ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံသို့ UNFC မှ စာတမ်းဖတ်ကြားတင်သွင်း
======================================
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ၌ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာ အဓိကကျသော မူဝါဒ၊ လက္ခဏာများနှင့် လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာမူဝါဒများကို အပိုင်းလိုက်ခွဲ၍ UNFC ကိုယ်စားလှယ်များမှ အနှစ်ချုပ်တင်ပြ ဖတ်ကြားတင်သွင်းခဲ့ကြသည်။
အပိုင်း(၁)ဖြစ်သည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့်မူများနှင့် ဥပဒေပြုရေး ဆိုင်ရာကဏ္ဍရပ်များကို UNFC ဒုတိယဥက္ကဋ္ဌနှင့် NMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာမှ လည်းကောင်း၊ အပိုင်း(၂)ဖြစ်သည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အစိုးရစနစ်၊ အာဏာခွဲဝေခြင်း ကဏ္ဍရပ်များကို UNFC အထွေထွေအတွင်းရေးမှူးနှင့် KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်မှ လည်းကောင်း၊ အပိုင်း(၃)ဖြစ်သည့် အာဏာခွဲဝေခြင်းထဲက ထပ်တူပြုအာဏာ၊ အခွန်ဘဏ္ဍာနှင့် သယံဇာတခွဲဝေမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံး၊ လက်နက်ကိုင်တပ်ဖွဲ့ကဏ္ဍရပ်တို့နှင့်ပတ်သက်၍ UNFC အဖွဲ့ဝင် KIO မှ ဒုတိယဗိုလ်မှူးကြီး ဆင်ဝါးက လည်းကောင်း၊ အပိုင်း(၄)ဖြစ်သည့် ရွေးကောက်တင်မြှောက်ပုံစနစ်၊ အဓိပ္ဗါယ်ဖွင့်ဆိုခြင်း ကဏ္ဍရပ်တို့ကို UNFC အဖွဲ့ဝင် SSPP ၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်စ၀်ခွန်ဆိုင်မှ လည်းကောင်း၊ အပိုင်း(၅) ဖြစ်သည့် လုံခြုံရေး၊ ကာကွယ်ဆိုင်ရာမူဝါဒတို့ကို UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) နှင့် ANC အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်မှလည်းကောင်း အသီးသီးတင်ပြခဲ့ကြသည်။
တင်ပြသည့်အခါတွင် UNFC အဖွဲ့ဝင်အဖွဲ့အစည်းများအားလုံးကိုယ်စား တင်ပြခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါစာတမ်း တို့အား အများပြည်သူလေ့လာနိုင်စေရန် ထုတ်ပြန်လိုက်ပါသည်။
-------------------------------------------------------------------
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာ အဓိကကျသော
မူဝါဒ နှင့် လက္ခဏာများ
==========================================
ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့်မူများ
(၁) အချုပ်အခြာအာဏာ (Sovereign Power)
(၂) တန်းတူရေး (Equality)
(၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)
(၄) ဖက်ဒရယ်ပြည်ထောင်စုမူများ (Federal Principles)
(၅) တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း (Ethnic Minority Rights)
(၆) ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား-မ ဆိုင်ရာတန်းတူညီမျှမှု (Democracy, Human Rights and Gender Equality)
(၇) ပါတီစုံ ဒီမိုကရေစီ (Multi-Party Democracy System)
(၈) ဘာသာရေးကို အခြေမခံသော နိုင်ငံ (Secular State)
I. နိုင်ငံအမည်နာမ (Name of Country)
(က) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အမည်ကို “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံ” ဟုခေါ်ဆိုရာတွင် မြန်မာ နိုင်ငံဟူ၍ဖြစ်စေ၊ ဗမာနိုင်ငံဟူ၍ဖြစ်စေ၊ အင်္ဂလိပ် ဘာသာစကားဖြင့် Burma သို့မဟုတ် Myanmar ဟူ၍ဖြစ်စေ သုံးနှုန်းခေါ်တွင်ခြင်းသည် ပြည်ထောင်စု နိုင်ငံအတွင်း နေထိုင်လာခဲ့သည့် တိုင်းရင်းသား လူမျိုးများအနက် လူမျိုးတမျိုးဖြစ်သည့် ဗမာအမျိုးသားများကိုသာ ရည်ညွှန်းနေသည်။
(ခ) သို့ဖြစ်ပါ၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများအားလုံး၏ တန်းတူညီမျှမှုကို ဖေါ်ဆောင်နိုင်ရန် ထိုတိုင်းရင်းသားလူမျိုးများ အားလုံးကို ကိုယ်စားပြုနိုင်မည့် အမည်နာမအသစ်တခု ဆွေးနွေးသတ်မှတ်သင့်ပါသည်။
II. ဥပဒေပြုရေးဆိုင်ရာများ (Legislature)
(က) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်
၁။ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု လွှတ်တော်ကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဟူသည့် လွှတ်တော် (၂) ရပ်ဖြင့် ဖွဲ့စည်းရမည်။
၂။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့သည် ဥပဒေပြုအာဏာ ညီတူညီမျှ ရှိရမည်။
(ခ) အမျိုးသားလွှတ်တော်
၁။ အမျိုးသားလွှတ်တော်ကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြည်နယ် အသီးသီးက အရေအတွက်တူညီစွာ စေလွှတ်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။
၂။ အမျိုးသားလွှတ်တော်ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်အသီးသီးက မိမိတို့ ပြည်နယ်အတွင်း အချိုးကျရွေး ကောက်တင်မြောက်ထားသည့် တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းရမည်။
၃။ အမျိုးသားလွှတ်တော်တွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ ကိုယ်စားပြုရွေးချယ်ခံမည့်သူ သည် လက်ရှိတာဝန် ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်း မဖြစ်စေရ။
၎။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လည်းကောင်း ရွေးချယ်ခံမည့်ပုဂ္ဂိုလ်သည် သက်ဆိုင်ရာပြည်နယ်၏ တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုခံထားရသည့် ပြည်နယ်သားဖြစ်ရမည်။ ပြည်နယ်တိုင်းရင်းသား လူမျိုးအဖြစ် အသိအမှတ် ပြုခံထားရခြင်းမရှိသည့် လူမျိုးဖြစ်ပါက ထိုပြည်နယ်၏ ပြည်နယ်သားဖြစ်ရမည့်အပြင် ပြည်နယ်အတွင်း အနည်းဆုံး (၁၀) နှစ် အခြေချနေထိုင် သူဖြစ်ရမည်။
၅။ (က) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံမည့်ပုဂ္ဂိုလ်သည် သက် ဆိုင်ရာပြည်နယ်တွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့သော တိုင်းရင်းသားလူမျိုးဖြစ်ရမည်။ (ဘိုးစဉ်ဘောင်ဆက်ဆိုသည်မှာ မျိုးဆက် ၃ ခု ကို ဆိုလိုသည်)
(ခ) အထက်ပါ ပြဌာန်းချက်သည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အသီးသီးမှ အသိအမှတ်ပြု ထားသော ပြည်နယ်တိုင်းရင်းသားများနှင့် မသက်ဆိုင်စေရ။
၆။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ သက်တမ်းကို (၄) နှစ် သတ်မှတ်သည်။ ကိုယ်စားလှယ် ဦးရေ၏ ထက်ဝက်ကို (၂) နှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်၍ လဲလှယ်ရမည်။ လွှတ်တော် ပထမသက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်သည် လွှတ်တော်သက်တမ်း၏ ထက်ဝက် သာဖြစ်သည်။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထဲမှ ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ရမည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်နယ်တစ်ခုတည်းနှင့် လူမျိုးတမျိုးတည်းမှ ကိုယ်စားလှယ်များ မဖြစ်စေရ။
(ဂ) ပြည်သူ့လွှတ်တော်
၁။ ပြည်သူ့လွှတ်တော်ကို မြို့နယ်အပေါ်တွင်အခြေခံ၍ မဲဆန္ဒရှင်များက ရွေးချယ်တင်မြှောက် လိုက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်။
၂။ ပြည်သူ့လွှတ်တော်ကို လူဦးရေပေါ်တွင် အခြေခံသော ရွေးကောက်ပွဲများတွင် နိုင်ငံသားများက ရွေးချယ်တင်မြှောက်လိုက်သည့်အများဆုံး အနိုင်ရသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် စနစ်ကို ကျင့်သုံးရမည်။
(ဃ) ဥပဒေပြုပုံ
၁။ အဆိုပြုလာသော ဥပဒေတစ်ရပ်ရပ်ကို လွှတ်တော်တစ်ရပ်စီမှ လွတ်လပ်စွာ သီးခြားမဲပေး ဆုံးဖြတ် ရမည်။
၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ပြဌာန်းထားသော လုပ်ထုံး လုပ်နည်းနှင့်အညီ ကျင်းပရမည်။
၃။ မဲပေးဆုံးဖြတ်ရန်လိုအပ်ပါက အမျိုးသားလွှတ်တော် (Chamber of Nationalities) နှင့် ပြည်သူ့ လွှတ်တော် ဖြစ်ပြီး (Chamber of People’s Representatives) ထက်ဝက်ကျော်ဆန္ဒမဲရှိရသည်။
၎။ အမျိုးသားလွှတ်တော် (Chamber of Nationalities) နှင့် ပြည်သူ့လွှတ်တော် (Chamber of People’s Representatives) တို့သည် ဥပဒေပြုရေးတွင် အထောက်အကူပြုမည့် လိုအပ်သော ရေးရာကော်မတီများကိုလွှတ်တော်ကိုယ်စားလှယ်များအတွင်းမှ ဖွဲ့စည်းပြီး လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဌာန်းပေးရမည်။
၅။ လွှတ်တော်တရပ်ရပ်က အတည်ပြုပြီးသော ဥပဒေကြမ်းတခုလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကို ဖြစ်စေ အခြားလွှတ်တော်မှ အတည်ပြုနိုင်ခြင်းမရှိလျှင် လွှတ်တော်နှစ်ရပ်မှ တူညီသောကိုယ်စားလှယ် များဖြင့် ပူးတွဲညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်း၍ ညှိနှိုင်း အဖြေရှာ ဆောင်ရွက်ရမည်။
III. ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ (State Constitution)
(က) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများနှင့် မဆန့်ကျင်စေဘဲ လွတ်လပ်စွာ ရေးဆွဲ ပြဌာန်းကျင့်သုံးခွင့် ရှိသည်။
(ခ) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များရှိ ပြည်သူလူထုများသည် အချုပ်အခြာ အာဏာ ၏ မူရင်းပိုင်ရှင်များ ဖြစ်ကြသည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံး၏ ဘုံအကျိုးစီးပွားအတွက် ကျင့်သုံးရန် လိုအပ် သော အခွင့်အာဏာများကိုသာ ပြည်ထောင်စုသို့ အပ်နှင်းသည်။
(ဃ) ၁။ သက်ဆိုင်ရာပြည်နယ်၏ထူးခြား ချက်အလိုက် ဥပဒေပြုအာဏာကို လွှတ်တော် (၁) ရပ် ဖြင့်ဖြစ် စေ၊ (၂) ရပ်ဖြင့် ဖြစ်စေ လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ရှိ သည်။
၂။ မတူကွဲပြားသော တိုင်းရင်းသားလူမျိုး များစွာနေထိုင်ကြသည့် ပြည်နယ်များတွင် လူမျိုးစုလွှတ် တော်နှင့် ပြည်သူ့လွှတ်တော်ဟူသည့် လွှတ်တော် (၂) ရပ် စနစ်ကို ကျင့်သုံးရမည်။
(င) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုဥပဒေပြုအာဏာ အညွှန်း၊ ထပ်တူဥပဒေပြုအာဏာအညွှန်းနှင့် ကျန်ရှိသည်များကို ပြည်နယ်များက ကျင့်သုံးရမည်။
(စ) ပြည်ထောင်စုဥပဒေပြုစာရင်း၊ ပြည်နယ်ဥပဒေပြုစာရင်းနှင့် ထပ်တူဥပဒေပြု စာရင်းများတွင် အတိ အလင်း ပြဌာန်းထားခြင်းမရှိသော အာဏာများသည် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များတွင် တည်ရှိ သည်။
(ဆ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့် နှင့် ဒေသန္တရအဆင့်ဟူ၍ အဆင့် လေးဆင့်ဖြင့် ဖွဲ့စည်း တည်ဆောက်ရမည်။
(ဇ) ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သက်ဆိုင်ရာ ပြည်နယ်အတွင်း အစဉ်တဆက် နေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးများ၏စာရင်းကို ပြုစုဖော်ပြထားရမည်။
(ဈ) ပြည်နယ်တွင် လွှတ်တော် (၂) ရပ်ကျင့်သုံးရာ၌
၁။ လူမျိုးစုလွှတ်တော်ကို ပြည်နယ်အတွင်းရှိ အမျိုးသားအုပ်ချုပ်ခွင့်ရနယ်မြေများနှင့် အချိုးကျ အရေအတွက်တူညီစွာစေလွှတ်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။
၂။ ပြည်သူ့လွှတ်တော်ကို မြို့နယ်အပေါ်တွင်ဖြစ်စေ၊ လူဦးရေအပေါ်တွင်ဖြစ်စေ အခြေခံသော ရွေးကောက်ပွဲများတွင် ပြည်နယ်သားများက အများဆုံး အနိုင်ရသည့် စနစ်ကျင့်သုံး၍ ရွေးချယ်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်ဖြင့် ဖွဲ့စည်းရမည်။
(ည) ပြည်နယ်အစိုးရကို ပြည်ထောင်စု အဖွဲ့ဝင်ပြည် နယ်အသီးသီး၏ ထူးခြားချက်အလိုက် ဝန်ကြီးချုပ်စနစ် (Chief Minister) ဖြင့်ဖြစ်စေ၊ ပြည်နယ်အကြီး အကဲစနစ် (Governor) ဖြင့်ဖြစ်စေ ဖွဲ့စည်းနိုင်သည်။ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများစွာနေထိုင်ကြသည့် ပြည်နယ်များတွင် ဝန်ကြီးချုပ်စနစ်ကို ကျင့်သုံးစေသင့်သည်။
(ဋ) ပြည်နယ်များသည် တစ်ခုနှင့် တစ်ခု တန်းတူရည်တူ အခွင့်အရေးရှိရမည်။
(ဋ္ဌ) ပြည်နယ်များသည် ပြည်နယ်အချင်းချင်း၊ ပြည်နယ်အတွင်းရေး ကိစ္စရပ်များကို ဝင်ရောက်စွတ်ဖက်ချင်း မရှိစေရ။
IV. ဝန်ကြီးချုပ် ဦးဆောင်သောစနစ်
(Forms of Government)
(က) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အစိုးရကို ဝန်ကြီးချုပ်ဦး ဆောင်သောစနစ် (Parliamentary System) ဖြင့်ဖွဲ့ စည်းစေသင့်သည်။
(ခ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် အချိုးညီဖက်ဒရယ်စနစ် (Symmetric Federalism) နောက်ခံ၌ အချိုးမညီဖက်ဒရယ်စနစ် (Asymmetric Federalism) ကို ကျင့်သုံးစေသင့်သည်။ ထူးခြား၍ အမြောက်အများထွက်ရှိသော သဘာဝသယံဇာတအမျိုးအစားအပေါ် အခြေခံထားသည့် ဦးစားပေး အစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊
၂။ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မြန်မာပြည်နယ်၊ ချင်းပြည်နယ်
၃။ အမျိုးသားများပြည်နယ်များ။
(ဂ) အချိုးမညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်တွင် ပထမဦးစားပေးအဖြစ် သတ်မှတ်ပေးထားသော ပြည်နယ် (၃) ခုအနေဖြင့် ၎င်းပြည်နယ် များတို့မှရရှိသောသယံ ဇာတဝင်ငွေများအနက် သက်ဆိုင်ရာ ပြည်နယ်အား ပိုမိုအကျိုးခံစားခွင့် ရှိစေပြီးကျန်ရှိသော သယံဇာတဝင်ငွေများကို ပြည်ထောင်စုအစိုးရနှင့် အခြားပြည်နယ်များအကြား မျှဝေသုံးစွဲရမည်။
(ဃ) ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များအသီးသီးမှ ရရှိလာသော အခြားသယံဇာတဝင်ငွေနှင့် အခြား လုပ်ငန်းများမှ ဝင်ငွေများကိုလည်း သက်ဆိုင်ရာပြည်နယ်၊ ပြည်ထောင်စုအစိုးရနှင့် အခြားပြည်နယ်များ အကြား မျှဝေသုံးစွဲရမည်။
(င) ပြည်နယ်များအကြား မျှဝေသုံးစွဲရန် သတ်မှတ်ထားသောဝင်ငွေများကို စီမံခန့်ခွဲရန်အတွက် အဖွဲ့ဝင် ပြည်နယ်များမှ အရေအတွက် တူညီစွာ စေလွှတ်သော ကိုယ်စားလှယ်များဖြင့် ဘဏ္ဍာရေး ပူးတွဲစီမံ ခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းရမည်။
(စ) ဘဏ္ဍာရေး ပူးတွဲစီမံခန့်ခွဲရေးအဖွဲ့မှ မျှဝေပေးသောဝင်ငွေများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရအသီးသီးတို့သည် အောက်ဖေါ်ပြပါလုပ်ငန်းရပ်များတွင် သုံးစွဲစေသင့်သည်။
၁။ တက္ကသိုလ်ပညာရေး၊
၂။ အခြေခံအဆောက်အအုံများ တည်ဆောက် ရေး (Infrastructure Development of the State)၊
၃။ သိပံ္ပ္ပနှင့် နည်းပညာတီထွင်ကြံဆမှုကို အားပေးသော အဖွဲ့အစည်းများ Science and Technology Innovative Institutions ထူထောင် ရေး၊
၎။ အရည်အသွေးအပ်ါအခြေခံပြီး ယှဉ်ပြိုင်မှု ကိုအားပေးသော ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့ အစည်းများ ထူထောင်ရေး၊
၅။ လူထုကျန်းမာရေးနှင့် လူသားလုံခြုံရေး၊
၆။ သဘာဝသံယဇာတများ ထုတ်ယူသည့်အတွက် ဖြစ်ပေါ်လာမည့် လူထုအပေါ် သက်ရောက်သည့် ဆိုးကျိုးများကို ပြန်လည်ကုစားပေးရေးနှင့် ပျက်စီးဆုံးရှုံးသွားသော ဂေဟစနစ်ကို ပြန်လည် ကုစားရေး။
(ဆ) သယံဇာတဝင်ငွေများနှင့် အခြားဝင်ငွေများကို စီမံခန့်ခွဲသော ဘဏ္ဍာရေးပူးတွဲ စီမံခန့်ခွဲရေးအဖွဲ့၊ ထိုဝင်ငွေများကို လက်ခံရရှိသော ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးအရ အသီးသီးတို့ ရရှိလာ သောဝင်ငွေများ တိကျမှန်ကန်စွာ သုံးစွဲခြင်း ရှိ/မရှိကို သီးခြားလွတ်လပ်သော အခြားနိုင်ငံများမှ နိုင်ငံတကာ အသိအမှတ်ပြုစာရင်းစစ်အဖွဲ့များ အသုံးပြု၍ နှစ်စဉ်ပုံမှန် စာရင်းစစ်ဆေးခြင်းများ ပြုလုပ်သွားရမည်။
(ဇ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြံ့ခိုင်စွာ လည်ပတ်နိုင်ရေးနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ အတွင်း အာဏာရှင်စနစ် မပေါ်ထွန်းလာနိုင်စေရန်အတွက် အောက်ပါတို့ကိုဖေါ်ဆောင်ရမည်။
၁။ အစိုးရအဆင့် သုံးဆင့်လုံးအနေဖြင့် အခွင့်အာဏာ အလွဲသုံးစားမှုများ မပြုနိုင်စေရန်အတွက် စောင့်ကြည့်ထောက်ပြ ဝေဖန်ကာ လူထု၏အခွင့်အရေးများကို ကာကွယ်ပေးမည့် စစ်မှန်သည့် လူထုအသင်းအဖွဲ့များ (Civil Society Organization) ရပ်တည် လှုပ်ရှားလည်ပတ်နိုင်စေရန် လိုအပ်သည်များကို ပံ့ပိုးပေးခြင်းနှင့်
၂။ အရေးကြီးသည်ဟု ပြည်နယ် လွှတ်တော်က ဆုံးဖြတ်သည့်ကိစ္စများတွင် လူထုဆန္ဒခံယူပွဲများဖြင့် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးခြင်း။
V. အာဏာခွဲဝေခြင်း (Division of Power)
(က) ပြည်ထောင်စုအာဏာ
အောက်ပါအာဏာများသည် ပြည်ထောင်စုတွင် ထားရှိသည်။
၁။ နိုင်ငံခြားရေး
၂။ ငွေစက္ကူထုတ်လုပ်ရေး၊
၃။ စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေး၊
၎။ နိုင်ငံတော်ကာကွယ်ရေး၊
၅။ ပြည်ထောင်စုတရားရေးကဏ္ဍ၊
၆။ လူမှုဖူလုံရေး (ပြည်ထောင်စုလူမှုဖူလုံရေး ဆိုင်ရာ ဥပဒေ)
၇။ စက်မှုလက်မှုကဏ္ဍ၊
၈။ အခြေခံအဆောက်အဦးများ၊
၉။ မြေယာ (မြေယာဆိုသည်မှာ မြေ၊ သစ်တော၊ ရေ၊ ရေလုပ်ငန်းနှင့် ဆက်စပ်သည့် သယံဇာတ အားလုံး ပါဝင်သည်)၊
၁၀။ နိုင်ငံသားဆိုင်ရာ ကိစ္စရပ်များ၊
၁၁။ ဆိပ်ကမ်းအခွန်ကောက်ခံရေး၊
၁၂။ ပြည်ထောင်စု ဘဏ္ဍာရေး။
(ခ) ပြည်နယ်အာဏာ
အောက်ပါအာဏာများသည် ပြည်နယ်များတွင် ထားရှိသည်။
၁။ ရဲတပ်ဖွဲ့ နှင့် ပြည်နယ်လုံခြုံရေးတပ်၊
၂။ ပညာရေး၊
၃။ ကျန်းမာရေး (ဆေးရုံ၊ ဆေးပေးခန်း၊ ကျန်းမာရေး ဝန်ထမ်းခန့်အပ်ခြင်း၊ ပြည်နယ်ကျန်းမာရေး ဝန်ဆောင်မှု)၊
၎။ တရားရေးကဏ္ဍ (ပြစ်မှုဆိုင်ရာဥပဒေ - Criminal Laws နှင့် တရားမမှု Civil Laws)၊
၅။ လူမှုဖူလုံရေး (ပြည်နယ်လူမှုဖူလုံရေးနှင့် ကျန် အာဏာများကို ပြည်နယ်များတွင် ထားသင့်သည်)၊
၆။ ပြည်နယ်အခြေခံအဆောက်အဦးများ (Local Infrastructure)၊
၇။ မြေယာ (Indigenous land title, land ownership rights)၊
၈။ ပြည်နယ်သားဆိုင်ရာ ကိစ္စရပ်များ၊
၉။ ပြည်နယ်တစ်ခုအတွင်း မြေပေါ်မြေအောက်သယံဇာတများ ရှာဖွေ ခြင်း၊ တူးဖော်ခြင်း၊ ထုတ်လုပ် ခြင်းနှင့် ရောင်းချခြင်းများ၊
၁၀။ လယ်သမားဆိုင်ရာ ဥပဒေပြဌာန်းချက်များ။
(ဂ) ထပ်တူဥပဒေပြုအာဏာအညွှန်း
အောက်ပါအာဏာများသည် ပြည်ထောင်စုနှင့် ပြည်နယ်များတွင် ထားရှိသည်။ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးတို့သည် အောက်စာရင်းပါကိစ္စများတွင် မိမိတို့လွှတ်တော်တစ်ခုချင်းစီ အလိုက် ထပ်တူဥပဒေပြုပိုင်ခွင့်အာဏာ ရှိစေရမည်။
၁။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း ရောင်းဝယ်ခွန်၊ စီးပွားရေးလုပ်ငန်းခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်အပါအဝင် အကောက်အခွန်ဆိုင်ရာကိစ္စရပ်များ၊
၂။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
၃။ မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါးများ၊
၎။ ဖွားသေစာရင်းမှတ်ပုံတင်ခြင်း၊
၅။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုအတွင်း၌ ကျရောက်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၏ စွမ်းအင်စီမံ ကိန်းလုပ်ငန်းများ၊ ဖွံ့ဖြိုးရေး စီမံကိန်းကြီးများ၊
၆။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုအတွင်း မြေပေါ်မြေအောက် သယံဇာတတူးဖော်ထုတ် လုပ်ခြင်း၊ ရောင်းချခြင်း၊
၇။ နိုင်ငံခြားအစိုးရများနှင့် ကုမ္ပဏီများမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များသို့ ရင်းနှီးမြှုပ်နှံခြင်း ဆိုင်ရာ ကိစ္စရပ်များ၊
၈။ ဒေသဆိုင်ရာ ရေဒီယိုနှင့် ရုပ်မြင်သံကြား လုပ်ငန်းများ၊
၉။ ဘဏ်နှင့် အာမခံလုပ်ငန်းများ၊
၁၀။ နေအိမ်၊ ဥပစာ၊ မြေယာ၊ ဖွားသေစာရင်း မှတ်ပုံတင်ခြင်းပိုင်ဆိုင်မှု လွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ် များ၊
၁၁။ တက္ကသိုလ်နှင့် အသက်မွေးဝမ်း ကျောင်းပညာရေးဆိုင်ရာ ပြဌာန်းချက်များ၊
၁၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်တစ်နယ်မှတစ်နယ်သို့ ဖြတ်သန်းစီးဆင်း လျှက်ရှိသော မြစ်များနှင့်ရေကြောင်းဆိုင်ရာ စည်းမျည်းသတ်မှတ်ချက်များ၊ ပြည်တွင်းပင်လယ် ရေကြောင်းနှင့် ကမ်းရိုးတန်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များ (မီးရထား၊ သင်္ဘော၊ လေယာဉ်ပျံ)၊
၁၃။ ဒုက္ခသည်ရေးရာနှင့် နိုင်ငံရေးခိုလှုံခွင့်၊
၁၄။ ရာဇဝတ်မှုဥပဒေနှင့် တရားမကျင့်ထုံး ဥပဒေများ၊
၁၅။ ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းလေ့ကျင့် ရေး သင်တန်းများ၊
၁၆။ အလုပ်သမားဆိုင်ရာ ဥပဒေပြဌာန်း ချက်များ၊
၁၇။ ကုန်သွယ်ရေး၊
၁၈။ လူဝင်မှုကြီးကြပ်ရေး၊
၁၉။ ထပ်တူဥပဒေပြုအာဏာများတွင် ပြည်နယ်မှလုပ်ဆောင်နိုင်သည့်အချိန်တွင် ပြည်နယ်များမှ ပြန်လည်ရယူပိုင်ခွင့်ရှိသည်။
VI. အခွန်ဘဏ္ဍာနှင့် သယံဇာတခွဲဝေမှု (Revenue and Resources Sharing)
(က) ထပ်တူဥပဒေပြုအာဏာအညွှန်း
၁။ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံခြင်း၊ စွမ်းအင် ထုတ်လုပ်ခြင်းတို့အတွက် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုမည်ဆိုလျှင် သက်ဆိုင် သော ပြည်နယ်လွှတ်တော်များကသော်လည်းကောင်း၊ ပြည်နယ်လွှတ်တော်က ဥပဒေပြုမည် ဆိုလျှင် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က သော်လည်းကောင်း သဘောတူညီပြီးမှ ထိုဥပဒေ အာဏာ တည်စေရမည်။
(က) ပြည်နယ်များမှရရှိသော အကောက် အခွန်ငွေများကို မျှတစွာ အကျိုးခံစားခွင့် ရှိရမည်။
(ခ) ပြည်ထောင်စုအကောက်အခွန်ဝင်ငွေမှ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို ပြည်နယ်များက ခံစား ခွင့်ရှိသည်။
(ဂ) ပြည်နယ်များအတွက် ခွဲဝေရာတွင် ၇၅-ရာခိုင်နှုန်းကို လူဦးရေအပေါ် အခြေခံရမည်။
(ဃ) ကျန် ၂၅-ရာခိုင်နှုန်းကို ဆင်းရဲမှုလျော့ချရေးနှင့် အခြေအခံအဆောက်အဦး ဖွံ့ဖြိုးမှုအပေါ် အခြေခံရမည်။
VII. ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး (Constitutional Court)
(က) ဖက်ဒရယ်နှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သောအငြင်းပွားမှုများကို ဖြေရှင်း ဆောင်ရွက်ရန်အတွက် လွတ်လပ်သောဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးကို ဖွဲ့စည်း ထူထောင်ရမည်။
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားသူကြီးများသည် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် များနှင့် နိုင်ငံရေးပါတီမှ အဖွဲ့အဝင်များ မဖြစ်စေရ။
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားသူကြီးများ၏ သက်တမ်းသည် အသစ် ထပ်မံမတိုးနိုင်သော (Non-renewable) (၁၂) နှစ် သက်တမ်းဖြစ်သည်။
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားသူကြီးများကို အောက်ပါအတိုင်း ရွေးချယ်ဖွဲ့စည်းရမည်။
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားသူကြီးအဖွဲ့ကို တရားသူကြီး (၉) ဦးဖြင့် ဖွဲ့စည်း ရမည်။
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားသူကြီးများကို ၀န်ကြီးချုပ်၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌများမှ (၄) ဦးစီ၊ ပြည်နယ်များစုပေါင်းကာ (၃) ဦး အဆိုပြုပြီး စုစုပေါင်း (၁၅) ဦး အမည်စာရင်းတင်သွင်းရမည်။ ၎င်း (၁၅) ဦးထဲမှ (၉) ဦးကို လွှတ်တော် (၂) ရပ်က ရွေးချယ်ရမည်။
(င) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားသူကြီးအဖွဲ့ဝင်တစ်ဦးဦးသည် ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ပါ က လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စည်းပြီးစုံစမ်းစစ်ဆေးရမည်။ ကော်မရှင်၏ စုံစမ်း တွေ့ရှိချက်ကို အမျိုးသားလွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တင်ပြ ချက်အပေါ်တွင် အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခြင်းပြုလုပ်ရမည်။
VIII. လက်နက်ကိုင်တပ်ဖွဲ့များ (Armed Forces)
(က) လက်နက်ကိုင်အဖွဲ့အားလုံးသည် အရပ်သား အုပ်ချုပ်မှုအောက်တွင် (Civilian Supremacy) ထားရှိရမည်။
(ခ) ပြည်ထောင်စုတပ်မတော်ကို ကာကွယ်ရေးဝန်ကြီး အောက်တွင်ထားရှိ၍ ကာကွယ်ရေးဝန်ကြီးသည် အရပ်သားဖြစ်ရမည်။
(ဂ) ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေး ဦးစီးချုပ်နှင့် ကြည်း၊ ရေ၊ လေ၊ ဦးစီးချုပ် တို့သည် လူမျိုး တမျိုးစီဖြစ်ရမည်။
(ဃ) ရဲ၊ လုံခြုံရေး၊ ထောက်လှမ်းရေးများကို ပြည်ထဲရေးဝန်ကြီးအောက်တွင် ထားရှိရမည်။
(င) ပြည်ထောင်စုတွင် တပ်မတော်တစ်ခု တည်းသာထားရှိရမည်။
(စ) ပြည်ထောင်စုတပ်မတော်ကို စီမံကွပ်ကဲရန် စစ်ဦးစီးကော်မီတီတစ်ရပ်ကို ပြည်နယ်များမှ တူညီသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။
(ဆ) ပြည်ထောင်စုတပ်မတော်အဆင့်တိုင်းတွင် ပြည်နယ်များ အချိုးကျပါဝင်ရမည်။
(ဇ) ပြည်နယ်လုံခြုံရေးတပ်များနှင့် ပြည်ထောင်စုတပ်မတော် အမြဲတမ်း/အချိန်ပြည့် စုပေါင်းအင်အားသည် ပြည်ထောင်စုလူဦးရေ၏ (၀.၅%) အောက် တွင်ရှိရမည်။
(ဈ) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ ထားရှိခွင့်ရှိစေရမည်။ ၎င်းအား ပြည်နယ်အစိုးရမှ အုပ်ချုပ်ကွပ်ကဲ ရမည်။ နိုင်ငံ လုံခြုံရေး အရေးပေါ်အခြေအနေတွင် ပြည်ထောင်စုအစိုးရမှ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များ၏ အင်အား ကို အသုံးပြုခွင့်ရှိရမည်။
(ည) ပြည်ထောင်စုနှင့် ပြည်နယ် ရဲတပ်ဖွဲ့ ထားရှိရမည်။
IX. ရွေးကောက်တင်မြှောက်ပုံစနစ် (Electoral System)
၁။ အများစုအနိုင်ရသည့်စနစ် (Plurality System)
၂။ ၅၀ + ၁ % စနစ် (အများဆုံးအနိုင်ရသူနှစ်ဦး ပြန်ပြီးအရွေးကောက်ခံသည့်စနစ် - True Majority)
၃။ အချိုးကျစနစ် (Proportional Representation)
၎။ Alternative Voting (aka) Instant Runoff Voting
X. အဓိပ္ပါယ်ဖွင့်ဆိုခြင်း (Concepts)
(က) ဒီမိုကရေစီ
၁။ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ရမည်။
၂။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များရှိ ပြည်သူလူထုများသည် အချုပ်အခြာ အာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်ကြသည်။
၃။ လူ့အခွင့်အရေးကို ဖေါ်ဆောင်ပေးသည့် ဒီမိုကရေစီ ဖြစ်ရမည်။
၎။ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်သည့် တရားစီရင်ရေး၊ ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှမှုရှိရ မည်။
၅။ လျှို့ဝှက်၊ တိုက်ရိုက်၊ ပုံမှန်၊ လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲရှိရမည်။
၆။ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဖြစ်စဉ်တွင် ပြည်သူလူထုမှ လွတ်လပ်စွာ ပါဝင်ခွင့် ရှိရမည်။
၇။ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုရှိရမည်။
(ခ) တန်းတူရေး (Equality)
နိုင်ငံသားတိုင်းသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေရေး၊ ကိစ္စရပ်များတွင် လူမျိုး၊ ဘာသာ၊ ကျား-မ၊ ခွဲခြားခြင်းမရှိဘဲ တန်းတူအခွင့်အရေးရှိစေရမည်။
(ဂ) ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination)
၁။ ပြည်ထောင်စုနှင့်သက်ဆိုင်သော အာဏာများနှင့် ပူးတွဲအာဏာများကိုသတ်မှတ်ပြီး ကျန်အာဏာ များကို ပြည်နယ်များမှ ပြဌာန်းပိုင်ခွင့်ရှိစေရမည်။
၂။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိသည်။
PDF File Download Link >>> https://www.docdroid.net/en…/federal-key-principles.pdf.html
EmoticonEmoticon