ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏လုံခြုံရေး နှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒများ
Security and Defense Policies of The Federal Democratic Union
==============================================
အားလုံးပဲ မင်္ဂလာပါ။
ကျနော်ကတော့ UNFC အဖွဲ့ဝင် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ရဲ့ အထွေအထွေအတွင်းရေးမှူး ထွန်းဇော် ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ပထမအစည်းအဝေးရဲ့ သဘာပတိကြီးနဲ့တကွ သဘာပတိအဖွဲ့ဝင်များ၊ တက်ရောက်လာကြတဲ့ အစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်များနဲ့ ပါဝင်တက်ရောက်သူများအားလုံးခင်ဗျား။
ကျနော့်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒများနဲ့ပတ်သက်ပြီး ဖတ်ကြားတင်ပြသွားမှာ ဖြစ်ပါတယ်။
နိဒါန်း
ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံဟုခေါ်တွင်သော တိုင်းပြည်တွင် နေထိုင်ကြသော ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများသည် ဗမာလူမျိုးနှင့် ဗြိတိသျှကိုလိုနီတို့ ၀င်ရောက်အုပ်ချုပ်မှုမတိုင်မီ ကိုယ့်ထီးကိုယ့်နန်းနှင့် လွတ်လပ်စွာ နေထိုင်လာခဲ့သော လူမျိုးများဖြစ်ကြသည်။ ဗမာပဒေသရာဇ်မင်းများသည် စစ်အင်အားကို အသုံးပြု၍ တိုင်းရင်းသားလူမျိုးများ၏နယ်မြေများကို ချဲ့ထွင်ကာ ပုဂံအင်ပါယာ၊ တောင်ငူအင်ပါယာ၊ ကုန်းဘောင်အင်ပါယာ အစရှိသဖြင့် အင်ပါယာများကို ထူထောင်ခဲ့ကြသည်။ ၁၈၈၅ ခုနှစ်တွင် နယ်ချဲ့ဗြိတိသျှတို့က ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်းကို နန်းချပြီး ၎င်းတို့ လက်အောက်ရှိ ဒေသအားလုံးကို “British Burma” ခေါ် ဗမာပြည်ဟု ခေါ်တွင်လာခြင်း ဖြစ်သည်။
ဗြိတိသျှတို့သည် အောက်မြန်မာပြည်ကို ဗမာပြည်မ (Burma Proper) အဖြစ် တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး တောင်တန်းဒေသများကို (Part One) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ (၁၀) ခု၊ (Part Two) ခေါ် သီးသန့် အုပ်ချုပ်ခွင့်ရရှိထားသောနယ်မြေများ သတ်မှတ်ကာ စော်ဘွား၊ စောကဲ၊ စောဖျာ၊ ဒူဝါ များဖြင့် တဆင့်ခံ အုပ်ချုပ်ခဲ့ သည်။ ကရင်နီပြည်ကို သီးခြားလွတ်လပ်သော နယ်မြေအဖြစ် အသိအမှတ်ပြုခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့တွင် လွတ်လပ်သော “ပြည်ထောင်စုမြန်မာနိုင်ငံ↔(Union of Burma) ဟု ပေါ်ထွန်းလာခဲ့ ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း၏ အရိုက်အရာကို ဆက်ခံသည့် ခေတ်အဆက်ဆက် ဗမာခေါင်းဆောင်များသည် ပင်လုံစာချုပ်၏တန်းတူရေးအနှစ်သာရကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုစနစ်(Union)အစား တပြည်ထောင်စုစနစ် (Unitary)တည်ဆောက်ကာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သည့်နိုင်ငံကို “ဗမာနိုင်ငံ” ဖြစ်အောင် ကြိုးပမ်းခဲ့သည်။ တိုင်းရင်းသားတို့၏ဆန္ဒကို ဆန့်ကျင်၍ ဖိနှိပ်အုပ်ချုပ် လာခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေးနှင့်အတူ တိုင်းရင်းသားတို့ တန်းတူအခွင့်အရေးတိုက်ပွဲ ပြင်းထန်လာပြီး အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီး တောက်လောင်လာခဲ့ပါသည်။ ပြည်တွင်းစစ်မီးနှင့်အတူ စစ်တပ်သည် သြဇာကြီးမားလာပြီး စစ်တပ်က စစ်အာဏာရှင်စနစ် (Military Dictatorship) တည်ဆောက်ရန် ကြိုးပမ်းလာခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများသည် မိမိတို့လိုလားသော ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူရေးနှင့် ဒီမိုကရေစီ ရေးတို့ကိုအခြေခံသော ဖက်ဒရယ်စနစ်ရရှိရန် စစ်အာဏာရှင်ကို နှစ် ၆၀ ကျော် လက်နက်စွဲကိုင်တော်လှန်နေခဲ့ကြ ခြင်းဖြစ်သည်။
ဗမာစစ်အစိုးရအဆက်ဆက်တို့သည် တိုင်းရင်းသားတို့ လိုလားမှုဆန္ဒကို စစ်ရေးနည်းလမ်းဖြင့်သာ ဖြေရှင်း ရန် စဉ်းစားပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်မစဉ်းစားခဲ့ပေ။ တိုင်းရင်းသားလူမျိုးတို့သည် မိမိတို့ မွေးရာပါ အခွင့်အရေးရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ ၀ါးမျို မခံရအောင်၊ အမျိုးသားလက္ခဏာ (National Identity) မပျောက်ကွယ်သွားအောင် ပြည်နယ်တွေမှာ တိုင်းရင်းသားတပ်တွေ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ကြောင့် လုံခြုံရေးနှင့် ကာကွယ်ရေးအခြေခံမူများတွင် တိုင်းရင်းသားများ၏ အမျိုးသား လက္ခဏာ မပျောက်ကွယ်သွားရန်နှင့် တိုင်းရင်းသားပြည်နယ်များဘ၀ အာမခံချက်ရှိရန် အထူးလိုအပ်ပေသည်။
၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ဗမာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးနေဝင်းသည် လက်နက် ကိုင်တပ်မတော်ကိုအခြေပြု၍ ယနေ့မြန်မာပြည်၏နယ်မြေဒေသအသီးသီးကို လွမ်းမိုးချုပ်ကိုင်နိုင်ရန် စတင်ကြိုးပမ်း ခဲ့သည်။ ယင်းအချိန်မှစ၍ စစ်ဝါဒကြီးစိုးရေး၊ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေး အစီအစဉ်များ ချမှတ် ခဲ့သည်။
ထိုကဲ့သို့ အာဏာရှင်စနစ်ရေရှည်တည်တံ့ခိုင်မြဲစေရန် လုပ်ဆောင်ခဲ့သည့်အတွက် တိုင်းပြည်တွင် ဒီမိုရေစီ အခွင့်အရေးများနှင့် တိုင်းရင်းသားအခွင့်အရေးများ ဆိတ်သုဉ်းလာခြင်း၊ စီးပွားရေးချွတ်ခြုံကျလာခြင်း၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းနိမ့်ကျလာခြင်းတို့ကြောင့် စစ်အာဏာရှင်၏အခြေခံကျောရိုးဖြစ်သည့် လက်နက်ကိုင် တပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းရန် အရေးတကြီး လိုအပ်လာသည့်အပြင် စစ်တပ်အခြေပြုသည့် အာဏာရှင်စနစ် နောက်ထပ်တဖန် မပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ဤလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာမူဝါဒများစာတမ်းကို တင်သွင်းအပ်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာမူဝါဒများ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ၏ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ မူဝါဒများမှာ -
၁။ အချုပ်အခြာအာဏာကိုကာကွယ်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။
၂။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် သည် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးလာမည့် ပြည်ပကျူးကျော်မှု တို့ကို ကာကွယ်ရန် တာဝန်ရှိသည်။
၃။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး၏အကျိုးစီးပွား ကို ကာကွယ်ရန် ဖြစ်သည်။
၎။ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ လုံခြုံရေးနှင့်ကာကွယ် ရေးဆိုင်ရာမူဝါဒများနှင့် ဥပဒေများကို ပြုစုပြဋ္ဌာန်းပေးရမည်။
၅။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် တိုင်းရင်းသားလူမျိုးများ၏စုပေါင်းအခွင့်အရေး၊ စုပေါင်းရပိုင် ခွင့်များ (Collective Rights)၊ လူတစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများ (Individual Rights)ကို မထိပါး စေသော အမျိုးသားလုံခြုံရေးကို ဖေါ်ဆောင်ရန် ဖြစ်သည်။
၆။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် ဒေသန္တရ၊ နိုင်ငံတကာလုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် ဖြစ်သည်။
၇။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒသည် လူသားလုံခြုံမှု ကို အခြေခံ ရမည်။
၈။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ပြည်နယ် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီများမှ စေလွှတ်သော ကိုယ်စားလှယ်များ ပါဝင်ရမည်။
ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုင်ရာမူဝါဒများ
၁။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာ ထောက်ထား သည့်ဥပဒေများ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် လွှတ်တော်များ၏ ပြဌာန်း ဥပဒေများကို လေးစားလိုက်နာရမည်။
၂။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် နိုင်ငံရေးတွင် ဝင်ရာက်စွက်ဖက်ခြင်း၊ လူပုဂ္ဂိုလ် (သို့မဟုတ်) နိုင်ငံရေးပါတီတရပ်ရပ်၏သြဇာခံဖြစ်ခြင်းတို့ မရှိစေဘဲ နိုင်ငံရေးအရ အမှီအခိုကင်းသည့် Professional Army ဖြစ်ရမည်။
၃။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး အခြေအနေများနှင့်အညီ ခေတ်မီ တပ်မတော်အဖြစ် ဖွဲ့စည်းရမည်။
၎။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် နှင့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များ အားလုံးသည် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော အရပ်သားအစိုးရ၏ကွပ်ကဲမှုနှင့်အုပ်ချုပ်မှုအောက်တွင် ရှိရမည်။
၅။ ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးအတွက် ဖွဲ့စည်းထားသောတပ်မတော်သည် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် ဖွဲ့စည်းထားသော ပြည်ထောင်စုရဲတပ်ဖွဲ့/ပြည်နယ်ရဲတပ်ဖွဲ့တို့ နှင့် သီးခြားထားရှိရ မည်။
၆။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ကာကွယ်ရေးဆိုင်ရာကဏ္ဍများတွင် တာဝန်ယူဆောင်ရွက်နိုင်သည့် အမျိုးသမီးများပါဝင်မှုကို မြှင့်တင်သွားရမည်။
၇။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တွင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်တို့အပေါ်အခြေခံပြီး ခွဲခြား ဆက်ဆံမှု မရှိစေရ။
၈။ ပြည်ထောင်စုအား ပြည်ပအန္တရာယ်မှ ကာကွယ်နိုင်ရန် အမျိုးသားစစ်မှုထမ်းဥပဒေကို အမျိုးသားပြည်နယ် / အမျိုးသားများ ပြည်နယ်များနှင့် ညှိနှိုင်း၍ ပြဌာန်းစေရမည်။
၉။ သဘာဝကပ်ဘေးအန္တရယ်များနှင့် ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်နှင့် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့တို့၏အင်အားကို အသုံးပြုခွင့် ရှိစေရမည်။
၁၀။ စစ်ပညာလေ့ကျင့်သင်ကြားပိုချရေး သင်တန်းကျောင်း အသီးသီးအတွက် စစ်ဘက်ဆိုင်ရာဘာသာရပ်များအပြင် ဒီမိုကရေစီအခြေခံကျင့်စဉ်များ၊ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်၊ နိုင်ငံတကာ၏လူသားချင်းစာနာထောက်ထား ခြင်းဆိုင်ရာဥပဒေများ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် အခြားလိုအပ်သော ဘာသာရပ်များကို သင်ရိုးညွှန်းတမ်းများ ပြုစု၍ ရေးဆွဲပြဋ္ဌာန်းပေးရမည်။
၁၁။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သားတစ်ဦးဦးသည် သက်ဆိုင်ရာ နည်းဥပဒေများ၊ ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီမှုမရှိဘဲ အခြားလုံခြုံရေးဆိုင်ရာနှင့် ဌာနဆိုင်ရာအသီးသီးသို့ ပြောင်းရွေ့တာဝန် ထမ်းဆောင်ခြင်း မရှိစေရ။
၁၂။ ပြည်နယ်အစိုးရလက်အောက်တွင် ပြည်နယ်အဆင့် ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၊ ပြည်နယ်အဆင့် ကာကွယ်ရေးဝန်ကြီးဋ္ဌာနများကို ဖွဲ့စည်းခွင့်ရှိရမည်။
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်စုဖွဲ့ပုံ
၁။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အတွက် သီးခြားသော စစ်တက္ကသိုလ် များဖွဲ့စည်းတည်ထောင်ရမည်။ ယင်းတက္ကသိုလ်များတွင် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များမှ အချိုးကျ တက်ရောက် သင်ကြားခွင့် ရှိစေရမည်။
၂။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရာတွင် အဆင့်ဆင့်တိုင်း၌ အမျိုးသားပြည်နယ်များနှင့် အမျိုးသားများ ပြည်နယ်များရှိ လူဦးရေအပေါ် အခြေခံ၍ အချိုးကျကိုယ်စားပြု ပါဝင်နိုင်ခွင့်ရှိရမည်။
၃။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တွင် လိုအပ်ချက်နှင့်အညီ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့ကို သီးခြားစီ ခွဲ၍ ဖွဲ့စည်းရမည်။
၎။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်စစ်ဦးစီးများအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန၏လက်အောက်တွင် ဖွဲ့စည်း ထားရှိရမည်။ စစ်ဦးစီးများအဖွဲ့ကို ပြည်နယ်အသီးသီးမှ စေလွှတ်သော စစ်ဦးစီးမှူးများဖြင့် ပါဝင်ဖွဲ့စည်းရမည်။
၅။ ကာကွယ်ရေးဦးစီးချုပ်တစ်ဦးကို ၎င်းတို့အဖွဲ့ထဲမှ ၂ နှစ်သက်တမ်းကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အလှည့်ကျ ရွေးချယ်ခန့်အပ်ရမည်။
၆။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ပြည်ထောင်စုတပ်နှင့် ပြည်နယ်တပ်များဖြင့် ဖွဲ့စည်းရမည်။ ပြည်ထောင်စု တပ်ကို ပြည်နယ်များမှ အချိုးကျစေလွှတ်သောတပ်များဖြင့် ဖွဲ့စည်းရမည်။
၇။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတခုလုံး၏ စုပေါင်းအမြဲတမ်းစစ်အင်အားသည် ပြည်ထောင်စုလူဦးရေ၏ (၀.၅%) ထက် ပိုပြီးမရှိစေရ။ လိုအပ်သည့်အချိန်တွင် အင်အားဖြည့်တင်းနိုင်ရန် အရံတပ်ဖွဲ့များ ထားရှိရမည်။
၈။ ပြည်နယ်တပ်ကို ပြည်နယ်အစိုးရမှတိုက်ရိုက် အုပ်ချုပ်ကွပ်ကဲရမည်။ နိုင်ငံလုံခြုံရေး အရေးပေါ်အခြေအနေတွင် ပြည်ထောင်စုဖွဲ့စည်းပုံ၊ ပြည်နယ်ဖွဲ့စည်းပုံဥပဒေတို့နှင့်အညီသာ ပြည်နယ်စောင့်တပ်ကို ပြည်ထောင်စုအစိုးရမှ အသုံးပြုခွင့် ရှိရမည်။
၉။ ပြည်နယ်တပ်များကို သက်ဆိုင်ရာပြည်နယ်၏ လိုအပ်ချက်နှင့်အညီ ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဆိုင်ရာ အင်္ဂါရပ်များ စုံလင်စွာဖြင့် ဖွဲ့စည်းခွင့်ရှိရမည်။
၁၀။ ပြည်ထောင်စုတပ်များအား ပြည်နယ်များတွင် နေရာချထားရန်လိုအပ်ပါက ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီသာ ပြုလုပ်ရမည်။
ယခုတင်ပြချက်တွေဟာ အောက်ပါ UNFC အဖွဲ့ဝင်အဖွဲ့အစည်းများအတွင်း ညှိနှိုင်းသဘောထားရယူ၍ ပြင်ဆင်ထားချက်များ ဖြစ်ပါသည်။
၁။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)
၂။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)
၃။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)
၎။ မွန်ပြည်သစ်ပါတီ (NMSP)
၅။ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)
၆။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)
၇။ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)
၈။ “၀” အမျိုးသားအဖွဲ့ချုပ် (WNO)
၉။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)
EmoticonEmoticon