အစည်းအဝေး၏ပထမနေ့သတင်းထုတ်ပြန်ချက်



အစည်းအဝေး၏ပထမနေ့သတင်းထုတ်ပြန်ချက်

ရက်စွဲ ။ ။၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်
နေရာ။ ။ ကချင်ပြည်နယ်၊ မိုင်ဂျာယန်
မိုင်ဂျာယန် - ဇူလိုင်လ (၂၆) ရက်နေ့မှ (၂၉) ရက်နေ့အထိပြုလုပ်လျှက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ပထမနေ့ကို အောင်မြင်စွာကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဖိတ်ကြားထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းပေါင်း (၁၈) ဖွဲ့၏ ကိုယ်စားလှယ်များနှင့် လေ့လာသူများ၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားညီနောင်ပါတီများဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ကိုယ်စားလှယ်များ၊ အထူး ဖိတ်ကြားထားသည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambiar နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် Sun Guoxiang အပါအ၀င် စုစုပေါင်း (၂၁၆) ဦးကျော်တက်ရောက် ကြသည်။
အထူးဧည့်သည်တော် ဖြစ်သည့် Vijay Nambiar မှ ယခုအစည်းအဝေးသည် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အထူးအရေးကြီးပြီး ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ လက်ရှိမြန်မာနိုင်ငံအစိုးရနှင့်ပါ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ Sun Guoxiang မှလည်း တရုတ်အစိုးအနေဖြင့် မြန်မာနိုင်ငံရေးအပြောင်းအလဲအတွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက် လက်ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ အစည်းအဝေး၏ ပထမနေ့တွင် ပင်လုံလက်စွဲစာတမ်းကို တင်ပြခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ၊ ဖြည့်စွက်ချက် များနှင့် အကြံပြုခြင်းများကိုပြုလုပ်ခဲ့သည်။
(၄)ရက်ကြာပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ် အစည်းအဝေးတွင် အဓိကရည်ရွယ်ချက်နှစ်ခုဖြစ်သည့် (၂၁) ရာစုပင်လုံညီလာခံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေး ဘုံသဘောထားတို့အပေါ်အခြေခံပြီး ခေါင်းစဉ်ကြီး လေးခုဖြစ်သည့် ပင်လုံလက်စွဲစာတမ်းဆွေးနွေးခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ခြင်း ဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေများအတွက် အခြေခံမူများ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာအခြေခံမူများနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြန်လည် သုံးသပ်ရေး တို့ကို ဆွေးနွေး သွားမည်ဖြစ်သည်။
ပထမနေ့အစည်းအဝေး၏ ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးမှ သတ်မှတ်ထားသည့် ပြောရေး ဆိုခွင့်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(မျက်နှာစုံညီအစည်းအဝေး သတင်းထုတ်ပြန်ရေးအဖွဲ့)


EmoticonEmoticon

Comments system

Flag Counter