းခက်ထန်စွာ အဆက်မပြတ် ဖိနှိပ်နေသည့်ကြားထဲမှာ ထပ်ခါတလဲ တည်ကြည်သိမ်မွေ့မှုကို ထိန်းသိမ်းခြင်းဖြင့် ရရှိသော သတ္တိ စသည်တို့ပင် ဖြစ်ပါသည်။

အခြေခံလူ့အခွင့်အရေးများ မရှိဟု ငြင်းပယ်ထားသော စနစ်အောက်တွင် ကြောက်ရွံ့စိတ်သာ နေ့စဉ်နှင့်အမျှ လွှမ်းမိုးနေပါသည်။ ထောင်ကျမည်ကို ကြောက်ရွံ့ခြင်း၊ ညှင်းပန်းနှိပ်စက်မည်ကို ကြောက်ရွံ့ခြင်း၊ သေရမည်ကို ကြောက်ရွံ့ခြင်း၊ မိတ်ဆွေမိသားစု ၊ ဥစ္စာပစ္စည်း သို့မဟုတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း၊ ဆင်းရဲမည်ကို ကြောက်ရွံ့ခြင်း၊ အထီးကျန်ဖြစ်မည်ကို ကြောက်ရွံ့ခြင်း၊ ပျက်စီးဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ပင် ဖြစ်ပါသည်။ မွေးရာပါ လူ့ဂုဏ်သိက္ခာနှင့် မိမိကိုယ်မိမိ လေးစားမှုတို့ကို မဆုံးရှုံးရလေအောင် ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အကူဖြစ်စေသော သတ္တိပြသည့် နေ့စဉ်လုပ်ရပ်ကလေးများကို အချည်းနှီးပင်ဖြစ်သည် သို့မဟုတ် အရာမရောက်သော လုပ်ရပ်ဖြစ်သည် ၊ အရမ်းကာရော လုပ်သည်၊ မိုက်မဲခြင်းဖြစ်သည် စသည်ဖြင့် ပြစ်တင်ရှုတ်ချကာ မိမိကပင် ဘ၀ပေးအသိဥာဏ် သို့မဟုတ် ပညာဥာဏ်ရှိသကဲ့သို့ ဟန်ဆောင်ခြင်းသည် တိတ်တခိုး အန္တရာယ်ပေးသည့် အဆိုးဝါးဆုံးသော ကြောက်ရွံ့မှုမျိုးပင် ဖြစ်ပါသည်။ အင်အားသည် အမှန်တရားဖြစ်သည်ဟူသော မူဖြင့် ဖိနှိပ်အုပ်ချုပ်သော စနစ်အောက်၏ ပုံသွင်းခြင်းခံရသူများအဖို့ အင်အားကုန်ခမ်းစေသော ကြောက်ရွံ့မှု အဆိပ်ငွေ့မှ လွတ်ကျွတ်အောာင် ရုန်းထွက်ရန်မှာ မလွယ်ကူလှပါ။ သို့သော်လည်း ကြောက်ရွံ့မှုသည် ယဉ်ကျေးသော လူသား၏ သဘာဝမဟုတ်သောကြောင့် အဖိနှိပ်ဆုံးသော အစိုးရယန္တရားအောက်၌ပင် သတ္တိသည် ထပ်ခါတလဲလဲ ထကြွလာပါသည်။

အထိန်းအချုပ်မရှိသော အာဏာကို ရင်ဆိုင်ရာတွင် သတ္တိရှိမှုနှင့် ခံနိုင်ရည်ရှိမှုတိုးအား အမြဲတမ်း ရှင်သန်နေစေသော ရေသောက်မြစ်မှာ ကိုယ်ကျင့်တရားဆိုင်ရာ သဘောတရားများကို အထွတ်အမြတ်ထားသည့်အပေါ်တွင် ခိုင်မာစွာ ယုံကြည်ခြင်းဖြစ်ပြီး မည်မျှပင် ရှုံးနိမ့်မှု၊ ဆုတ်ယုတ်မှုများ ရှိစေကာမူ လူသားသည် နောက်ဆုံးတွင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု နှစ်ခုစလုံးကို ရရှိမည်ဟူသော သမိုင်းသဘောကို ယုံကြည်ခြင်းပင်ဖြစ်ပါသည်။ မိမိကိုယ်မိမိ တိုးတက်ကောင်းမွန်အောင် ကြိုးစားဖြင်း၊ မိမိကိုယ် မိမိ မကောင်းမှုမှ လွတ်မြောက်အောင် ကြိုးပမ်းခြင်း စသော စွမ်းရည်တို့သည် လူသားတို့ကို တိရစ္ဆာန်ရိုင်းများနှင့် အထင်အရှားကွဲပြားစေသော အဓိကအချက်ပင် ဖြစ်ပါသည်။

လူ့တာဝန်ဝတ္တရား၏ မူလအရင်းအမြစ်မှာ လုံးဝအပြစ်ကင်းစင်ခြင်းဟူသော သဘောတရားကို နားလည်၍ အပြစ်ကင်းစင်လိုသော စိတ်ဆန္ဒ၊ အပြစ်ကင်းစင်ရန် နည်းလမ်းရှာသော အသိဥာဏ်နှင့် ယင်းနည်းလမ်းအတိုင်း လိုက်နာလိုသော စိတ်ဓါတ်၊ ယင်းနည်းလမ်းကို အဆုံးတိုင် မလိုက်နာနိုင်သည့်တိုင် ကိုယ်ပိုင်ချွတ်ယွင်းချက်အကန့်အသတ်နှင့် ပတ်ဝန်းကျင်အတားအဆီးများကို ကျော်လွန်ရန် လိုအပ်သော အတိုင်းအတာအထိ အနည်းဆုံး ရောက်ရှိအောင် ကြိုးစားလိုခြင်းတို့ပင် ဖြစ်ပါသည်။ ဆင်ခြင်တုံတရား ရှိ၍ ယဉ်ကျေးသောလူသားတို့နှင့် လျော်ကန်သင့်မြတ်သော လူ့လောကကိုလူသားတို့ စိတ်ကူးမျှော်မြင်ကြသည့်အတွက် ကြောက်ရွံ့မှုနှင့် ချို့တဲ့မှုမှ ကင်းလွတ်သော လူ့အဖွဲ့အစည်းများ တည်ထောင်ရန် မကြောက်မရွံ့ အနစ်နာခံ လုပ်ဝံ့ကြခြင်းပင် ဖြစ်ပါသည်။ သစ္စာတရား၊ ဂရုဏာတရားနှင့် တရားမျှတမှုတို့ကို ငြီးငွေ့ဖွယ်ရာ အတွေးအခေါ်ဟောင်းကြီးများဟု ဆိုကာ ပစ်ပယ်၍ မရပါ။ ရက်စက်သော အာဏာစက်ကို တွန်းလှန်ရာတွင် ဤတရားများသည်သာလျှင် အကာအကွယ်ပေးနေလျှက် ရှိတတ်ပါသည်။

(ဒေါ်အောင်ဆန်းစုကြည်)

Editor Dr. Aung Khin

People's Democracy

ရခိုင်ပြည် တပ်မတော် ရဲဖော်များ














သူများတွေလို.....မချမ်းသာပါဘူး......သို့သော်....ဖြူစင်ခြင်းလေးနဲ့ အပြုံး ပေးဆပ်ခြင်း ကိုယ်စီ စွန့်လွှတ် အနစ်နာခံခြင်းနဲ့.......ကိုယ်တိုင် စားသောက်ဖို့အတွက် .....ကိုယ်တိုင်ရှာကြံမှုကို ....ကိုယ်တိုင်ဖန်တီးရင်း...အနာဂါတ်ခရီးဆီ ...လျှောက်လှမ်းဆဲပါ.....။

(5) Objectives of Arakan Army






(5) Objectives of Arakan Army

1. To gain self-determination for multi-ethnic masses of Arakan

2. To safeguard national identity (character) and cultural heritage

3. To promote national dignity and interest

4. To liberate every citizen and ethnic nationality of Burma from dictatorship

5. To ensure peace and development for all human race

ရခိုင်ပြည်တပ်မတော်၏ ဦးတည်ချက် (၅) ရပ်


 
 
ရခိုင်ပြည်တပ်မတော်၏ ဦးတည်ချက် (၅) ရပ်

၁။ လူမျိုးစုံ ရခိုင်ပြည်သူလူထု တရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး

၂။ အမျိုးသားရေး လက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး

၃။ အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အကျိုးစီးပွါးကို မြှင့်တင်ရေး

၎။ ဗမာပြည်ရှိ အဖိနှိပ်ခံ လူမျိုးတိုင်း၊ နိုင်ငံသားတိုင်း အာဏာရှင်စနစ် လက်အောက်မှ လွတ်မြောက်ရေး

၅။ လူသားမျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး

ရခိုင်ပြည် တပ်မတော်




အမျိုးသားဂုဏ်ဆောင် ..............
အောင်လံလွှင့်ချီ ......................

ရခိုင်ပြည်တပ်မတော် အောင်လံတော်အား ....... အလေးပြု

အမျိုးသားကောင်စီ(ANC) ရခိုင်ပြည် တပ်မတော် (AA)



၂၁ရာစု ပင်လုံ တက်ရောက်နေသော ကျောင်းသားတပ်မတော် (ABSDF) ဗိုလ်ကျောက်၊ ရခိုင်ပြည် အမျိုးသားကောင်စီ(ANC) ရခိုင်ပြည် တပ်မတော် (AA) ကိုယ်ရေးအရာရှိ ဦးမင်းခန့် တို့နှင့် အမှတ်တရ ပေါ့ဗျာ..

လွမ်းနီရေ အရိပ်ချေ

 

တပ်မက်နီရေ အချစ်ချေ
မင်းမျက်ဝန်းအကြည့်တိနန့်
လှမ်းခေါ်ရေ အသံချေ
တုန်ခါနီ ဒေရင်ဘတ်ထဲက
မက်မောရင်း လွမ်းရေဝေ...။

သတိရရေ အချစ်ချေ
အနမ်းတိ ဝေရေညနန့်
အပြုံးကဘာ နိရက်တိ
တယောက်တည်း ခုချိန်
မျှော်တွီးယင်း လွမ်းရေဝေ...။

ကြယ်မရှိ လမရောက်
တိမ်ရိပ် မိုးသားတိလေ့
အမည်မဖော်ဘဲ ပျောက်
ငါတယောက်တည်းနန့်
လွင်တီးခေါင် ဒေသမာ
ခိုလှုံစရာ လမ်းမရှိပါဝေ...။

မင်းမရှိရေ ငါ့ဘဝမာ
အလွမ်းတိ တာကျိုးလို့
ပြည့်သိပ်နီ စိုးရိမ်စိတ်တိ
နယ်ကျွံလေ့ လွှတ်မိဗျာလ်
မင်းစိတ်နန့် ရူးပါစီဖိဝေ...။

လိုအပ်တေ အချစ်ချေ
ပုံပမာ နှိုင်ယှဉ်လို့မရ
ရိုက်ပြီးသား တံဆိပ်
မြဲနီဖို့ ယုံကိုးလင့်စားယင်း
ငါ့အလွမ်းတိ မင်းသိပါစီဝေ...။
..................
ကျေးဇူးဘာ။
(ပိုင်ချေ) 

 

 

အိမ်လွမ်းဌက်ချေ

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တစ်ချိန်ချိန်တွင် ထိပါးလာနိုင်သည်ဟု စိုးရိမ်သောကြောင့် အစိုးရသစ်အနေဖြင့် စိစစ်သုံးသပ်ပြီးမှ လုပ်ငန်းဖော်ဆောင်ရန် ဒေသခံများ သမ္မတနှင့် ဇုန်ကော်မတီသို့ တောင်းဆိုစာပေးပို့



ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တစ်ချိန်ချိန်တွင် ထိပါးလာနိုင်သည်ဟု စိုးရိမ်သောကြောင့် ရခိုင်ပြည်သူလူထုနှင့် မြန်မာနိုင်ငံသားများ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့် အစိုးရသစ်အနေနှင့် သေချာစိစစ်လေ့လာ သုံးသပ်ပြီးမှ လုပ်ငန်းဖော်ဆောင်ရန် လက်ရှိနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ကျောက်ဖြူ  အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံ ဒေသခံများ၏ တောင်းဆိုချက်များကို ဖေဖော်ဝါရီ ၂၆ ရက်က ပေးပို့တောင်းဆိုခဲ့ကြောင်း သိရသည်။
 
အဆိုပါ တောင်းဆိုချက်များမှာ စက်မှုဇုန်တွင် ပါဝင်သွားသော ဓားမဦးချ မိဘဘိုးဘွားပိုင် မြေအားလုံး (ဥပမာ-တောတောင်၊ ကိုင်းကျွန်း၊ စားကျက်မြေ၊ ဥယျာဉ်ခြံမြေ၊ လယ်ယာမြေ) ကို တိကျစွာ ပြန်လည်တိုင်းတာပြီး တရားဝင် ပိုင်ဆိုင်မှု ပြုလုပ်ပေးရန်၊ ကျောက်ဖြူစက်မှုဇုန်သည် နိုင်ငံတက စံချိန်စံညွှန်းနှင့် တင်ဒါခေါ်ယူ ဖော်ဆောင်သောကြောင့် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ မြေလျော်ကြေးပေးရန်တို့ ပါဝင်သည်။
 
ထို့ပြင် လျော်ကြေးပေးပြီးနောက်ပိုင်းလည်း ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာတရားများ ထုံးတမ်းစဉ်လာ မပျောက်ပျက်အောင် တာဝန်ယူမှု၊ တာဝန်ခံမှုကို ဥပဒေတစ်ရပ်နှင့်အညီ ပီပြင်စွာ တာဝန်ယူ လုပ်ဆောင်ပေးရန်၊ ရပ်ရွာများကိုရှောင်ပြီး ဇုန်တည်ဆောက်မည် ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပါ။ ထို့ကြောင့် စက်မှုဇုန်တွင် ပါဝင်သွားသော ကျေးရွာအားလုံး၊ ဘာသာရေးကျောင်းများကို ခေတ်နှင့်လျော်ညီစွာ မြေနေရာသစ် ဖော်ထုတ်ပြီး အသစ်တည်ဆောက်ပေးရန်၊ ဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် လယ်ယာမြေအသစ် ဖော်ထုတ်ပေးရန်တို့လည်း ပါဝင်သည်။
 
အလားတူ အထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင် ရရှိရေးအတွက် သက်ဆိုင်ရာ လယ်သမား၊ ပန်းရံ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးစသည့် ကျွမ်းကျင်သင်တန်းများကို ဇုန်မစတင်မီ အခမဲ့ ကြိုတင်စီစဉ်ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်သူပြည်သား အကျိုးစီးပွားအတွက် စက်မှုဇုန်မှ ရရှိသော အကျိုးအမြတ်ကို ရာခိုင်နှုန်းအလိုက် ခွဲဝေပေးရန်ဖြစ်သည်။
 
ထို့ပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအား အစိုးရ တာဝန်မလွှဲပြောင်းမီ အချိန်တိုအတွင်း စီမံကိန်းကြီးကို အလျင်အမြန် အကောင်အထည် မဖော်ရန်နှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်းလုပ်ငန်း၊ ကျောက်ဖြူမှ တရုတ်နိုင်ငံအထိ သွယ်တန်းထားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးလာနိုင်သည်ဟု ထင်မြင်မိကြောင်း အဆိုပါ တောင်းဆိုစာတွင် ဖော်ပြထားသည်။
 
အထက်ပါ တင်ပြတောင်းဆိုချက်များကို ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဒေသ တောင်သူလယ်သမားများ၏ လူမှုစီးပွားဖွံ့ ဖြိုးရေး အသင်းနှင့် စက်မှုဇုန်တွင် ပါဝင်သွားသော ကျေးရွာများမှ ဒေသခံ တောင်သူလယ်သမားများ၊ သြ၀ါဒဆရာတော်ကြီးများက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။     
 
Writer: 
နီလာ
 
 http://news-eleven.com/local/

ဦးအေးသာအောင်၏ အမျိုးသားပါတီတည်ဆောက်ရေးခံယူချက်၊ သဘောတရား


▬▬▬▬▬▬▬▬▬
■ အမျိုးသားပါတီသို့ ■
▬▬▬▬▬▬▬▬▬
မြန်မာနိုင်ငံသည် ရာစုနှစ်တစ်ဝက်ကျော် အာဏာရှင်စနစ်အောက်ကို ကျရောက်ခဲ့၏။ ဒီမိုကရေစီအခွင့်အရေးများ၊ လူ့အခွင့်အရေးများ၊ လူတဦးချင်း တစ်ယောက်ချင်း အခွင့်အရေးများ ဆိတ်သုန်းလျက်ရှိ၏။ ထို့အပြင် မြန်မာနိုငံတွင် နေထိုင်လျက်ရှိကြသော တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ဒေသများ၌ အချို့က ကိုယ်ထီး ကိုယ့်နန်းနှင့် စော်ဘွား၊ စော်ဖျား၊ စော်ကဲ၊ ဒူဝါ၊ တောင်ပိုင်၊ တောင်အုပ်စသည့် အုပ်ချုပ်ရေးစနစ်များဖြင့် ကိုယ်ပိုင်အုပ်ချုပ်လျက် ရှေးပဝေသဏီခေတ်ကပင် သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြသော်လည်း ယနေ့အချိန်တွင် လူမျိုးဆိုင်ရာ အခွင့်အရေးများဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်စသည့် အခွင့်အရေးများ ဆုံးရှုံးလျက်ရှိ၏။
ထိုသို့ ဆိတ်သုဉ်းဆုံးရှုံးနေသော ဒီမိုကရေစီအခွင့်အရေး လူ့အခွင့်အရေးနှင့် လူမျိုးများ၏ မူလရပိုင်ခွင့်များအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည် အာဏာရှင်စနစ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြ၏။ ၁၉၈၈ ခုနှစ်တွင်ကား ထူးကဲစွာ တစ်နိုင်ငံလုံး အမြို့မြို့အနယ်နယ် အရပ်ရပ်၌ လူမျိုးပေါင်းစုံ လူထု လူတန်းစားပေါင်းစုံ ထကြွပုန်ကန်ဆန့်ကျင်ခဲ့ကြ၏။ ရခိုင်ပြည်မြို့ကြီး၊ မြို့နယ် အသီးသီး၌ ရခိုင်အမျိုးသားများသည်လည်း ဆုံးရှုံးသွားသော အခွင့်အရေးများအတွက် တောင်းဆို ဆန္ဒပြခဲ့ကြ၏။ ထို့အတူ ရန်ကုန်မြို့တွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများသည်လည်း အမျိုးသားသမဂ္ဂကို ဖွဲ့စည်းကာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြ၏။ သို့သော် ထိုအရးတော်ပုံကြီးသည် ကံမကောင်း အကြောင်းမလှစွာ စစ်အာဏာရှင်တို့က ရက်ရက်စက်စက်ဖြိုခွဲကာ စစ်တပ်မှ အာဏာသိမ်းခြင်းဖြင့် အောင်ပွဲမရဘဲ ရပ်တန့်ခဲ့ရ၏။ မည်သို့ပင်ဆိုစေ စစ်အာဏာရှင်တို့သည် လူထု၏ တောင်းဆိုမှုဖြစ်သော ပါတီစုံတည်ထောင်ရန်အတွက် ခွင့်ပြုပေးခဲ့ရ၏။ နိုင်ငံရေးပါတီအများအပြားလည်း ပေါ်ပေါက်လာခဲ့၏။ ဤသို့ဖြင့် ရခိုင်အမျိုးသား သမဂ္ဂခေါင်းဆောင်များသည် ရခိုင်ပြည်နယ် ရခိုင်ပြည်သူ ပြည်သားများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတစ်ရပ်ကို ထူထောင်ရန် စဉ်းစားဆွေးနွေး အတည်ပြုခဲ့ကြ၏။ ထို့ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ဟူ၍ ပေါ်ထွက်လာ၏။ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုဦးစီးအဖွဲ့ဝင်များကို ဖွဲ့စည်းကာ ရခိုင်ပြည်နယ်တွင် ရှိသော မြို့နယ် (၁၇) မြို့နယ်၌ မြို့နယ်အဖွဲ့ချုပ် အမှုဆောင်များလည်း ဖွဲ့စည်းနိုင်ခဲ့၏။ ၁၉၉၀ တွင် ကျင်းပသော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၁၁) နေရာ အနိုင်ရရှိခဲ့ပြီး ထိုစဉ်က မြန်မာနိုင်ငံတွင် တတိယအများဆုံး အနိုင်ရသော ပါတီဖြစ်ခဲ့၏။ သို့ရာတွင် အာဏာရှင်များသည် ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုခဲ့၏။ ပါတီခေါင်းဆောင်များကို နည်းမျိုးစုံဖြင့် ဖိနှိပ်ဟန့်တား နှောက်ယှ့်မှုများ ပြုလုပ်လာပြီး ၁၉၉၂ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို အကြောင်း အမျိုးမျိုးပြကာ ဖျက်သီမ်းသည်အထိ ပြုလုပ်လာ၏။ ပါတီခေါင်းဆောင်များကိုလည်း ဖမ်းဆီး၊ ထိန်းသိမ်းထောင်ချ၏။ မည်သို့ပင် အဟန့်အတား အနှောက်အယှက်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည် ဖြစ်စေ၊ ပါတီခေါင်းဆောင်များသည် အမျိုးသားရေးအတွက် မတွန့်မဆုတ် ရပ်တည်ကာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြ၏။
စစ်အာဏာရှင်များသည် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ပြည်သူများကို ငြိမ်ဝပ်ပိပြားစေရန် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်၏။ ၁၉၉၀ ခုနှစ်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် ရွေးကေက်ပွဲကို လျစ်လျှူရှု၍ စစ်အာဏာရှင်များကိုယ်တိုင် စိတ်ကြိုက် ရွေးကောက်ထားသော ကိုယ်စားလှယ်များနှင့် အမျိုးသားညီလာခံကို ကျင်းပ၏။ အမျိုးသားညီလာခံ၌ မိမိတို့ ကြိုတင်ရေးဆွဲထားသော အာဏာရှင်စနစ်ကို အကာကွယ်ပြုမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြု ပြဌာန်း၏။ ထိုသို့ ပြဌာန်းလိုက်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံသည် ပြည်သူ့ဆန္ဒနှင့် ကင်းကွာသည့် ဒီမိုကရေစီ အခြေခံမူများ ကင်းမဲ့၏။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ပစ်ပါယ်၏။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များသည် လက်ခံခြင်း မရှိ ဆန့်ကျင်၏။ အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲကိုလည်း တိုင်းရင်းသား ပါတီအသီးသီးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့သည်လည်း အဆိုပါရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြ၏။ မည်သို့ပင် ဆိုစေ စစ်အာဏာရှင်တို့သည် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်း ဖန်တီးထားသည့် ပါတီတစ်ခု အနိုင်ရ၏။ ပြည်နယ်အသီးသီး၌ တိုင်းရင်းသားပါတီ အချို့ကိုလည်း အနိုင်ရစေ၏။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရဟု ဆိုသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာ၏။ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သော သမ္မတသည် အကြောင်းအမျိုးမျိုးကြောင့် မလွှဲမရှောင်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးညှိနှိုင်းမှု အပေးအယူလုပ်မှုများ ရှိ၏။ ထိုကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်၏။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ထိုစဉ်က ပါတီကို ပြန်လည် မှတ်ပုံတင်ခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုပါမူ တိုင်းရင်းသားခေါင်းဆောင်များဖြစ်သော ဦးခွန်ထွန်းဦးနှင့် စိုင်းညွှန့်လွင်၊ ကျောင်းသားခေါင်းဆောင်များ ဖြစ်သော မင်းကိုနိုင်၊ ကိုကိုကြီးနှင့်တကွ လူထုခေါင်းဆောင်များ၊ ရဟန်း သံဃာများ မလွတ်မြောက်သေးပေ။ ထိုပုဂ္ဂိုလ်များ လွတ်မြောက်ပြီးမှသာ ပါတီကို မှတ်ပုံတင်ခဲ့ခြင်း ဖြစ်ပေသည်။
ပါတီကို ပြန်လည် မှတ်ပုံတင်ပြီးနောက် ရန်ကုန်နှင့် ပလက်ဝမြို့နယ်အပါအ၀င် မြို့နယ်ပေါင်း (၁၈) မြို့နယ်တွင် မြို့နယ်အဖွဲ့ချုပ်များ၊ မြို့နယ်စည်းရုံးရေး ကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်သူများ၏ ထောက်ခံမှုများကိုလည်း ရရှိခဲ့သည်။ သို့ရာတွင် ဘူးသီးတောင်၊ အမ်း၊ သံတွဲ အစရှိသည့် မြို့နယ်များတွင်မူ မြို့နယ်အဖွဲ့ချုပ်များကို စည်းရုံး ဖွဲ့စည်းခြင်း မရှိသေးပေ။ မကြာမီ ဖွဲ့စည်းနိုင်ငံရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည်။ ရခိုင်ပြည်နယ်အတွက် အကျပ်အတည်းနှင့် စိန်ခေါ်မှုများရှိနေပြီး အဆိုပါ အမျိုးသားရေး တာဝန်များကို ကြိုးစားပမ်းစား ဆောင်ရွက်နေသည့်ကြားက ပါတီစည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ရာ လက်ရှိစည်းရုံးရေး အနေအထားကို မဆိုးဟု ဆိုရမည်ဆိုက ဆိုနိုင်ပေသည်။ သို့ရာတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီတည်ထောင်စဉ်ကတည်းက ရခိုင်ပြည်နယ် ရခိုင်အမျိုးသားများကို ကိုယ်စားပြုသော အမျိုးသားပါတီကြီးတစ်ရပ် ဖြစ်ရေးကို ရည်ရွယ်ထားရာ ဤအခြေအနေများသည် ကျေနပ်စရာ မဟုတ်ပေ။ အမျိုးသားပါတီတစ်ရပ်ဖြစ်ရေးသည် ပါတီကို ရခိုင်အမည်တပ်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟု ကဗျည်းဆိုင်းဘုတ်တပ်ရုံဖြင့် အမျိုးသားအကျိုးဆောင်ရွက်မည့် အမျိုးသားပါတီဟု လည်းကောင်း ဒီမိုကရေစီဆိုသည် စာပုဒ်ကိုရေးသား ဖော်ကျူးရုံဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးမည့် ပါတီဟူ၍ လည်းလေက်ာင်း မှတ်ယူရန် မဖြစ်နိုင်ပေ။
အမျိုးသားပါတီစရပ်ဟူသည် အမျိုးသား ရပိုင်ခွင့်နှင့် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်မည့် တိကျပြတ်သားသည့် မူဝါဒ ရည်ရွယ်ချက် လုပ်ငန်းစဉ်များကို ချမှတ်ထားရန် လိုသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၌ အဆိုပါ ရည်ရွယ်ချက်များကို ပြဌာန်းချမှတ်ထားပါသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခု အောက်တိုဘာလ ၁၂ ရက်နေ့တွင် စတင်တည်ထောင်စဉ်ကတည်းက အမျိုးသားအကျိုးကို စွမ်းစွမ်းတမံ တောင်ရွက်မည်ဟု ပြဌာန်းထးသည်။ အမျိုးသားအကျိုးရာ၌ ရခိုင်လူမျိုးများသည် ရှေါ်ပဝေသဏီခေတ်ကပင် ကိုယ့်ထီးကိုယ့်နန်းနှင့် ခေတ် အဆက်ဆက် နေုထိုင်လာခဲ့သည့် လူမျိုးဖြစ်သည်။ အမျိုးသားညီညွတ်မှု ယိုယွင်းခဲ့ခြင်းကြောင့် မြောက်ဦးခေတ် မဟာသမ္မတရာဇာမင်းလက်ထက်တွင် တိုင်းတပါး၏ ကျူးကျော်သိမ်းပိုက်ခြင်း ခံရကာ ထီးကျိုးစည်ပေါက် ထီးနန်းပျောက်ခဲ့ရသည်။ ထိုအချိန်မှစ၍ ရခိုင်လူမျိုးများသည် အအုပ်ချုပ်ခံ အဖိနှိပ်ခံဘ၀ဖြင့် နေထိုင်လာခဲ့ရာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများပါ ယိုယွင်းကျဆင်းလျက် ရှိလေသည်။ ထိုသို့ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀တစ်ခုလုံးကို တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ ထိုအခြေအနေ အရပ်ရပ်အတွက် ချမှတ်ထားခြင်း မည်၏။
နောက်တစ်ချက်မှာ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးဖြစ်၏။ အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့်ဟူသည် အမေရိကန် သမ္မတ၀ုဒ်ဒရောဝီလဆင်၏ အဆိုအမိန့်ဖြစ်သည်။ အဓိပ္ပါယ်မှာ လူမျိုးတိုင်း လူမျိုးတိုင်း အမျိုးသးနိုင်ငံ ထူထောင်ခွင့်ရှိသည်ဟူသော အဓိပ္ပါယ်ဖြစ်သည်။ ထို့အပြင် အခြားလူမျိုးများနှင့်လည်း နိုင်ငံရေးအရ တန်းတူရည်တူ အခွင့်အရေးရှိသည့် ပြည်ထောင်စုမူဖြင့် ပူးပေါင်းကာ နေုထိုင်နိုင်သည့် အခွင့်အရေးလည်း ရှိ၏။ ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိကြသော တိုင်းရင်းသားလူမျိုးများသည် လွတ်လပ်ရေး အကြိုကာလ၌ တောင်တန်းပြည်မ ပူးပေါင်း၍ လွှတ်လပ်ရေးယူရန် ပူးပေါင်းရာတွင် တန်းတူရည်တူ ပြည်ထောင်စုမူဖြင့် ပူးပေါင်းရန် ပြည်နယ်များတွင် ကိုယ်ပိုင် ပြဌာန်းခွင့်များ ရှိရန် အစရှိသော အချက်များပါသည့် သဘောတူညီချက်ဖြင့် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြ၏။ ထို့ကြောင့် ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒအဖြစ် ပြဌာန်းထားသည်။ နောက်တစ်ချက်မှာ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဖြစ်၏။ မြန်မာနိုင်ငံသည် အမျိုးသားစည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ခြင်းကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရ၏။ ထို့ကြောင့် တိုင်းရင်းသား သွေးစည်းညီညွတ်မှုအပါအ၀င် တမျိုးသားလုံး ညီညွတ်ရေးကို တည်ဆောက်ရန် လို၏။ ထိုကဲ့သို့ တည်ဆောက်မည်ဆိုပါက ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ရမည် ဖြစ်သည်။ အမျိုးသားညီညွတ်ခြင်းဖြင့် ယိုယွင်းကျဆင်းနေသော နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀ တိုးတက်မြင့်မားအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။
နောက်အရေးအကြီးဆုံး မူဝါဒတစ်ရပ်မှာ ၂၀၁၂ ခုနှစ်တွင် ပါတီပြန်လည် မှတ်ပုံတင်ရန် ဖြည်စွက် ပြဌာန်းခဲ့သည့် မူဝါဒဖြစ်သည်။ ၎င်းမူဝါဒသည် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ရေးဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ ရေးဆွဲ ပြဌာန်းထားသော ဖွဲ့စည်းပုံ ဖြစ်သည်။ ဒီမိုကရေစီ အခြေခံများ ကင်းမဲ့နေ၏။ တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်ကို လျစ်လျူရှု ကန့်သတ်ချုပ်ချယ်ထား၏။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပြီး တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်မည်ဆိုပါက အဆိုပါ အဖွဲ့စည်းပုံကို မပြင်မဖြစ် ပြင်ကြရမည်။ ထို့အတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ထားသော (၁) အမျိုးသားရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ရေး (၂) ပြည်နယ်ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး (၃) (Federal) ပြည်ထောင်စု ပေါ်ထွန်းရေး (၄) ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားညီညွတ်ရေးကို ဖော်ဆောင်ပေးရေးကို ဖော်ဆောင်ရေးစသည့် မူဝါဒများကို အကောင်အထည် ဖော်ရေးသည် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှသာ ဖော်ဆောင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ရေးသည် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏ အဓိက မူဝါဒတစ်ရပ်လည်း ဖြစ်သည်။
ဤသို့ ပြဌာန်းထားရုံနှင့်လည်း မပြီးသေးပေ။ အဆိုပါ မူဝါဒများကို အကောင်အထည်ဖော် ဦးဆောင်အဖွဲ့အစည်း ရှိရန်လိုအပ်၏။ ဦးဆောင်အဖွဲ့စည်းသည် လူဦးရေအားဖြင့် မည်၍ မည်မျှဖြင့် ဖွဲ့စည်းထားရုံဖြင့်လည်း လုံလောက်လိမ့်မည် မဟုတ်ပေ။ ထိုဖွဲစည်းထားသော မူဝါဒရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် အရည်အသွေး၊ အရည်အချင်းများနှင့် ပြည့်စုံရန်လိုအပ်ပြီး မည်သည့်အခက်အခဲ အကြပ်အတည်း အဟန့်အတားအနေဖြင့် အဖျက်များနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ရင်ဆိုင်ဖြေရှင်းရန် မတွန့်မဆုတ်သော ခံယူချက် စိတ်ဓာတ်များရှိရန် အထူးလိုအပ်ပေသည်။ ထို့အပြင် ဤစိတ်ဓာတ်ခံယူချက်များသည် ဗဟိုခေါင်းဆောင်များ၌ သာမက မြို့နယ်အသီးသီး ခေါင်းဆောင်များနှင့် ကျေးရွာခေါင်းဆောင်များ၌ပါ ရှိရန်လိုအပ်ပေသည်။
ပါတီတစ်ရပ်သည် အဆိုပါ အရည်အသွေး၊ အရည်အချင်းများနှင့် ပြည်စုံသည့်တိုင်အောင် အမျိုးသားပါတီ အဖြစ် ပြည်သူက ယုံကြည်လက်ခံလာရေးအတွက် အဓိကအရေးကြီးသောအချက်မှာ အမျိုးသားဆိုင်ရာ ရပိုင်ခွင့်နှင့် အတူ ပြည်သူတို့၏ အခက်အခဲ ပြဿနာများကို ဖြေရှုးဖို့ ကြိုးစားအားထုတ်ခြင်းနှင့် ပြည်သူတို့၏ သဘောထားဆန္ဒများကိုလည်း ပါတီစည်းရုံးရေးမှူးများသည် ပြည်သူလူထုနှင့်စ်းရုံးထိတွေ့ ဆက်ဆံရာ၌ မိမိပါတီ မူဝါဒများကို ချပြစည်းရုံးရုံဖြင့် မပြီးပေ။ ပြည်သူတို့၏ ဆန္ဒနှင့်တကွ အခက်အခဲ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာအ၀၀တို့ကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပါတီအဖွဲ့အစည်းများနှင့် ညှိနှိုင်း၍သော်လည်းကောင်း ချက်ချင်းလက်င်း ဖြေရှင်းနိုင်မည့် ကိစ္စများကို လက်ငင်းဖြေရှင်းကာ ရေရှည် ဖြေရှင်းရမည့် ကိစ္စများကိုလည်း ပါတီ အဆင့်ဆင့်သို့ တင်ပြပြီး ဖြေရှင်းနိုင်ရန် ကြိုးပမ်းကြရမည်။
ယနေ့ကာလသည် ပါတီကို ပြန်လည် တည်ဆောက်စကာလ ဖြစ်သည်။ အချို့ခေါင်းဆောင်များ၌ ဤကဲ့သို့သော စိတ်ဓာတ်ခံယူချက်ရှိကြသော်လည်း အချို့ခေါင်းဆောင်များမှာမူ အားနည်းချို့ယွင်းချက်များ ရှိကောင်း ရှိကြပေမည်။ မည်သို့ပင် ဖြစ်စေ ပါတီကို အမျိုးသားပါတီတစ်ရပ် ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းတည်ဆောက်ကြရာတွင် ပါတီဝင်များ၊ ပြည်သူများကို စည်းရုံးရင်း မိမိကိုယ်တိုင်လည်း အရည်အသွေး အရည်အချင်း ပြည့်ဝရေးအတွက်လည်းကောင်း ခံယူချက် စိတ်ဓာတ်မှန်ကန်ကောင်းမွန်ရေးအတွက် လည်းကောင်း ကြိုးပမ်း တည်ဆောက်ကြဖို့ လိုအပ်ကြောင်း တင်ပြအပ်ပေသည်။
ဦးအေးသာအောင်

ဦးအေးသာအောင် ရေးသားသော “ရခိုင်အမျိုးသားရေးနှင့် ပြည်ထောင်စု” စာအုပ်မှ ဆောင်းပါးကို AKYAB POST ညီအစ်ကိုများ ပြန်လည် ရိုက်နှိပ်ပေးပါသည်။

ရခိုင်အမျိုးသားပါတီ၏ ရပ်တည်ချက်ကို လက်မခံကြောင်းရှင်းလင်း




6 March 2016
ရခိုင်အမျိုးသားပါတီအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သစ်နဲ့ မပူးပေါင်းဘဲ အတိုက်အခံလုပ်မယ်ဆိုတဲ့ ရပ်တည်ချက်ကို လက်မခံတဲ့အကြောင်း ပါတီဗဟိုကော်မတီဝင် တချို့က ဒီကနေ့ ရန်ကုန်မှာ ရှင်းလင်းပြောပါတယ်။
ပါတီက ထုတ်ပြန်ထားတဲ့ သဘောထားကြေညာချက်တွေနဲ့ ပတ်သက်ပြီး လက်မခံနိုင်တဲ့ အကြောင်း  ဦးကျော်မြင့် ခေါင်းဆောင်တဲ့ ပါတီ စီအီးစီ  ၆ ဦးက  ဒီကနေ့  မတ်လ ၆ ရက်က  ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့တာပါ။
ရှင်းလင်းရာမှာပါဝင်တဲ့ ရခိုင်အမျိုးသားပါတီ စီအီးစီ ဦးမျိုးကျော်တော့ ဒီသဘောထား ရပ်တည်ချက်တွေဟာ တရားမ၀င်တဲ့အကြောင်းနဲ့ ပြည်သူတွေရဲ့အကျိုးကို ဆန့်ကျင်တဲ့အတွက် ကန့်ကွက်ရတာလို့ ပြောပါတယ်။
“‘လူ ၇ ဦးနဲ့သာနေပြီးတော့ စပြီးတော့ ဆုံးဖြတ်ပြီးတော့ ထုတ်ထားတဲ့ ကြေညာချက်ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ဒီဟာကို တရားမ၀င်ဘူးလို့ ပြောခြင်းဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူလူထုက ကျနော်တို့ ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ်တွေကို သူတို့ရဲ့ ကိုယ်စားနေပြီးတော့ အုပ်ချုပ်ဖို့ အာဏာတွေ ကို ပေးလိုက်တယ်။ မဲပေးလိုက်တယ်။ အဲဒီဟာကို အကောင်အထည်ဖော်ဖို့ ဆိုတဲ့အခါမှာ ပါတီအနေနဲ့ အတိုက်အခံနဲ့ပဲနေမယ်၊ ၀န်ကြီးချုပ်မှ မရရင်  ဘယ်နေရာမှာမှ မပါဘူးဆိုပြီးတော့ အခါကျတော့၊  ကျနော်တို့ ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ ရပိုင်ခွင့်ကို သုံးလို့မရတော့ဘူးပေါ့” လို့ပြောပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းခဲ့တဲ့ ရခိုင်အမျိုးသားပါတီ စီအီးစီ ၆ ဦးဟာ ရခိုင်ပါတီ ၂ ပါတီ မပေါင်းစည်းခင်အချိန်က ရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)ပါတီဝင်တွေ လည်းဖြစ်ကြပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ရသေ့တောင်မြို့နယ်အမတ် ဒေါ်ခင်စောဝေကတော့ ပါတီတွင်းမှာ သဘောထားကွဲလွဲခွင့်ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“နိုင်ငံရေးဆိုတာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ ဒီတခါ အန်တီတို့ ရခိုင်အမျိုးသားပါတီနဲ့ အေအယ်လ်ဒီ အုပ်စုတွေ နည်းနည်းစိတ်သဘောထားချင်းတွေ ကွဲလွဲနေတာတွေရှိပါတယ်။ ဒါပေမယ့် ကွဲလွဲပိုင်ခွင့်လည်းရှိပါတယ်။ အဲဒီအတွက် ဒီနေ့ သူတို့လုပ်သွားတဲ့အပေါ်ကို ထောက်ထားပြီးတော့ ရခိုင်အမျိုးသားပါတီကလည်း  ဒီနေ့ သတင်း စာရှင်းလင်းပွဲကို ကြည့်ပြီး အန်တီတို့ဘက်ကလည်း လုပ်သင့် ရင်လုပ်ပေး ရမှာပေါ့၊ ဒါမှ ပြည်သူတွေက တဖက်သတ်မမြင်အောင် အန်တီတို့ကတော့ ရခိုင်အမျိုးသားပါတီ တခုတည်းနဲ့ စုစုစည်းစည်းနဲ့ သွားချင်ပါတယ်။”
ရခိုင်ပြည်နယ်လွှတ်တော်မှာ နေရာအများစု အနိုင်ရထားတဲ့အတွက် အစိုးရအဖွဲ့ကို ဦး ဆောင်ဖွဲ့ခွင့်မရရင်  အတိုက်အခံအဖြစ်ရပ်တည်မယ်လို့ ရခိုင်အမျိုးသားပါတီက ဇန်န၀ါရီ ၁၉ ရက်မှာ ကြေညာချက် အမှတ် ၁/၂၀၁၆ ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်မှာတော့  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့  မဟာမိတ်အဖြစ်က ရပ်စဲပြီး ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)နဲ့ လက်တွဲမယ်လို့ ကြေညာချက် အမှတ် ၂/၂၀၁၆ကို ထုတ်ပြန်ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ်  ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က ရွေးကောက်ခံ ပြည်နယ်လွှတ်တော်အမတ် ဦးညီပုကို ခန့်အပ်ဖို့ လျာထားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားထားပါတယ်။
ဒီအခြေအနေအတိုင်းဖြစ်လာရင် ပြည်နယ်အစိုးရအဖွဲ့မှာ အေအန်ပီပါတီက ပါဝင်ဖို့မရှိဘူးလို့ လည်း ဒေါ်ခင်စောဝေကပြောပါတယ်။
“အန်တီတို့က မယူဘူးဆိုတာ၊  သူတို့ကို ရန်သူသဖွယ်လုပ်သွားမှာမဟုတ်ပါဘူး။ အစိုးရအဖွဲ့မှာမယူပဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီအစိုးရလုပ်တဲ့ဟာတွေကို ထိန်းကြောင်းသွားမှာပါ။ တူတာတွေကိုတော့ အန်တီတို့ ပူးပေါင်းလုပ်သွားပြီးတော့ မတူတာတွေ အန်တီတို့အတွက် သဟဇာတ မဖြစ်မယ့်ဟာတွေ ကိုထောက်ပြဆွေးနွေး ဆန့်ကျင်သွားမှာပါ”
ရခိုင်အမျိုးသားပါတီဟာ ၁၉၉၀ အနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာအန်ဒီပီ) တို့ ပူးပေါင်းထားတဲ့ပါတီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅  ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၃ နေရာ အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။
လက်ရှိ ရခိုင်အမျိုးသားပါတီမှာ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအ၀င် ပါတီထိပ်ပိုင်းခေါင်းဆောင် စီးအီးစီ ၃၂ ဦးနဲ့ အများစုဟာ အာအန်ဒီပီပါတီဟောင်းက ဖြစ်ပြီး အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်အပါအ၀င် စီအီးစီ ၇ ဦးဟာ အေအယ်လ်ဒီ ပါတီဟောင်းက ဖြစ်ပါတယ်။



dvb burmese

ရခိုင်အမျိုးသားပါတီတွင်း ပဋိပက္ခများရှိနေပြီး နှစ်ပိုင်းကွဲမည့် အခြေအနေနှင့် ကြုံတွေ့နေရဟု ဆို

28 - 2 - 2016
ရခိုင်ပြည်နယ် လွှတ်တော်အတွက် အမတ်နေရာ အများဆုံး အနိုင်ရရှိထားသဖြင့် ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့် တောင်းဆိုနေသည့် ရခိုင်အမျိုးသားပါတီ (ANP) သည် ပါတီတွင်း ပဋိပက္ခများရှိနေပြီး နှစ်ပိုင်းကွဲမည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဆိုသည်။ ANP ပါတီဌာနချုပ်၌ ပြုလုပ်ခဲ့သည့် ၂ ရက်ကြာ တံခါးပိတ် အစည်းအဝေးအပြီးတွင် ပါတီသည် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း က ကြေညာခဲ့သည်။

UNA နှင့် ဆက်ဆံရေး ဖြတ်တောက်သည့် ပါတီ၏ ဆုံးဖြတ်ချက်ကို ပါတီဝင်အချို့က ကန့်ကွက်ခဲ့သော်လည်း ပြန်လည်သုံးသပ် ပြင်ဆင်မည်မဟုတ် သိရသည်။ ANP သည် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) နှင့် UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ လွန်ခဲ့သော ၂ နှစ်က ပူးပေါင်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြေငှာချက်တွင် UNA ၏ လေးစားမှုမရှိသော ဆက်ဆံပုံကြောင့် ဆက်ဆံရေး ဖြတ်တောက်ရခြင်း ဖြစ်သည်ဟု ကြေဌာချက်တွင် ဖော်ပြခဲ့သည်။ သို့သော် ANP ပါတီတွင်း လုပ်ပိုင်ခွင့်အာဏာနှင့် နေရာများကြောင့် ဖြစ်ဖွယ်ရှိသည်ဟု လေ့လာသူများက ယူဆကြသည်။ ANP ပါတီတွင်းတွင် RNDP ဟောင်းများက ပိုမိုလွှမ်းမိုးမှု ရှိသည်ဟု အများက ရှုမြင်ကြသည်။

ပါတီအတွင်း RNDP ဟောင်းများက လွှမ်းမိုးမှုရှိနေသည့် အခြေအနေကို စိန်ခေါ်မှု ဖြစ်စေသည့် အဖြစ်အပျက် ၂ ခု ဖြစ်ပေါ်ခဲ့သည်။ ပထမတစ်ခုမှာ ပါတီက ပြည်နယ်အတွင်း နေရာ အများအပြား အနိုင်ရခဲ့သော်လည်း ပါတီဥက္ကဋ္ဌဖြစ်သူ RNDP ခေါင်းဆောင်ဟောင်း ဒေါက်တာအေးမောင်မှာ ယင်း၏ မဲဆန္ဒနယ်တွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အဖြစ်အပျက်မှာ NLD လွှမ်းမိုးထားသည့် အမျိုးသားလွှတ်တော်၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် ALD ခေါင်းဆောင်ဟောင်းဖြစ်သူ ANP မှ ဦးအေးသာအောင်ကို NLD က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ANP က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်မရပါက NLD နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ဟု ကြေဌာချက်ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်ရပ်နှစ်ခုက ANP ပါတီအတွင်း ALD ဟောင်းများ၏ အခန်းကဏ္ဍကို မြင့်မားလာစေပြီး အငြင်းပွားမှုအချို့ ဖြစ်ပေါ်စေခဲ့သည်။ လေ့လာသူအချို့၏ အဆိုအရ ANP က UNA နှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ခြင်းမှာ UNA နှင့် နီးစပ်ဆဲ ဖြစ်သည့် ဦးအေးသာအောင်၏ အခန်းကဏ္ဍအား လျှော့ချရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပါတီနှင့် နီးစပ်သူများက ဆိုသည်။ ဦးအေးသာအောင်အား အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ရာတွင် NLD က ANP ကို ကြိုတင်တိုင်ပင်ခြင်း မရှိဟု သိရသည်။

ANP ကို မတိုင်ပင်ဘဲ ယင်း၏ ပါတီဝင်တစ်ဦးကို NLD က အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ ရွေးချယ်ခြင်းမှာ ကျူးကျော်ရာရောက်ပြီး ပါတီတွင် အငြင်းပွားမှု ဖြစ်ပေါ်စေကာ NLD နှင့် ဆက်ဆံရေးကို ထိခိုက်စေသည်ဟု ပါတီဥက္ကဌဖြစ်သူ ဦးအေးမောင်က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ် နေရာနှင့် ဦးဆောင်ဖွဲ့စည်းခွင့်ကို ပြည်နယ်တွင်း အများဆုံး အနိုင်ရထားသူ ဖြစ်သဖြင့် ထိုက်တန်သည့် တောင်းဆိုမှုဟု ANP က ယုံကြည်ထားသည်။

ဦးအေးသာအောင်ကိုလည်း UNA နှင့် ကင်းကင်းရှင်းရှင်းနေရန် ANP ပါတီက သတိပေးထားသည်။ အကယ်၍ ဦးအေးသာအောင်သည် UNA နှင့် ဆက်ဆံမှု ဆက်လက်ပြုလုပ်နေပါက ပါတီက အရေးယူမည်ဟု ANP ပါတီ၏ ပြောခွင့်ရ ဗဟိုအမှုဆောင် ဦးထွန်းအောင်ကျော်က ပြောကြားခဲ့သည်။

သတင်း - ခိုင်စိုးနိုင်

The Ladies News

ဘူးသီးတောင်မြို့နယ်မှ ထုထည်ကြီးမားဆုံး သုံးဆယ့်တစ်ဘုံ ဘုရားပွဲတော် မတ်လ ၃ ရက်နေ့ စတင် ကျင်းပမည်




နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ထုထည် အကြီးမားဆုံး ဖြစ် သည့် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ သုံးဆယ့်တစ်ဘုံ ဘုရား ဗုဒ္ဓပူဇေနိယပွဲတော်ကို မတ်လ ၃ ရက်နေ့တွင် စတင် ကျင်းပမည်ဟု သတင်း ရရှိသည်။
ဘုရားပွဲတော် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစံထွန်းကျော်က “ ဒီပွဲတော်ကို တပို့တွဲလဆုတ် ၉ ရက်၊ မတ်လ ၃ ရက်နေ့ကနေ သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်ကို ဘာသာရေးအရသာမက အမျိုးသားရေး အသိစိတ်ဓာတ်နဲ့ အနယ်နယ်အရပ်ရပ်မှ ရခိုင်သူ ရခိုင်သားများကို ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါရစေ” ဟု နိရဉ္စရာသို့ ပြောသည်။
သုံးဆယ့်တစ်ဘုံ စေတီတော်မှာ ရခိုင်ဘုရင်များ နောက်ပိုင်း ရခိုင်ပြည်တွင် တည်ထားခဲ့သော အကြီးမားဆုံး စေတီတော် တစ်ဆူ ဖြစ်ပြီး စစ်ဘေးဒဏ်၊ လူမျိုးခြားများ၏ ဖျက်ဆီးမှု ဒဏ်တို့ကို နှစ်ရှည်လများ ခံခဲ့ရသည့် စေတီတော် တစ်ဆူ ဖြစ်သည်။ ဒေသခံပြည်သူများ၏ စုပေါင်း ကာကွယ် ထိန်းသိမ်းထားသဖြင့် လက်ရှိ အချိန်ထိ တည်တံ့နေသော တစ်ခုတည်းသော ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မှ အကြီးမာဆုံး ဗုဒ္ဓသာသနိက အဆောက်အအုံ တစ်ခု ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း စေတီတော်၏ အစိတ်အပိုင်းအများအပြားမှာ ပျက်စီးယိုယွင်းနေပြီး စေတီတော်အနီးရှိ ရှစ်သောင်းဘုရားပုထိုးနှင့် ငရဲဇရပ်တို့မှာ လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
“ ဒီစေတီတော်က ထုထည်အလွန်ကြီးမားပြီး စေတီတွေကို ဘုံသုံးဆင့်နဲ့ စီစီရီရီ တည်ထားပြီး ရဟန်းတော် အပါးငါးရာနဲ့ဘုရားရှင် ဆွမ်းခံကြွနေတဲ့ ပုံတွေကိုပါ စေတီတော်ပတ်ပတ်လည်လည်မှာ တည်ထားပါတယ်။ ထုထည်ကြီးမားတဲ့ အတွက် ဒီစေတီတော် တည်တံ့ရေးကို ဒီနယ်သူ နယ်သားတွေရဲ့ အင်အားလောက်နဲ့ ထိန်းသိမ်းကာကွယ်ဖို့ မဖြစ်နိုင်ပါ။ ဒါကြောင့် အမျိုးသားရေး အသိနဲ့ ဒီစေတီတော်ကို ထိန်းသိမ်း ကာကွယ်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ဘာသာရေး အသိအပြင် အမျိုးသားရေး အသိနဲ့ပါ ကာကွယ်စောင့်ရှောက်ဖို့ လူတိုင်းကို ဖိတ်ခေါ်ပါတယ်” ဟု ဦးစံထွန်းကျော်က ပြောသည်။
သုံးဆယ့်တစ်ဘုံ စေတီမှ ဘူးသီးတောင်မြို့ အရှေ့တောင်ဘက် ၁၃ မိုင် အကွာ စံကိုးထောင် ကျေးရွာတွင် တည်ရှိသည်။
စေတီတော်အား ဘုရားဒကာကြီး ဦးကျော်ခိုင်နှင့် ဇနီး ဒေါ်လှဝန်းတို့က ၁၂၆၄ ခုနှစ် နတ်တော် လဆန်း (၅) ရက်နေ့တွင်စတင် အုတ်မြစ်ချ တည်ထားပြီး ၁၂၆၈ ခုနှစ် နတ်တော် လပြည့်နေ့တွင် ထီးတော်တင် အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်ဟု စေတီတော် သမိုင်းမှတ်တမ်းအရ သိရသည်။
၁၉၄၂ ခုနှစ် ကုလား- ရခိုင် အဓိဂရုဏ်းတွင် စေတီတော် အထက်ပိုင်း အဆင့်ကိုးဆင့်ကို ဘာသာခြားများက ဖျက်ဆီးပစ် ခဲ့ပြီး နှောင်းလူများ ပြန်လည် တည်ဆောက်ခဲ့ရသည်ဟု ဆိုသည်။
ယခုအခါ စေတီတော်အား ရွာပေါင်း ၃၀ မှ ဘုရားဂေါပက အဖွဲ့ဖြင့် ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း ဂေါပက အဖွဲ့အတွင်းရေးမှူး သိန်းရွှေဦးက ပြောသည်။
ပွဲတော်သုံးရက်အတွင်း စိန်ရွှေရတနာ ဇာတ်အဖွဲ့မှ ကပြ ဖြေဖျော်မည်ဟု သိရသည်။
(ဓာတ်ပုံ- နိရဉ္စရာ)



Arakan State

Comments system

Flag Counter