ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) နှင့်DPN အဖွဲ့တို့ NCA စာချုပ်သဘောတူ လက်မှတ်ရေး ထိုးနိုင်ရေး တွေ့ဆုံဆွေးနွေး




ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) နှင့်DPN အဖွဲ့တို့ NCA စာချုပ်သဘောတူ လက်မှတ်ရေး ထိုးနိုင်ရေး တွေ့ဆုံဆွေးနွေး
=========================================
သတင်း - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်
ရန်ကုန် သြဂုတ် ၂၀
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ (NCA) စာချုပ်တွင် လက်မှတ် ရေးထိုးနိုင်ရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစုံ ဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တို့သည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC ) ရန်ကုန်၌ တွေ့ဆုံ ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံအကြိုပြင်ဆင်ရေး ကော်မတီမှ ဦးသိန်းဇော်တို့က အဖွင့် အမှာစကားများ ပြောကြားကြသည်။
ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ ဝင်များက NCA လက်မှတ်ရေးထိုး နိုင်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံတက်ရောက် နိုင်ရေးတို့အတွက် UNFC မှ အဆိုပြုတင်သွင်းလာသည့် မူကြမ်း (၈) ချက်အား နှစ်ဖက်ခေါင်းဆောင်များက အပြန်အလှန်ဆွေးနွေးကြခြင်း ဖြစ်သည်။
ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ''ဒီနေ့ဆွေးနွေးချက်ဟာ အလွန် အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် တစ်တိုင်းပြည်လုံးမှာ ထောက်ခံပွဲ တွေ၊ သက်ဆိုင်တဲ့ ဂီတပွဲတွေ၊ ကာတွန်း၊ ပန်းချီပြပွဲတွေ စသဖြင့် လုပ်ဆောင်ပြီး ပြည်သူလူထုက မျှော်လင့်တကြီး စောင့်စားနေတဲ့အတွက် မျှော်လင့်ချက်တွေကို ဖြည့်ဆည်းနိုင်ပြီး ဆက်လက် ပြီးတော့ ဖော်ဆောင်ရမယ့် တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းမှာလည်း အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုလိုစိတ်ဝင် တစားဆွေးနွေးပေးကြတဲ့ ခေါင်းဆောင်တွေနဲ့ နှစ်ဖက်အထောက်အကူပြု အဖွဲ့တွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်'' ဟု နိဂုံးချုပ် အမှာစကားတွင် ထည့်သွင်းပြောကြား ခဲ့သည်။
ယင်းနောက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ် အဖွဲ့ (DPN) ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွမ်မော်က ''ဒီနေ့ ဆပ်ကော်မတီ (၂)နဲ့ DPN အစည်း အဝေးမှာ UNFC ရဲ့ အဆိုပြုမူကြမ်း (၈) ချက်ကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါ တယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးချက်တွေနဲ့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးဖို့ လျာထားခဲ့တဲ့ ခေါင်းစဉ် (၈)ခုအပေါ်မှာ ရလဒ်တွေ ရှိပါတယ်။ အချို့အချက်တွေကတော့ ဆက်ပြီးဆွေးနွေးဖို့ လိုအပ်ဆဲဖြစ်ပါ တယ်။ တစ်နိုင်ငံလုံးကနေ မျှော်လင့် နေတာကတော့ မကြာခင်ကျင်းပမယ့် (၂၁) ရာစုပင်လုံညီလာခံအပေါ်မှာ NCA လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေ တက်ရောက်နိုင်မှုအနေအထားပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ (၂၁) ရာစုပင်လုံကို တက်ရောက်နိုင်ရေး အတွက် ကြိုးစားနေတာဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးပြီးလို့ မနက်ဖြန်မှာလည်း မူဘောင်ဆိုင်ရာဆွေးနွေးပွဲ တွေကို ကျွန်တော်တို့တက်မှာ ဖြစ်ပါတယ်။ အခြားခေါင်းစဉ်တွေနဲ့ ဆက်စပ် ဆွေးနွေးဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့လက်မှတ်မထိုးတဲ့ အဖွဲ့တွေကတော့ နိုင်ငံတော်အစိုးရ ကို ယုံကြည်တဲ့စိတ်ဓာတ်၊ ဂုဏ်ပြုတဲ့ စိတ်ဓာတ်နဲ့ (၂၁) ရာစုပင်လုံကို တက်ရောက်နိုင်ဖို့ လာရောက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဆွေးနွေး ပွဲမှာ ရလဒ်ကောင်းတွေရပါတယ်။ မနက်ဖြန် ဆက်လက်ကျင်းပမယ့် အစည်းအဝေးတွေမှာလည်း အားတက်သရော ဆွေးနွေးပြီးတော့ အားလုံးအတွက်ကောင်းမွန်တဲ့ နိုင်ငံ့ ရှေ့ရေးကို ဆောင်ရွက်သွားမှာဖြစ်ပါ တယ်'' ဟု ပြောကြားသည်။
ဆွေးနွေးပွဲကို ညနေ ၄ နာရီခွဲတွင် ရုပ်သိမ်းခဲ့ပြီး ယနေ့ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်ဘက်မှ အဖွဲ့ဝင် ၁၁ ဦးနှင့် UNFC ဘက်မှ အဖွဲ့ဝင် ၁ဝ ဦးတို့ တက်ရောက်ခဲ့သည်။
အစည်းအဝေး အပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေ နှင့် DPN ဒုတိယအဖွဲ့ ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွမ်မော်တို့အား ယနေ့ ပြုလုပ်သည့် အစည်းအဝေးနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
(၂၁)ရာစုပင်လုံအကြိုပြင်ဆင်ရေး ကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေ
ဒီနေ့ဆွေးနွေးနေတာက NCA ကို လက်မှတ်ရေးထိုးလိုတဲ့အတွက် သူတို့ ဘက်က ဆွေးနွေးလိုတဲ့ အချက်တွေ ကိုဆွေးနွေးတာပါ။ DPN ဘက်က NCA ကို လက်မှတ်ရေးထိုးလိုတဲ့ အတွက် ဒီအချက် ဒီအချက်တွေကို အစိုးရနဲ့ ကော်မရှင်ဘက်က ရှင်းလင်း ပေးဖို့၊ ဆွေးနွေးပေးဖို့၊ ဆောင်ရွက်ပေး ဖို့ဆိုတာပါ။ ကျွန်တော်တို့ဟာ NCA ကိုအခြေခံပြီးသွားရမှာဖြစ်တဲ့အတွက် NCA ပေါ်မှာပဲဆွေးနွေးရ မှာပါ။ ညီလာခံတက်တာနဲ့ NCA လက်မှတ်ထိုးတာနဲ့ မတူပါဘူး။ ညီလာခံတက်တာက NCA လက်မှတ် ထိုးခြင်းမထိုးခြင်းနဲ့ မဆိုင်ပါဘူး။အခုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကနေ အားလုံးပါဝင်ရေး မူကိုစွဲကိုင်ပြီး ဆက်လက်ကြိုးစားမယ်။
ယုံကြည်မှုတွေတည်ဆောက် မယ်။ ညီလာခံပြီးရင်တော့ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ NCA မှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒါတွေ ဆက်ပြီးဆွေးနွေးနိုင်ဖို့က အဓိက ရည်ရွယ်ချက်ထဲမှာ ပါပါတယ်။
မနက်ဖြန်မှာ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုတဲ့ UPDJC အဖွဲ့ဝင် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ကျွန်တော်တို့ ကော်မတီ နဲ့ ကော်မရှင်အဖွဲ့တွေ နိုင်ငံရေး မူဘောင် (Framework) ကို ဆွေးနွေး ပါမယ်။ အဲဒီလိုဆွေးနွေးတဲ့အခါမှာလည်း ကျွန်တော်တို့ လက်မှတ်မရေး ထိုးထားသေးတဲ့ အဖွဲ့တွေကို ဖိတ်ကြားထား ပါတယ်။ အခုကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် Framework ကပြီးပါပြီ။ ညီလာခံပြီးတဲ့ အခါမှာလည်း Framework ကိုဆက်လက်ဆွေးနွေး မယ်ဆိုတဲ့ ကတိကဝတ်ရှိထားတဲ့ အတွက် ၂၁ ရက်နေ့ မှာဆက်ဆွေးနွေး မှာပါ။ ၂၁ ရက်နေ့ တစ်နေ့လုံး Framework ဆွေးနွေးမယ်။ အဲဒီမှာ လက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့ရော၊ လက်မှတ်မထိုးရသေးတဲ့ DPN က ခုနစ်ဖွဲ့ရော၊ နောက်အထူးဒေသ (၄) မိုင်းလားရော ဖိတ်ထားပါတယ်။ သူတို့အားလုံးတက်မယ်ပြောတယ်။ Framework က NCA လိုမဟုတ်ဘူး။ လိုအပ်ရင်ပြင်လို့ရတယ်။ ဒါကို ဆက်ပြီးဆွေးနွေးမယ်။ ၂၂ ရက်နေ့မှာလည်း ညီလာခံပူးတွဲကျင်းပရေး ကော်မတီမှာ သူတို့ကို DPN ပါဝင်ခွင့် ပေးထားတဲ့အတွက် တက်ရောက်နိုင် ဖို့ရှိတယ်။ ဆိုလိုတာကတော့ အခု ညီလာခံမှာ NCAကို မကျော်ဘဲနဲ့ အားလုံးပါဝင်နိုင်မယ့် နည်းလမ်းကို ရှာနေတယ်။
နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ဒုတိယ အဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွမ်မော်
UNFC က အဆိုပြုထားတဲ့ (၈) ချက်ကတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တွေ့တုန်းက ကျွန်တော်တို့ တောင်းဆိုထားတဲ့ နှစ်ဖက်အပစ် အခက်ရပ်စဲကြောင်း ကြေညာနိုင်ဖို့ ဖြစ်ပါတယ်။ နောက်တစ်ချက်က Framework Review တွေကို ဘယ်လိုလုပ်မလဲ၊ နောက်တစ်ချက်က NCA မှာ ကျွန်တော်တို့ဘက်က ပြင်ဆင်ချင်တဲ့ အချက်လေးတွေရှိပါ တယ်။ အဲဒီအချက်တွေကို ပြောဆို ဆွေးနွေးတာပါ။ ရလဒ်ကောင်းပါ တယ်။ ဆက်ဆွေးနွေးရမယ့် တစ်ချက် နှစ်ချက် ကျန်ပါသေးတယ်။ ဆုံးဖြတ် ချက်မဟုတ်သေးပေမယ့် Framework Review လုပ်ပြီးမှ ဆုံးဖြတ်ချက် အနေနဲ့ အတည်ပြုနိုင်မှာပါ။ အခု အနေနဲ့ကတော့ သဘောတူထားပြီး ဖြစ်ပေမယ့် ရလဒ်အနေအထားနဲ့သာ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါတယ်။ ဒါတွေ ညှိနှိုင်းပြီးလို့ သဘောတူရင် လက်မှတ်ထိုးမှာပါ။ NCA လက်မှတ် ထိုးဖို့ တောင်းဆိုချက်တွေ အများကြီး မရှိပါဘူး။ ကျွန်တော်တို့ အရင် ရှစ်ဖွဲ့ လက်မှတ်ထိုးခဲ့တဲ့ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်း ရေးအဖွဲ့ (NCCT)နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)တို့နဲ့ ဆွေးနွေး ချက်တွေမှာ ကျန်ခဲ့တဲ့ နိုင်ငံတကာ သက်သေနဲ့ ပတ်သက်တဲ့ မရှင်းလင်းတဲ့ အချက်တွေ၊ လူသားချင်းစာနာမှု ကိစ္စတွေနဲ့ တကယ်လို့ NCA မှာ တစ်စုံတစ်ရာ အခက်အခဲကြုံလာရင် ဘယ်လိုဖြေရှင်းကြမလဲ။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC)ကိုထပ်ပြီးတော့ ဘယ်လိုမျိုး အားကောင်းအောင် လုပ်မလဲဆိုတဲ့အပိုင်းကို အဓိကထား ဆွေးနွေးတာ ဖြစ်ပါတယ်။
သဘောတူညီချက်ကတော့ ဥပမာ-JMC ဆို အားကောင်းရမယ်။ အားကောင်းဖို့ အတွက် UNFC ရဲ့ တောင်းဆိုချက်တွေ ရှိတယ်။ ဒါကို အစိုးရဘက်ကလည်း စဉ်းစားမယ်။ UNFC ကလည်းဆက်ပြီးစဉ်စားမယ်။ ဒါပေမယ့် သဘောတူညီချက်ကတော့ JMC ဟာ အားကောင်းရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကျန်တဲ့အချက်တွေ ကတော့ မူဘောင်ရေးဆွဲရေးမှာ ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့ အချက် တွေ ဖြစ်ပါတယ်။ မူဘောင်ကတော့ မဆွေးနွေးရသေးလို့ ရလဒ်တွေ မထွက်တာဖြစ်ပါတယ်။ မနက်ဖြန်မှ မူဘောင်ဆွေးနွေးရေးတွေ စမှာဖြစ်ပါ တယ်။ အရင်က UNFC က မြောက်ပိုင်းသုံးဖွဲ့ကို ညှိနှိုင်းပေးပါတယ်။ အခုတော့ အစိုးရနဲ့ တိုက်ရိုက် ချိတ်ဆက်နေတာဆိုတော့ မညှိနှိုင်း ပါဘူး။
ဒါပေမယ့်လိုအပ်လို့ရှိရင်တော့ ညှိနှိုင်းပေးဖို့ ကျွန်တော်တို့မှာ အဆင်သင့်ရှိပါတယ်။ ညီလာခံမှာအားလုံးတက်ရောက်နိုင်မလားဆိုတာ နှစ်မျိုးရှိ တယ်။ ညီလာခံကိုအားလုံးတက်ရောက် နိုင်ဖို့ပဲရည်ညွှန်းရင် အားလုံး တက်ရောက်နိုင်ပါတယ်။ အဆင့်တိုင်းမှာ ဆွေးနွေးဖို့တော့ လိုပါသေးတယ်။


Credit - MOI Webportal Myanmar


EmoticonEmoticon

Comments system

Flag Counter