တရုတ်အိမ်ရှေ့မင်းသားရဲ့ တိုင်းရင်းသားအရေး မှတ်ချက်နဲ့ လတ်တလော မူဆယ်ဒေသတိုက်ပွဲ
==========================================
\\ စိုင်းထွန်းအောင်လွင် \\



-- တရုတ် ကွန်မြူနစ်ပါတီမှာ (Princeling) လို့ခေါ်တဲ့ အိမ်ရှေ့မင်းသား အဖွဲ့ဆိုတာ ရှိပါတယ်။ တစ်နည်းအားဖြင့်တော့ ကွန်မြူနစ်ပါတီ ထိပ်သီးခေါင်းဆောင်ဟောင်းတွေရဲ့ သားသမီးတွေ ပါဝင်တဲ့ အစုအဖွဲ့ကို ဆိုလိုတာပါ။ ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း မော်စီတုန်းရဲ့ မြေး၊ သမ္မတနဲ့ ၀န်ကြီးချုပ် အဆက်ဆက်ရဲ့ သားသမီးတွေ ၊ ထင်ရှားကျော်ဇော တဲ့ နိုင်ငံရေး သမားတွေရဲ့ ဆွေမျိုးတွေ ပါဝင်တဲ့ ဆွေမျိုးတွေ ပါဝင်တဲ့ အင်အားစု ဖြစ်ပါတယ်။ အိမ်ရှေ့မင်းသားပေါင်း ၂၀၀ ကျော် ရှိတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီအဖွဲ့ ပေါ်လာရတဲ့ အကြောင်းအရင်းကတော့ မော်ရဲ့ ယဉ်ကျေးမှု တော် လှန်ရေးမှာ ပြုပြင်ပြောင်းလဲရေး အတွေးအခေါ်ရှိတဲ့ ကွန်မြူနစ် ပါတီ ခေါင်းဆောင်အချို့ဟာ ပြန်လည် ပြင်ဆင်ရေး သမားတွေအဖြစ် အရေးယူခြင်း ခံရပါတယ်။ အဲဒီထဲကမှ အချို့ဟာ တိန့်ရှောင်ဖိန် လက်ထက်မှာ ပြန်လည် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မော်စီတုန်းလက်ထက်က အရေးယူခြင်းခံရတဲ့ ဘိုယီဘို အပါအ၀င် ၀ါရင့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း ၈ ဦးဟာ တိန့်ရှောင်ဖိန် လက်ထက်မှာ “Eight Elders” လို့ အမည်ရတဲ့ အတိုင်ပင်ခံ အဖွဲ့ကို ဖွဲ့ပါတယ်။ တရုတ်ပြည်ရဲ့ ခေါင်းဆောင်သစ်ကို ရွေးချယ်ပါတယ်။ အဲဒီ အတိုင်ပင်ခံ အဖွဲ့ကပဲ သူတို့ ခေါင်းဆောင် ဟောင်းတွေဟာ တရုတ်ပြည်ကို ဆက်လက် ဦးဆောင်သင့်တယ် ဆိုတဲ့ အမြင်ရှိပြီး ဆော်သြခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်းတွေရဲ့ သားသမီးတွေကို အိမ်ရှေ့မင်းသားတွေ အဖြစ် ခေါ်ဝေါ်လာခဲ့ကြတာပါ။ မကြာသေးခင်ကမှ ထောင်ဒဏ်ချမှတ်ခံရတဲ့ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ဘိုရှီလိုင်းနဲ့ ဘိုယီဘို သားအဖဟာ တိန့်ရှောင်ဖိန် လက်ထက်ကတည်းက ကျန်ဇီမင်းကို နောက်လာမယ့် သမ္မတသစ်အဖြစ် တင်မြောက်ဖို့ ကြိုးစားခဲ့သူပါ။
တရုတ်ကွန်မြူနစ်ပါတီမှာ ဒုတိယ အုပ်စုကတော့ ကွန်မြူနစ် ပညာ တတ်တွေ၊ ကျေးလက် ခေါင်းဆောင်တွေ၊ လူငယ်အဖွဲ့ချုပ်ကွန်ရက်မှ တစ်ဆင့် တက်လာသူတွေ ပါဝင်တဲ့ အုပ်ချုပ်တွေလည်း ပါဝင်ပါတယ်။ တစ်ခါတစ်ခါ အဲဒီအုပ်စု နှစ်စုအကြား အပေးအယူ လုပ်ရတာတွေတောင် ရှိပါသတဲ့။ တစ်ခါတစ်ခါ အုပ်စုတွင်း အားပြိုင်မှုတွေလည်း ရှိတတ်တယ်လို့ ဆိုကြပါတယ်။ ရှန်ဟိုင်း အတွေးအခေါ်နဲ့ နီးစပ်သူတွေဖြစ်တဲ့ ဟူကျင်တောင်၊ ၀န်ကျားပေါင် ခေတ်မှာ ကျန်စီမင်းနဲ့ နီးစပ် တဲ့ ပေါ်လစ်ဗျူရိုတွေကြောင့် ရုန်းကန်ခဲ့ရဖူးပါတယ်။ အိမ်ရှေ့မင်းသားတွေ ဟာလည်း စီးပွားရေး လုပ်ငန်းများစွာ ရှိသူတွေပါ။ ဒါကြောင့် တရုတ်ပြည်မှာ အကျင့်ပျက်ခြစားမှု အပြီးပိုင် တိုက်ဖျက်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ လက်ရှိ မြန်မာအရေးနဲ့ ပတ်သက်လို့ တရုတ်ပြည်ဘက်က ပြန်လည် ဖွဲ့စည်းထားတဲ့ တရုတ်- မြန်မာ ချစ်ကြည်ရေး အသင်းဆိုတာ ရှိပါတယ်။ ပြန်ဖွဲ့တာ ၄ နှစ်လောက်ရှိပါပြီ။ မြစ်ဆုံ၊ လက်ပံတောင်းကိစ္စ အငြင်းပွား ကန့်ကွက်မှုတွေ ပေါ်ပေါက်လာပြီး အနောက်နဲ့ မြန်မာ စတင်ဆက်ဆံလာချိန်မှာ တရုတ်အနေနဲ့ မြန်မာနဲ့ ပတ်သက်လို့ အစိုးရချင်း ဆက်ဆံမှုသာမက ပြည်သူချင်း ဆက်ဆံမှု ၊ အရပ်ဘက် အဖွဲ့အစည်း၊ မီဒီယာတွေ အပါအ၀င် နိုင်ငံရေး ပါတီတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ အတွက် ရည်ရွယ်ပြီး တရုတ်နိုင်ငံရဲ့ မြန်မာအရေး မူဝါဒနဲ့ ပတ်သက်လို့ မူဝါဒပိုင်းဆိုင်ရာ အထောက်အကူပြုဖို့ ဖွဲ့စည်းခဲ့ တာ ဖြစ်ပါတယ်။ ၂၀၁၃ နောက်ပိုင်း တရုတ်က မြန်မာနိုင်ငံက သတင်းမီဒီယာ အရပ်ဘက် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေ ကို မကြာခဏ တရုတ်ပြည်ကို ဖိတ်ကြားလေ့ရှိတာလည်း အဲဒီ အဖွဲ့အစည်းပါပဲ။
ဥက္ကဋ္ဌလုပ်သူက မစ္စတာ ကင်ကျိယွင် ဆိုသူပါ။ ကင်ကျိယွင်ရဲ့ ဖခင်ဖြစ်သူက ချူအင်လိုင်း လက်ထက်မှာ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ပေါ်လစ်ဗျူရိုအဖြစ်လည်း ထမ်းဆောင်ခဲ့ဖူးတဲ့ မစ္စတာ ကင်ဗျောင်လို့ ခေါ်ပါတယ်။ ကင်ဗျောင်ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး အဖြစ်လည်း ထမ်းဆောင်ခဲ့ဖူးပါတယ်။ လက်ရှိ တရုတ်သမ္မတ ရှီကျင့်ပင်ကတော့ မစ္စတာ ကင်ဗျောင် လက်ထက်မှာ မစ္စတာ ကင်ဗျောင်ရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူပါ။ မြန်မာ သံအမတ်အဖြစ် သူ့ဖခင် တာဝန်ထမ်းဆောင်စဉ် မြန်မာပြည်မှာလည်း ခဏလာနေဖူးတာကြောင့် မြန်မာ့အရေးအတွက် အရေးပါတဲ့ အဲဒီအဖွဲ့ကို ရှီကျင့်ပင် အစိုးရက ဖွဲ့စည်းချိန်မှာ မစ္စတာကင်ကျိယွင်ကို တာဝန်ပေးခဲ့ဟန် တူပါတယ်။ မစ္စတာကင်ကျိယွင်ဟာ မစ္စတာ ရှီကျင့်ပင်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်၊ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ မှတ်ချက်ဟာ အရေးပါတယ်လို့ တရုတ်ရောက် မြန်မာ အသိုင်းအ၀ိုင်းက ဆိုကြပါတယ်။
မစ္စတာ ကင်ကျိယွင်က လွန်ခဲ့တဲ့နှစ်နှစ် ကိုးကန့် တိုက်ပွဲတွေ စတင်နေတုန်းမှာ မြန်မာပြည် အရှေ့မြောက်ပိုင်းမှာ ထိန်းမနိုင် သိမ်းမရတဲ့ ပဋိပက္ခတွေ ပေါက်ဖွားလာမည်ကို စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့ဖူးပါ တယ်။ အဲဒီတုန်းက တရုတ်ရဲ့ ရပ်တည်ချက်ဟာ နယ်စပ်တစ်လျှောက် တည်ငြိမ်ရေးနဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ပေါ်ပေါက်ဖို့ဆိုပြီး တရုတ် တာဝန်ရှိသူတွေက ပြောဆိုခဲ့တာ သတိထားမိပါတယ်။ ကိုးကန့် စစ်ပွဲတွေအတွင်း တရုတ်နယ်စပ်ကို ဗုံးတွေ ကျော်ကျတာဖြစ်ခဲ့ပြီး သေဆုံးမှု အချို့ရှိခဲ့တဲ့အတွက် တရုတ်ဘက်ကလည်း မကျေမနပ် ဖြစ်ခဲ့ကာ၊ ဆက်ဆံရေး အနည်းငယ် ကသိကအောင့် ဖြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ၂၀၁၅ ခုနစ်ဇွန် ရောက်လာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ်ခရီးစဉ်နဲ့အတူ သူမ ခရီးစဉ်စတဲ့ နေ့မှာပဲ တရုတ်အစိုးရရဲ့ တိုက်တွန်းချက်၊ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ၊ ဒေသတွင်း တည်ငြိမ်ဖို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကိုးကန့် MNDAA အဖွဲ့က တစ်ဖက်သတ် အပစ်ခတ်ရပ်စဲ ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ကိုးကန့်အဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲ ကြီးကြီးမားမား မဖြစ်တော့တာ ၂၀၁၆ ခုနစ် နိုဝင်ဘာလ ဒုတိယ အပတ်အထိပါပဲ။ စာရေးသူရဲ့ လွန်ခဲ့တဲ့နှစ် တရုတ်ခရီးစဉ် အတွင်းမှာလည်း မစ္စတာ ကင်ကျိယွင်နဲ့ ဆုံတွေ့ခွင့် ရခဲ့ပါတယ်။ ညစာစားသုံးရင်းနဲ့ For Bidden City အနီးမှာ ရှိတဲ့ သူတို့အသင်း ရုံးခန်းမှာ ဆုံတွေ့ခဲ့ဖူးပါတယ်။ ပြန်ကြားရေးဝန်ကြီးဖြစ်နေတဲ့ ဦးဖေမြင့်လည်း ပါပါတယ်။ ညစာစားရင်း နယ်စပ်တစ်လျှောက် တည်ငြိမ်ရေးနဲ့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ စကားတွေ ပြောဖြစ်ခဲ့ရာ မှာတော့ သူက “တရုတ်အနေနဲ့ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် တည်ငြိမ်ရေးကို လိုလားတယ်။ နယ်စပ် တစ်လျှောက်က တိုင်းရင်းသား မျိုးနွယ်စုတွေ ဖွံ့ဖြိုးတိုးတက်မှု ရှိတာကိုလိုလားပြီး မြန်မာနယ်စပ် တစ်လျှောက် ရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေက တရုတ်နိုင်ငံမှာလည်း ရှိနေတဲ့ မျိုးနွယ်စုတွေ ဖြစ် တယ်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအရ သမီးကို သားမက်ကို ပေး ထားရတဲ့ သဘောဖြစ်တယ်လို့ သူက ဆိုပါတယ်။ သမီးကို သားမက်က ရိုက်နှက်နေရင်တော့ သွေးသားရင်းချာ အနေနဲ့ ကြည့်နေမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။



မြန်မာ့အရေး လေ့လာသူ ယူနန်တက္ကသိုလ်က ပါမောက္ခ လီချန်ယန်း (Li Chenyang) တည်းဖြတ်တဲ့ စာအုပ်တစ်အုပ်မှာ အခု “ဝ” ဒေသ၊ နယ် စပ် ဒေသက တိုင်းရင်းသား ခေါင်းဆောင်တွေကို တစ်စုံတစ်ရာ တည်ငြိမ် လို့၊ ရွေးကောက်ပွဲတွေ မလုပ်နိုင်ခင် အထိ ဒေသဆိုင်ရာ ခေါင်းဆောင်များ အဖြစ် တရုတ်ဘက်က သဘောထား ဆက်ဆံတယ်လို့ ဖော်ပြထားတာ ဖတ်ဖူးပါတယ်။ တရုတ်ဘက်ကတော့ သူတို့ဆီက တယ်ဟုန်တိုင်း၊ ဆစ်ဆောင်ပဏ္ဏား ပြည်နယ် (ရှမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသ တရုတ်တွင် Dai ဟုခေါ်) ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်မျိုး ပေးတာလို၊ မြန်မာပြည်က တိုင်းရင်းသားတွေလည်း တစ်စုံတစ်ရာ ကိုယ်ပိုင် အုပ်ချုပ်ရေး ပေး သင့်တယ်လို့ မြင်ကြပါတယ်။
နောက်ပိုင်းမှာတော့ တရုတ်အနေနဲ့ မြန်မာ ငြိမ်းချမ်းရေးဖြစ် စဉ်မှာ ဒေသအားလုံး တည်ငြိမ်ရေးအတွက် အားလုံး ပါဝင်နိုင်ရေးကို တိုက်တွန်းခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ ကိုးကန့် တိုက်ပွဲမှာပါခဲ့တဲ့ အဖွဲ့တွေကို လက်နက်စွန့်မှ သို့မဟုတ် လက်နက်ကိုင် လမ်းစဉ်စွန့်လွတ် မှ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုပြီး ပေါ်လစီကို ချမှတ်ခဲ့ပါတယ်။ အဲ့လို တပ်မတော်က လက်မခံခဲ့တာကြောင့်ပဲ တရုတ်နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အများစု အပါအ၀င် UNFC တပ်ပေါင်းစု အဖွဲ့ဝင်တွေအနေနဲ့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်မှာ လက်မှတ်မထိုးခဲ့ပါ။
အတိုက်အခံဘ၀မှာ တရုတ်ပြည်က ကော်ဇောနီခင်းပြီး ကြိုတဲ့အတွက် တရုတ်ပြည်ကို ၂၀၁၅ ခုနစ်က ပထမဆုံးအကြိမ် သွားခဲ့တဲ့ ဒေါ်အောင် ဆန်းစုကြည် အနေနဲ့ကတော့ သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၅ အောက်တိုဘာလမှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ လိုတယ်ဆိုပြီး အာအက်ဖ်အေနဲ့ ဆက်သွယ်မေးမြန်းမှုမှာ အဲဒီတုန်း က ပြောဆိုခဲ့တဲ့အပြင် အားလုံးမပါဝင်ရင် စိတ်ဝမ်းကွဲကုန်မှာ စိုးရိမ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အန်အယ်လ်ဒီ ပါတီ ရွေးကောက်ပွဲ အနိုင်ရချိန်မှာ ပထမဆုံး ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ အဖွဲ့တွေကတော့ ကိုးကန့်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်မှုနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တန်းတူရည်တူ ပါဝင်ခွင့်ကို ကန့်သတ်ခြင်းခံရတဲ့ တအာင်းပလောင် TNLA/PSLF ၊ အေအေနဲ့ ကိုးကန့် MNDAA အဖွဲ့တွေပဲ ဖြစ်ပါတယ်။
တရုတ်ဘက်ကတော့ အန်အယ်လ်ဒီ အစိုးရထံ အာဏာလွှဲပြောင်း ဖို့ သေချာလာချိန်မှာပဲ ကိုးကန့်ဒေသကနေ မြန်မာနိုင်ငံကို ဖြတ်ပြီး သူ့ရဲ့ မဟာဗျူဟာ လမ်းကြောင်းဖြစ်တဲ့ One Road One Belt စီမံကိန်းနဲ့ ကျောက်ဖြူ ကူမင်း ကော်ရစ်ဒါကို အကောင်ထည် ဖော်နိုင်ဖို့ အတွက် မိန်းတိန်၊ လင်စန်းတို့မှာ ကုန်သွယ်ရေးဇုန်တွေ တည်ဆောက် နေခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း ကိုးကန့်စစ်ပွဲကြောင့် တရုတ်ပြည်ထဲ ရောက်နေတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်း ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်က မိုင်ဂျာယန်မှာ ကျင်းပတဲ့ တိုင်းရင်းသား အင်အားစုပေါင်းစု နှီးနှောဖလှယ်ပွဲကို လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ တရုတ်ရဲ့ မြန်မာ့အရေး အထူးသံတမန် မစ္စတာ ဆွန်းကော့ရှန်ကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ လိုတဲ့အကြောင်း သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။



၂၁ ပင်လုံ ပထမအကြိမ် သြဂုတ်လက ကျင်းပခဲ့ပါတယ်။ တိုက်ရိုက်ထုတ် လွှင့်မှုက လွှဲလို့ နိုင်ငံရေးအရ ဆွေးနွေးဆုံးဖြတ်မှု မပါခဲ့ပါဘူး။ ယခင်က ပါဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ တရုတ်- မြန်မာ နယ်စပ် အခြေစိုက် အဖွဲ့ ၃ ဖွဲ့နဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်ဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးခင်ဇော်ဦးတို့ မိုင်းလားမှာ သွားဆွေးနွေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရန် ဆန္ဒရှိကြောင်း လက်မှတ်ထိုး မှသာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပါဝင်ခွင့်ပြုမယ်ဆိုတဲ့ အတွက် ဖြစ်ပါတယ်။ တစ်ချိန်က အပစ်ရပ်ပြီး လက်နက် အတင်းဖြုတ်ခံခဲ့ရဖူးတဲ့ ပလောင်တွေကတော့ အဲဒီအချက်ကို ကြောက်ပုံရပါတယ်။ ပင်လုံ မစခင်မှာပဲ ကချင်ဘက်မှ သေနတ်သံတွေ ထွက်လာခဲ့သလို ပင်လုံပြီးချိန် မှာတော့ ကေအိုင်အေရဲ့ ဂိဒွန်စခန်းကို မြေပြင် ၊ ဝေဟင် ထိုးစစ်တွေ ဆင်ခဲ့ပါတယ်။ ဂိဒွန်ကို တိုက်တဲ့ရက်ဟာ မြန်မာပြည်မှာ ကမ္ဘာစစ်တွေအပြီး ရက်အကြာဆုံး တိုက်ပွဲတွေဖြစ်တဲ့ ကွန်လုံ၊ စီစီဝမ်တာပန် စတဲ့ တိုက်ပွဲတွေထက်တောင် ရက်ကြာရှည် ခဲ့ပါတယ်။ ရှမ်းမြောက်မှာ ကချင်ကလေးငယ်တွေ သေဆုံးမှုတွေလည်း ဖြစ်ခဲ့သလို လူတွေ သောင်းချီပါဝင်တဲ့ စစ်ပွဲရပ်စဲရေး ဆန္ဒပြပွဲတွေလည်း မြစ်ကြီးနား လို နေရာတွေမှာ ပေါ်ပေါက်ခဲ့ပါတယ်။ တအာင်းပလောင်နဲ့လည်း တိုက်ပွဲတွေ ဆက်ခဲ့သလို ကိုးကန့် ဒေသမှာ ပေါက်ကွဲမှုတွေ ဖြစ် တယ်၊ မြို့ကိုချိန်ထားတဲ့ ဗုံးသီးတွေတွေ့ရတယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ခဲ့ပါသေးတယ်။ ကိုးကန့်ပါတီ တာဝန်ရှိသူ ဦးအန်တိုနီဆူး ကတော့ ကောလာဟလတွေသာ ဖြစ်တယ်လို့ ဒီဗီဘီနဲ့ ဆက်သွယ် မေးမြန်းမှုမှာ ဖြေဆိုခဲ့ပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမှုတွေမှာလည်း အန်စီအေထိုး မှ ပေးတက်မယ်ဆိုတာ ဖြစ်လာခဲ့ပါတယ်။ UNFC တိုင်းရင်းသား တပ်ပေါင်းစုကတော့ အားလုံးပါဝင်ရေးလို့ သိပ်မအော်တော့ပေ မယ့် နှစ်ဖက် အပစ်ရပ်စဲရေးကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြေ ညာဖို့၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြင်ဖို့ အပါအ၀င် အချက် ၈ ချက်ကို တင်ပြခဲ့ပါတယ်။ အဲဒါ သဘောတူရင် လက်မှတ်ထိုးမယ်ဆိုတဲ့ သဘောပါ။ လေ့လာသူတွေကတော့ ၂၁ ပင်လုံလို့ ခေါင်းစဉ် ပြောင်း လိုက်ပေမယ့် သမ္မတ ဦးသိန်းစိန်လုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်လုပ်တဲ့ လမ်းစဉ်လို့သာ ကောက်ချက်ချခဲ့ပါတယ်။



တရုတ်က ဖွံ့ဖြိုးလာတာနဲ့အမျှ စွမ်းအင်ဆာလောင်မှုတွေနဲ့ အတူ အနည်းငယ် စိတ်တိုလွယ်တဲ့ သဘောရှိတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ တရုတ်ရဲ့ အားကြီးလာမှုအပေါ် အကောင်းမြင်တဲ့ လူတွေရှိသလို ဒါဟာ စိုးရိမ်စရာ ဆိုပြီး ကောက်ချက်ချတဲ့ နိုင်ငံရေး လေ့လာသူတွေလည်း ရှိပါတယ်။
တရုတ်ရဲ့ မဟာဗျူဟာ ပိုးလမ်းမ လမ်းကြောင်း One Road One Belt ဟာ ပဋိပက္ခတွေ ဖြစ်နေတဲ့ ကိုးကန့် ၊ ရှမ်း ၊ ကချင် နဲ့ တအာင်းပလောင် တိုင်းရင်းသားတွေ နေထိုင်ရာ ရှမ်းပြည်နယ် မြောက်ပိုင်း ကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ အခြား အလယ် အာရှ နိုင်ငံတွေကတစ်ဆင့် ဥရောပနဲ့ ဆက်သွယ်တဲ့ လမ်းကြောင်းတွေလည်း ပိုလမ်းမဟောင်း စီမံကိန်းမှာ ပါဝင်ပါတယ်။ ပိုးလမ်းမဟောင်း စီမံကိန်းတွေဟာ ကျဆင်းနေတဲ့ တရုတ်စီးပွားရေးကို မြှင့်တင်ရေး ၊ ကုန်သွယ် စက်မှုကဏ္ဍ တိုးမြှင့်ရေးအတွက် အတွက်အပြင် တရုတ်ရဲ့ သြဇာချဲ့ထွင်လိုမှု အတွက်လည်း အဓိကကျတယ် လို့ လေ့လာ သူတွေက ဆိုကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရတက်ပြီး အရှေ့အနောက် အင်အား ကြီး တိုင်းပြည်စုံအောင် သွားခဲ့သလို နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရတဲ့ တပ်မတော်အနေနဲ့ တရုတ်နဲ့သာမက အနောက် နိုင်ငံတွေနဲ့ပါ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းနေပါတယ်။ တလောက “၀”နဲ့ စစ်ရေးတင်းမာနေစဉ် တရုတ်သွားခဲ့သလို တရုတ်ခရီးစဉ် အပြီးမှာတော့ ဘယ်လ်ဂျီယံမှာကျင်းပတဲ့ ဥရောပသမဂ္ဂ စစ်ဦးစီးချုပ် အစည်းအဝေးကို သွားတက်ခဲ့ပါတယ်။ အဲဒီမှာ တပ်ချုပ်ပြောခဲ့တဲ့ အချက်တွေကို ကြည့်ရင် တပ်မတော်က လွှတ်တော်ထဲက ထွက်ဖို့ရာ ငြိမ်းချမ်းရေးရရှိမှု အပေါ် မူတည်ပြီး တရုတ်- မြန်မာ နယ်စပ်မှာ ကေအိုင်အေ နဲ့ UWSA “၀” တပ်ဖွဲ့လို အဖွဲ့တွေ ရှိနေတဲ့အကြောင်း အီးယူက တပ်မတော်အပေါ် ကူညီပေးမှုတွေကို ကျေးဇူးတင်သလို ဆက်လက် အကူအညီ ပေးအပ်ဖို့ လည်း မျှော်လင့်ထားတဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။



အနောက်တိုင်းမှ လေ့လာသူအချို့က ရှီကျင်ပင်ရှေ့ တရုတ် သမ္မတနှစ်ဆက် တွင် ဖော်ပြခဲ့သော ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်းဆိုင်ရာ သင်ခန်းစာ ယူစရာ အမှားတချို့ကို ပြန်လည်ဖော်ပြမှုအတွက် တရုတ်သမ္မတ ရှီကျင့်ပင် လက်ထက်တွင် ဖော်ပြခွင့် ပြန်လည် ကန့်သတ်သံ ထွက်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ရှီကျင့်ပင်ကို မော်ဝါဒီလို့ သတ်မှတ်မှုတွေ ရှိပါတယ်။ ၂၀၁၃ ခုနစ်က သမိုင်းကြောင်းဆိုင်ရာ ဝေဖန်ချက်တွေကို ဦးစားပေးဖော်ပြတဲ့ စာစောင်ကို ကွန်မြူနစ်ပါတီနဲ့ နီးစပ်တဲ့ အယ်ဒီတာ အဖွဲ့က ၀င်သိမ်းလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီစာစောင်က ယဉ်ကျေးမှု တော် လှန်ရေး ကာလက ထွက်ပေါ်လာခဲ့တဲ့ အိမ်မက်ဟောင်းတွေ ပြန်လာပြီ ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ တကယ်တော့ ယဉ်ကျေး မှု တော်လှန်ရေးဟာ မှားယွင်းတဲ့အကြောင်း တရုတ်အာဏာပိုင်တွေက ၁၉၉၁ ခုနစ်ကတည်းက ကြေညာခဲ့ပြီးသား ဖြစ်ပါတယ်။ စာရေးဆရာ ဦးကျော်ဝင်းကတော့ အနောက်တိုင်းက လူတွေက သမ္မတရှိကို မော်ဝါဒီလို့ ဆိုခဲ့တဲ့အတွက် မော်စီတုန်းက သတိရကြောင်း၊ မော်စီတုန်း လက်ထက်မှာပဲ တော်လှန်ရေးကို ပြည်ပတင်ပို့ဖို့ ၀ါသနာ ထုံတဲ့ အတွက် မြန်မာပြည်မှာ မုန်တိုင်း ထန်ခဲ့ရတယ်လို့ သူ့ရဲ့ The Voice Journal ပါ ဆောင်းပါးမှာ ရေးသားထားပါတယ်။
လတ်တလော မူဆယ် ကြုကုတ် ပန်ဆိုင်း အပါအ၀င် ရှမ်းမြောက် မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့က ပါဝင်ဆင်နွှဲနေတဲ့ တိုက်ပွဲဖြစ်ပါတယ်။ အဲဒီ ၄ ဖွဲ့မှာ ၃ ဖွဲ့က တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံထားရတဲ့ ကိုးကန့် MNDAA ၊ တအာင်းပလောင် TNLA ၊ အေအေ အဖွဲ့တွေဖြစ်ပြီး ကျန်တစ်ဖွဲ့ကတော့ ၂၁ ပင်လုံစကတည်းက ထိုးစစ်ဒဏ် တောက်လျှောက်ခံနေရ တဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေး အဖွဲ့ဖြစ်ပါတယ်။ သူတို့တွေ စုပေါင်း တိုက်ခိုက်ရတဲ့ အကြောင်းအရင်းအပေါ် သူတို့ ထုတ်ပြန်ချက်အရ ကြည့်မယ်ဆိုရင်တော့ သူတို့ဒေသတွေကို ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် တပ်မတော်က တိုက်ခိုက်နေတဲ့အပြင် ပြည်သူလူထုရှိရာ နေရာတွေ ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်၊ ဖမ်းဆီးမှုတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံရေး ပြသ၁နာ နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ အဲလို တိုက်ခိုက်မှုတွေက အလုံးစုံ ပျက်ပြားရေးကို ဦးတည်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
မကြာသေးခင်ကပဲ ကျင်းပခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက် ကိုင်ဆွေးနွေးမှုတွေမှာ တက်ရောက်ခဲ့တဲ့ ကေအိုင်အေက ဗိုလ်ချုပ်ဂွန်မော်က အန်စီအေအတွက် တင်ပြချက်တွေ အပါအ၀င် ကချင်နဲ့ ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်တွေကို ကူညီဖို့အတွက် နိုင်ငံတကာမှ အကူညီပေးရေး အစီအစဉ်ကို အစိုးရဘက်မှ ခွင့်ပြုဖို့ဆိုကိစ္စကို မေးမြန်းခဲ့ ပါတယ်။ အဲဒီကိစ္စတွေက တင်ထားတာ လချီနေပြီလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့အနေနဲ့ တင်ထားဆဲလို့သာ ပြန်ဖြေခဲ့ ပါတယ်။ ရှမ်းမြောက်နဲ့ ကချင်ဒေသက သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ အစိုးရသစ် လက်ထက်မှာ အကူညီရရဖို့ အလွန်ခက်ခဲ ကြန့်ကြာနေ တဲ့အတွက် စားရေရိက္ခာအတွက် စိုးရိမ်စရာ အခြေနေမှာ ရှိနေတယ်လို့ အကူညီပေးရေး အဖွဲ့တွေကလည်း ပြောကြပါတယ်။ ဒါတောင် မြန် မာနိုင်ငံရဲ့ သယံဇာတ အပေါဆုံး ပြည်နယ်၊ နယ်စပ် ကုန်သွယ်မှု အများဆုံး လမ်းကြောင်းဘေးမှာ နေနေရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေပါ။နောက်ဆုံးကျင်းပတဲ့ ဆွေးနွေးမှုဟာ ဘာရလဒ်မှလည်း မထွက်ခဲ့ဘူးလို့ ဆိုပါတယ်။
လတ်တလော တိုက်ပွဲတွေအတွင်း ထူးခြားချက်က ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် တရုတ်ပြည် သွားတုန်းက သွားတဲ့နေ့မှာပဲ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲမှု ကြေညာခဲ့တဲ့ ကိုးကန့် MNDAA အဖွဲ့အနေနဲ့ အင်အား အလုံးအရင်းနဲ့ ပါဝင်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ တွန်းအားကြောင့် တစ်ဖက်သတ် အပစ်ရပ်ခဲ့ပါတယ် ဆိုတဲ့ ကိုးကန့် အဖွဲ့ ပါဝင်မှုဟာ ထူးခြားမှုပါပဲ။ တစ်ချိန်တည်းမှာလည်း စဉ်းစားစရာဖြစ် တာက မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ရှိနေတဲ့ အဲဒီအဖွဲ့တွေ အနေနဲ့ အစိုးရသစ်အပေါ် ယုံကြည်မှု လျော့လာသလား၊ ဒါမှမဟုတ် အားလုံးမပါရင် ငြိမ်းချမ်းရေး မရနိုင်တဲ့ သဘောအဖြစ် သတိပေးချင်တာလား ဒါမှမဟုတ် မျှော်လင့်ချက် ကုန်သွားတဲ့အတွက် တိုက်ပွဲတွေကို တန်ပြန်တိုက်ခိုက်မှုတွေနဲ့ ဆင်နွှဲလာသလား ဆိုတာပါ။ တိုင်းရင်းသား အင်အားစု တော်တော်များများ အန်အယ်လ်ဒီ အစိုးရသစ်အပေါ် စိတ်ပျက်လာတာလည်း ငြင်းလို့တော့မရတဲ့ ကိစ္စပါပဲ။
ဒါ့အပြင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် တစ်ခုထဲ စစ်ဒဏ်ကို အကြီးအကျယ် ခံနေရတဲ့အတွက် ရှမ်းမြောက်ဒေသကိုပါ ဆွဲချဲ့ပြီး အဖွဲ့ အများကြီးနဲ့ ၀ိုင်းတိုက်တာလား။ တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မူဆယ်လမ်းကြောင်းဟာ ပြီးခဲ့တဲ့ ၂၅ နှစ်လုံး လုံး မြန်မာ အတွက် အဓိက အားထားခဲ့ရတဲ့ လမ်းကြောင်းဖြစ်ပြီး ယခုအချိန်အထိ နယ်စပ်ကုန်သွယ်မှု ၇၅ ရာခိုင်နှုန်းက အဲဒီလမ်းကြောင်းမှာ ရှိနေတာ၊ အဲဒီလမ်းကြောင်း ပိတ်သွားရင် လက်ရှိ ကြုံနေရတဲ့ စီးပွားရေး အကျပ်အတည်း ပိုကြီးနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အပြီး အမေရိကန် ခရီးစဉ်စချိန်ကစလို့ မြန်မာ့ ဆန်၊ ပဲ၊ သကြား စတဲ့ ပို့ကုန်တွေကို တရုတ်ဘက်က ဖမ်းတာ ၊ တရုတ်ဘက်ကို သွားအလုပ်လုပ်တဲ့ မြန်မာ လုပ်သားတွေရဲ့ နယ်စပ်ဖြတ်သန်းခွင့် ကတ်ပြားတွေ ကို တရုတ်ရဲတွေက သိမ်းတာတွေ ဆုတ်ဖြဲပစ် တာတွေ ဖြစ်ခဲ့ပါတယ်။
မြစ်ဆုံလိုကိစ္စကလည်း မကြာခင်မှာ အစီရင်ခံစာက ပြည်သူ ကိုပါ ချပြရပါတော့မယ်။ အစိုးရ ဘာဆုံးဖြတ်ထား သလဲ ဆိုတာကလည်း ဆက်စပ် စဉ်းစာဖွယ်ရာပါ။ အမေရိကန်မှာ ထရန့် အနိုင်ရသွားတာကြောင့် အမေရိကန် ရွေးကောက်ပွဲမတိုင်မှီ အမေရိကန် သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် မူဝါဒဟာ မှားယွင်းတယ်လို့ သုံးသပ်မှုရှိပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တစ်ချို့ကတော့ ထရန့်ကို မကြိုက်ပေမဲ့ ထရန့်နိုင်သွားတာ တိုင်းရင်းသားတွေအတွက် ပိုကောင်းတယ်လို့ မီဒီယာတွေကို ဖြေခဲ့ဖူးပါတယ်။ ထရန့်လက်ထက် အမေရိကန်ကို အဓိကထားမှာဖြစ်တဲ့အတွက် တောင်တရုတ်ပင်လယ်အရေးအပါဝင် ဒေသတွင်း ပထ၀ီနိုင်ငံရေးတွေမှာ အရင် အမေရိကန် အစိုးရတွေလောက် အာရုံစိုက်ချင်မှ စိုက်ပါလိမ့်မယ်ဆိုတဲ့ အကဲဖြတ်မှုတွေလည်း ရှိပါတယ်။ တရုတ်က ပိုအတင့်ရဲလာနိုင်တယ်ဆိုတဲ့ အကဲဖြတ်မှုတွေလည်း ရှိပါတယ်။ စစ်တွေတိုက် ဘဏ္ဍာငွေတွေ ကုန်ခန်းပြီး ပြသ၁နာပေါင်းစုံ ကြုံတွေ့ကာ ကျရှုံးနိုင်ငံ Fail State အဖြစ်ကြုံခဲ့ရတဲ့ နိုင်ငံတွေလည်း အမြောက်အမြား ရှိခဲ့တဲ့အတွက် ဖြစ်ပါတယ်။ လက်ရှိအစိုးရအပေါ် ဖိအားပိုဖြစ်လာစေမဲ့ သဘောလားဆိုတာလည်း စဉ်းစားစရာရှိပါတယ်။
တရုတ်ဘက်ကတော့ တိုက်ပွဲတွေ ဖြစ်ဖြစ်ချင်း နောက်ရက်မှာပဲ သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့သလို ပစ်ခတ်တိုက်ခိုက်မှုမှာပါဝင်နေသူတွေအားလုံး ဆွေးနွေးကြဖို့ တိုက်တွန်းတာလည်း တွေ့ရပါတယ်။ ဒါက လုပ်နေကြ လုပ်ရိုးလုပ်စဉ်လို့တောင် ပြောလို့ရနေပါပြီ။
တဘက်မှာလည်း မြန်မာမှာ ရခိုင်အရေးပြဿနာအပါဝင် အခြား ပြဿနာ ပေါင်းစုံရှိနေပါတယ်။ စာရေးသူ အယူအဆအရ ကတော့ မြန်မာလို အနေထားနဲ့ နိုင်ငံကြီးတွေနဲ့ ယှာဉ်ကာ ပထ၀ီနိုင်ငံရေးအရ ကစားဖို့ မဖြ စ်နိုင် တာကြောင့် ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုတဲ့ ထုံးနှလုံးမူကာ ခြံစည်းရိုက သေနတ်တွေ ပြည်တွင်းကို ပြန်မလှည့်ပဲ အပြင်ကိုသာ ဦးတည်နေအောင်လို့ စိတ်ရှည် ရှည်နဲ့ ဆွေးနွေးကြစေချင်ပါတယ်။ဒါကလည်း မြန်မာ့တပ်မတော်ရဲ့ စွမ်းရည်ကို မယုံလို့မဟုတ်ပဲ ကိုးကန့်လို လူ တစ်ထောင်လောက်သာရှိတဲ့ အဖွဲ့နဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲမှာတောင် အသက်သွေးချွေးတွေ အပါဝင် တိုင်းပြည်ဘဏ္ဍာများစွာ ကုန်ခန်းခဲ့ရတဲ့အတွက် အဖွဲ့လေး ဖွဲ့နဲ့ တပြိုင်တည်းတိုက်တဲ့တိုက်ပွဲက ဆင်းရဲတဲ့ တိုင်းပြည်အတွက် စီးပွားရေး၊ လူမှုရေးအရပါ ပိုအထိနာနိုင်တဲ့အတွက် ဖြစ်ပါတယ်။
Ref; China’s New Leaders ; the princelings are coming ( The Economist )
Li Cheng Yang ( China and South East Asia country relations)
ဦးကျော်ဝင်း ( သမိုင်းဆိုင်ရာ နတ္တိက ၀ါဒနှင့် တရုတ်ဗားရှင်
EmoticonEmoticon