ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို UNFC ဘာကြောင့် မတက်ရသလဲ
2016-01-14
ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ရတာဟာ ဒီညီလာခံဟာ အနှစ်သာရမရှိတဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကတစ်ဆင့် ပေါ်ပေါက်လာတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ANC အထွေထွေအတွင်းရေးမှူး နှင့် UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဦးထွန်းဇော်နှင့် RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဦးတင်အောင်ခိုင်။ ။အခုကျင်းပနေတဲ့ငြိမ်းချမ်းရေးညီလာခံပေါ့လေ (၃)
ရက်မြှောက်ရှိသွားပြီပေါ့။ ဒီညီလာခံနဲ့ပတ်သတ်ပြီးတော့ UNFC
ရဲ့အမြင်လေးနည်းနည်းပြောပြပေးပါအုံးခင်ဗျား။
ဦးထွန်းဇော်။ ။ ဟုတ်ကဲ့။ ညီလာခံကတော့အခု NCA အပေါ်မှာအခြေခံပြီးလုပ်တယ်ဆိုတော့လေ၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို မဖေါ်ဆောင်နိုင်တဲ့စာချုပ်ဖြစ်နေတာကို။ အဲဒီစာချုပ်ကအဖွဲ့အားလုံးလဲ မပါဘူးလေ။ အဲဒါကြောင့်မို့ အနှစ်သာရတော့မရှိဘူးပေါ့။ အနှစ်သာရမရှိတဲ့ ဒီစာချုပ်အပေါ်မှာ အခြေခံပြီးတော့လုပ်တဲ့ ညီလာခံလည်းပဲ အနှစ်သာရမပြည့်ဝဘူးဆိုတဲ့သဘောမျိုး ဖြစ်နေပါတယ်။
ဦးတင်အောင်ခိုင်။ ။ ဟုတ်ကဲ့။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သတ်ပြီးတော့ လက်မှတ် ရေးထိုးတဲ့ကိစ္စပေါ့။ ဒုတိယကတော့ နောက်ဆက်တွဲကျင်းပလာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံပေါ့လေ။ ဒီညီလာခံနဲ့ပေါ့လေ လက်မှတ်ရေးထိုးတဲ့ပွဲတွေမှာ လက်မှတ်ရေးထိုးခြင်းမရှိတဲ့အဖွဲ့တွေ၊ နောက်တခါ ညီလာခံကိုတက်ရောက်ခြင်းမရှိတဲ့အဖွဲ့တွေဟာ ပြည်ပ ပယောဂကြောင့် တက်ရောက်တာ မဟုတ်ဘူး ဆိုပြီးတော့ ဝေဖန်ချက်တွေရှိနေပါတယ်ခင်ဗျား။ အဲလိုအပေါ်မှာ ဘာများတုံ့ပြန်ချင်ပါလဲ။
ဦးထွန်းဇော်။ ။ အဲဒါတော့ မဟုတ်လောက်ဘူးထင်ပါတယ်။ တောက်လျှောက်ကတော့ ပြည်ပလို့ပြောရအောင်ပေါ့လေ ကျနော်တို့ NCA လက်မှတ်မရေးထိုးခင်ကာလအထိ ကျနော်တို့ နိုင်ငံတကာရဲ့အသိသက်သေအနေအထားကို ကျနော်တို့အတူတကွ လိုလားခဲ့ကြတယ်။ ဖေါ်ဆောင်ခဲ့ကြ တာပဲလေ။ အဲဒါကြောင့် ကျနော်တို့ ပြည်ပရဲ့ ပါဝင်မှု၊ စွပ်ဖက်မှုကြောင့် ကျနော်တို့ လက်မှတ် ရေးထိုးခြင်း၊ မရေးထိုးခြင်းကတော့ ဒါအဓိပ္ပါယ်မရှိဘူးလို့ ကျနော်မြင်ပါတယ်။
ဦးတင်အောင်ခိုင်။ ။ နောက်သုံးသပ်ချက်ကတော့ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ အဖွဲ့တွေက အခုအစိုးရ အမှတ်ယူသွားမဲ့ကိစ္စကို မလိုလားဘူးဆိုတဲ့ဟာမျိုးလည်း သုံးသပ်တာလည်းရှိပါတယ်ခင်ဗျား။ အဲဒီအပေါ်မှာဘယ်လိုများ ယူဆပါလဲ။
ဦးထွန်းဇော်။ ။ ဟုတ်ကဲ့။ အဲလိုအသံတွေလည်း ကြားနေရတာကြာပါပြီ။ ကျနော်တို့ကလည်း ဘယ်အစိုးရကိုတော့အမှတ်ပေးမယ်၊ ဘယ်အစိုးရကိုတော့အမှတ်မပေးဘူးဆိုတဲ့ ပုံစံတော့ မရှိပါဘူး။ ငြိမ်းချမ်းရေးက အချိန်တိုင်းလိုအပ်နေတာပဲ။ ကျနော်တို့ တရက်စောစောရရင် တရက် တိုင်းပြည်အတွက် ပိုကောင်းတာပဲလေ။ နောက်အစိုးရကိုမှ စောင့်မယ်၊ ဒီအစိုးရလက်ထက်မှာ မထိုးဘူးဆိုတဲ့ အဲလို ရပ်တည်ချက်သဘောထားတွေ ကျနော်တို့မှာ မရှိပါဘူး။ မရှိလို့လဲ ကျနော်တို့ ပြီးခဲ့တဲ့ (၂) နှစ်ကျော်ကာလ အတွင်းမှာ စေ့စပ်ညှိုနှိုင်းမှုဆွေးနွေးမှု ဖြစ်စဉ်တလျှောက်လုံးကြည့်လိုက်ပေါ့။ ကျနော်တို့ မြေပြင်ထိုးစစ် ဆင်နေမှုတွေကို မြန်မာ့တပ်မတော်ကြီးက ပြင်းပြင်းထန်ထန်လုပ်နေတယ်။ အဲဒီအချိန်မှာ တပြိုင်တည်းမှာပဲ စေ့စပ်ညှိုနှိုင်းမှု တွေကို လုပ်ပါတယ်။ ဒါတွေက ကျနော်တို့လက်တွေ့ သက်သေပြတာပဲ။ နောက်ပြီးတော့မှ ဦးသိန်းစိန် အစိုးရကို ကျနော်တို့က အမှတ်ပေးချင်လား၊ မပေးချင်ဘူးလားဆိုတာလည်း လက်တွေ့ ကြည့်ပေါ့။ တဖက်က နေပြီးတော့မှ (၆) ဖွဲ့ကို အသိအမှတ်မပြုဘူးပေါ့ဗျာ။ ဒီ စေ့စပ်ညှိုနှိုင်းမှုဖြစ်စဉ် တလျှောက်လုံးမှာ NCA စာချုပ်မှုကြမ်း ကျနော်တို့စေ့စပ်ညှိုနှိုင်းကျတဲ့အခါမှာ တောက်လျှောက်ပါလာခဲ့တဲ့ အဖွဲ့ (၆) ဖွဲ့ကို သူတို့က အကြောင်းအမျိုးမျိုးပြပြီးတော့မှ ချန်လှပ်တယ်ပေါ့လေ။ ဒါပေမဲ့ ကျနော်တို့က ဒီလိုမျိုးချန်လှပ်ထားတာ မသင့်တော်ဘူး၊ ချန်ထားရင်လည်းပဲ အာမခံချက်တွေပေးပါဆိုပြီးတော့မှ နည်းလမ်းတွေ ရှာဖို့အတွက် နေပြည်တော်ထိသွားရောက်ပြီးတော့မှ ဦးသိန်းစိန်နဲ့ထိပ်တိုက် ကျနော်တို့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပဲ။ ဒါက အမှတ်ပေးလိုလား၊ မပေးလိုဘူးလားဆိုတာ ကျနော်တို့ ပြောနေစရာတောင်မလိုဘူးပေါ့လေနော်။ ကျနော်တို့ လက်တွေ့သက်သေပြပြီးသား ဖြစ်ပါတယ်။
ဦးတင်အောင်ခိုင်။ ။ အခု ဒါဆိုရင် လက်မှတ်ရေးထိုးခြင်းမရှိတဲ့အဖွဲ့တွေ ဘာကြောင့်မို့လို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မတက်လာတာလဲ ခင်ဗျား။
ဦးထွန်းဇော်။ ။ အကြောင်းအရင်းခံကတော့ အဲဒါပဲလေ။ ကျနော်တို့ NCA က တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ဖြစ်တယ်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုသည်မှာ အားလုံးပါဝင် ရမယ်ပေါ့ဗျာ။ ဒါပေမဲ့ လက်မှတ်ရေးထိုးတဲ့အခါမှာ အားလုံးပါဝင်ခွင့်မပြုဘူးပေါ့နော်။ ဆိုတော့ အားလုံး ပါဝင်မှုမရှိတဲ့ NCA သဘောတူစာချုပ်အပေါ်မှာ အခြေခံပြီးတော့မှ လုပ်တဲ့ဟာက တချက်။ နောက်တချက် ကလည်းပဲ ဒီ NCA ကို လက်မှတ်ထိုးခြင်း၊ မထိုးခြင်းအပေါ်မှာမူတည်ပြီးတော့ ခွဲခြားပြုမူ ဆက်ဆံ နေတာတွေလည်း ရှိနေတယ်။ အဲဒါက တချက်။ နောက်တချက်ကတော့ ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ အတည်ပြုလိုက်တဲ့နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကလည်းပဲ ကျနော်တို့လိုလားတဲ့ပုံစံ မဟုတ်ဘူး။ အဲဒီ အချက်တွေကြောင့်ပေါ့လေ ကျနော်တို့ တက်ရောက်နိုင်မှု မရှိတာဖြစ်ပါတယ်။
ဦးတင်အောင်ခိုင်။ ။ နောင်အစိုးရ လက်ထက်မှာကော ဒီထက်ကျယ်ပြန်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာ နိုင်မယ်လို့ ယူဆထားပါလားခင်ဗျား။
ဦးထွန်းဇော်။ ။ ဖြစ်နိုင်ပါတယ်။ အားလုံးပါဝင်မှုရှိရင်တော့ ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးလို့ ပြောတယ်လို့ရှိရင် ငြိမ်းချမ်းရေးမှာပါဝင်ပတ်သတ်နေတဲ့ အားလုံး ပါဝင်သင့်ပါဝင်ထိုက်တဲ့ (Stakeholder) တွေ ပါရမှာပေါ့။ ဖြစ်စဉ်တလျှောက်လုံးမှာကြည့်လိုက်ပေါ့နော် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း (၂၁) ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ၊ စေ့စပ်ညှိုနှိုင်းမှုတွေ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံး လက်မှတ်ထိုးတဲ့အခါမှာ ဒီ (၂၁) ဖွဲ့လုံးအပေါ်မှာ အသိအမှတ်ပြုခြင်း မရှိဘူးပေါ့ဗျာ။ ဒီလိုမျိုး (၂၁) ဖွဲ့လုံး ပါဝင်မှုကို ဖေါ်ဆောင်နိုင်တယ်ဆိုရင်တော့ အဆင်ချောမယ့်အနေအထားတော့ ရှိမှာပေါ့နော် ရှေ့အနာဂတ်မှာ။
ဦးတင်အောင်ခိုင်။ ။ ဦးထွန်းဇော်ခင်ဗျား အခုလိုရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား။
ဦးထွန်းဇော်။ ။ ဟုတ်ကဲ့ပါခင်ဗျား။
အသံဖိုင်နားထောင်ရန် >>> https://soundcloud.com/3yul8wbk9zra/unfc

EmoticonEmoticon