၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်၊ မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲစခန်းများ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်၊ မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲစခန်းများ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်
__________________________________________
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ရခိုင်ပြည်၊ မောင်တောခရိုင် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုနယ်မြေအတွင်းရှိ ကျီးကန်းပြင်၊ ငါးခူရ၊ ကိုးတန်ကောက် နယ်မြေရဲစခန်းတို့တွင် ခိုးဝင်ဘင်္ဂလီများ၏အကြမ်းဖက်စီးနင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အစိုးရရဲအရာရှိ တစ်ဦးအပါအ၀င် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၉) ဦး သေဆုံးပြီး၊ (၅)ဦး ဒဏ်ရာရရှိခဲ့ကာ လက်နက်မျိုးစုံ (၅၀)ကျော်၊ ခဲယမ်းမီးကျောက်များစွာကို ဘင်္ဂလီအကြမ်းဖက်သမားများက ဖောက်ထွင်းသိမ်းဆည်းရယူသွားသည်ကို တွေ့ရှိရသည်။
ဤသို့အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ အနောက်ဘက်နယ်စပ်တံခါး ကျိုးပေါက်နေပြီး၊ ဒေသခံလူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု မရှိကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် အုပ်ချုပ်ရေးစနစ် မှားယွင်းမှု၏ အကျိုးဆက်လည်း ဖြစ်ပေသည်။ တိုင်းပြည်၏ လုံခြုံရေးတပ်ဖွဲ့များဖြစ်သော ရဲ၊ စစ်တပ်တို့အနေဖြင့် တိုင်းပြည်ကာကွယ်ရေး၊ လူထုလုံခြုံရေး အခန်းကဏ္ဍတို့တွင် ရှိမနေပဲ အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံရေး အာဏာကို ရယူထားကာ ယနေ့အချိန်ထိ မိမိအလုပ်ကိုမိမိ ပီပြင်စွာ မလုပ်ပဲ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက်စွက်ဖက်နေခြင်းကြောင့် ဤသို့အဖျက်အပျက်များကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။
အဆိုးဆုံးမှာ တိုင်းပြည်လုံခြုံရေးအကြောင်းပြပြီး မြန်မာ့တပ်မတော်မှ တိုင်းရင်းသားနယ်မြေများတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအား မြေပြင်ဝေဟင်တို့မှ အင်အားအလုံးအရင်းဖြင့် ၀င်ရောက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ ထို့ကြောင့် တိုင်းပြည်တွင် လုံခြုံရေးကဏ္ဍ၌ အဓိက တာဝန်ရှိကြသော စစ်တပ်အပါအ၀င် လုံခြုံရေးတပ်ဖွဲ့များအားလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူထုမှပေးထားသော နိုင်ငံရေးအာဏာကို အခွင့်ထူးခံအနေဖြင့် ရယူပြီး အုပ်ချုပ်ရေးတွင် ၀င်ရောက်စွက်ဖက်နေမှုမှ အပြီးတိုင် ရုတ်သိမ်းကာ မိမိတာဝန် အစစ်အမှန်ဖြစ်သော တိုင်းပြည်နှင့်လူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးတို့ကို ပီပြင်စွာ ထမ်းရွက်လုပ်ဆောင်ကြရန် တိုက်တွန်းသည်။
နှစ်ပေါင်း(၇၀)နီးပါးရှိနေပြီဖြစ်သော ပြည်တွင်းစစ်ကိုလည်း ထပ်တလဲလဲမှားနေသည့် စစ်အင်အားသုံး ဖြေရှင်းနည်းကို အမြန်ဆုံး ရပ်တန့်၍ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာရန် လိုအပ်သည်။ စစ်ခင်းနေခြင်းကြောင့် ကုန်ကျနေသာ မြင့်မားသည့်တိုင်းပြည်ဘဏ္ဍာနှင့် အဖိုးမဖြတ်နိုင်သောလူသားရင်းမြစ်တို့ကို ညီနောင်တိုင်းရင်းသားအချင်းချင်းကြား အမုန်းတရားကိုသာ တိုးပွားစေသည့် စစ်ပွဲများတွင် အသုံးပြုမည့်အစား တိုင်းပြည်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် မှန်ကန်စွာ အသုံးချရန်အတွက် လေးနက်စွာ အကြံပြုသည်။
သို့မှသာ ယခုကဲ့သို့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုအန္တရာယ်တို့မှ ကာကွယ်နိုင်ပြီး၊ တိုင်းပြည်နှင့် လူထုလုံခြုံမှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)
EmoticonEmoticon