(၇၇) နှစ်မြောက် ဆရာတော်အရှင်ဦးဥတ္တမနေ့အထိမ်းအမှတ် ထုတ်ပြန်ချက်
==============================================
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်
ယနေ့သည် အင်္ဂလိပ်လက်အောက် ကျွန်ဘ၀တွင် ပထမဆုံး နိုင်ငံရေးအကျဉ်းသား၊ ပြည်ထောင်စု မြန်မာနိုင်ငံဟု ဖြစ်ပေါ်စေမည့် မြန်မာအမျိုးသား ၀ံသာနုစိတ်ဓါတ်အတွေးအခေါ်အား ပထမဆုံး ဟောကြားကာ နိုင်ငံရေးမျက်စိ ဖွင့်ပေးသူ၊ လူထုအား နေမ၀င်အင်ပါယာအရှင်သခင် အင်္ဂလိပ်အစိုးရအား အံတုနိုင်ကြောင်း ပထမဆုံးပြသူ၊ "ကရက်ဒေါက် မင်း ဗမာပြည်က ထွက်သွား" ဟု စာရေးကာ လူထု၏ အရိုးဆွေးသည့်တိုင် စွဲနေသည့် အကြောက်တရားကို ဖယ်ရှားပေးသူ စသည့် စသည့် ဂုဏ်ပုဒ်များဖြင့် ထွန်းပြောင်သော ဆရာတော် အရှင် ဦးဥတ္တမ ပျံလွန်တော်မူသည့် (၇၇) နှစ်မြောက်အထိမ်းအမှတ်နေ့ ဖြစ်ပါသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးက (God Save The Queen) ဆိုသည့် ဗြိတိသျှ အင်ပါယာ၏ နိုင်ငံတော်သီချင်းကိုဆို၍ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး သက်တော်ရာကျော်ရှည်ရန် ဆုတောင်းမေတ္တာ ပို့သရလောက်အောင် ဗြိတိသျှတို့ တန်ခိုးသြဇာကြီးမားနေချိန်၊ ပြည်သူလူထုတရပ်လုံး ဗြိတိသျှအုပ်ချုပ်ရေး ယန္တရားတွင် အမှုထမ်းနေသော ဗမာလူမျိုး ပုလိပ်ကိုတောင် မော်မကြည့်ဝံ့လောက်အောင် အကြောက်တရား လွှမ်းမိုးနေချိန်တွင် "Cradock, get out." ဟုဆိုကာ ဗြိတိသျှဘုရင်ခံကို သူရိယသတင်းစာမှနေ၍ ပြောင်ပြောင် တင်းတင်း နှင်ထုတ်ခဲ့သူ၊ ရခိုင် ဗမာ အမျိုးသားများအတွက်သာမက အာရှတိုက်တခွင်လုံး ကျွန်သဘောက်ဘ၀မှ လွတ်မြောက်ရေးအတွက် မနားမနေ ကြိုးပမ်းခဲ့၍ "အာရှနေ၀န်း" ဟု တင်စားခံခဲ့ရသူ၊ ဗမာ့လွတ်လပ်ရေး၏ဖခင်ဟု တင်စားခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က "နယ်ချဲ့ဘုရင်ခံချုပ်ကို ဗမာပြည်က ထွက်သွားရန် ပထမဆုံး ရဲရဲတောက် စိန်ခေါ်ပြောဆိုသူဟာ ဆရာတော်အရှင်ဦးဥတ္တမ ဖြစ်တယ်" ဟု ၀န်ခံထုတ်ဖော် ချီးကျူးခံခဲ့ရသူ၊ ဗမာပြည်အနှံ့အပြားတွင် တောင်သူလယ်သမားအရေးတော်ပုံများ ပေါ်ပေါက်လာစေရန် နိုင်ငံရေးမျက်စိ ဖွင့်ပေးခဲ့သူ၊ လက်နက်အားကိုးဖြင့် မတရားဖိနှိပ်သော နယ်ချဲ့ကို အကြမ်းမဖက် အနုနည်းဖြင့် ရဲဝံ့ပြောင်မြောက်စွာ ဆန့်ကျင်ခဲ့သဖြင့် "ဗမာပြည်၏ ဂန္ဒီကြီး" ဟု တင်စားခံရသူ၊ Home Rule (ခေါ်) ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ပြတ်သားစွာ တောင်းဆိုခဲ့သူ ကျေးဇူးရှင် ဆရာတော် ဦးဥတ္တမကား ဗမာပြည်လွတ်လပ်ရေးရခါနီးအချိန်တွင် နယ်ချဲ့အစိုးရ၏ ညှဉ်းပမ်းနှိပ်စက်မှုဒဏ်၊ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုဒဏ်၊ နိုင်ငံရေးသမားများ၏ တပွဲတိုး အသုံးချသောဒဏ် စသည့် နိုင်ငံရေးလောကဓံကို နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရ၍ မီးစာကုန် ဆီခမ်းပြီး၊ မိမိတို့ ပါတီ၊ မိမိတို့အုပ်စု အနိုင်ရရေးအတွက် စည်းရုံးရေးကာလ၌ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး သြဇာတိက္ကမကြီးမားသော ဆရာတော်ကို ရှေ့တန်းတင်ကာ မဲဆွယ်ပေးဖို့ အပူကတ်ခဲ့သော်လည်း မိမိတို့အာဏာရရှိလာချိန်၊ ဆရာတော်၏ အိုးမင်းမစွမ်း ဖြစ်လာချိန်တွင် "ဖုတ်လေသည့် ငပိ၊ ရှိသည်မျှ မထင်" ဆိုသကဲ့သို့ ပစ်ပယ်ထားခဲ့ကြသည်။ ဘုရားပြီးလျှင် ငြမ်းဖျက်ခဲ့ကြသည်။
ဤသို့ဖြင့် တစ်ချိန်က "လိပ်ဆိုရင် ဘယ်လိပ်မှ မကောင်းဘူး" ဟု အစချီကာ နယ်ချဲ့ ဆန့်ကျင်ရေးတရား၊ မကြောက်တရားဟောကာ ဗြိတိသျှအင်ပါယာ အုပ်ချုပ်ရေးယန္တရားကို တစ်ကိုယ်တော်ဘ၀ဖြင့် အမြစ်မှ ကိုင်လှုပ်ခဲ့သော ဗမာ့လွတ်လပ်ရေး၏ ရှေ့တန်းတိုက်စားမှူးကြီးသည် ဘ၀နေ၀င်ချိန်တွင် ရုပ်ဝေဒနာ၊ စိတ်ဝေဒနာ ခံစားလျက် အသက်ရှင်ရပ်တည်ရေးအတွက် ရန်ကုန်မြို့အနှံ့ သူရူးတစ်ယောက်၊ သူတောင်းစားတစ်ယောက်ပမာ လှည့်လည် ရုန်းကန်ရင်း ရန်ကုန်မြို့၊ သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် မိုးသည်းထဲ၌ သတိလစ် မေ့မြောသွားခဲ့ရာမှ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူခဲ့သည့်တိုင် ပြန်လည်နာလံထူနိုင်ခြင်း မရှိတော့ဘဲ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူချိန်၌ ဆရာတော်၏ အသက်မှာ သက်တော် (၆၀)၊ ၀ါတော် (၄၁) သာ ရှိသေးသည်။
ဆရာတော်ကား ခြုံနွယ်အထပ်ထပ် ဖုံးလွှမ်းနေသော တောကြီးမျက်မည်းအား ရှေ့ဆောင်ခုတ်ထွင် ရှင်းလင်းကာ နှစ်လရှည်ကြာ အပင်ပျိုးခဲ့ပါလျက် ယင်းကထွက်သော အကျိုးအမြတ်ကို ခံစားမည်ထား၊ အပွင့်ပွင့်၊ အသီးသီးသည်ကို မမြင်ရရှာခဲ့သည့် ဗမာ့လွတ်လပ်ရေး ခရီးရှည်ချီတက်ပွဲမှ အမေ့ခံ ဥယျာဉ်မှူးကြီးတစ်ဦး ဖြစ်ပေသည်။
ယနေ့ မြန်မာပြည်၏ ဒီမိုကရေစီအပြောင်းအလဲကာလတွင်လည်း မြန်မာ့နိုင်ငံရေးလောကသားများ အနေဖြင့် ဆရာတော်အား ပယ်လျက်ကန် ပြုထားကြသည်မှာ အထူးရင်နာဖွယ် ကောင်းလှပေသည်။ ဆရာတော်၏ ၀ံသာနုရက္ခိတစိတ်ဓာတ်နှင့် မတရားအုပ်ချုပ်သူများအပေါ် ဆန့်ကျင်ခဲ့သည့် ဆရာတော်၏ စိတ်ဓာတ်အား အခြားမြန်မာ့လွတ်လပ်ရေးသမိုင်းဝင်များကဲ့သို့ မဖော်ထုတ်ကြသည်မှာလည်း ဆရာတော်သည် ရခိုင်လူမျိုးတစ်ဦး ဖြစ်နေခြင်းကြောင့်လားဟု သံသယ ဖြစ်ဖွယ်ရာပင် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ (၇၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့တွင် ဆရာတော်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လက်ခံလေးစားသည့်၊ အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံတတ်သည့်၊ ရိုးရိုးကျင့် မြင့်မြင့်ကြံ နေထိုင် တတ်သည့်၊ ဟုတ်တိုင်းမှန်ရာကို ပြောဆိုရဲသည့်၊ အဖိနှိပ်ခံများဘ၀ လွတ်မြောက်ရေးအတွက် ကမ္ဘာတစ်ခြမ်း နီးနီးကို လက်နက်အားကိုးဖြင့် နယ်ချဲ့ကျွန်ပြုခဲ့သည့် ဗြိတိသျှအစိုးရကို အပ်တိုတစ်ချောင်းမျှ မဆောင်ဘဲ စိတ်ဓာတ်အင်အားဖြင့် အကြမ်းမဖက် ဆန့်ကျင်ခဲ့သည့် ဗမာ့လွတ်လပ်ရေး၏ မီးရှူးတန်ဆောင် အာရှနေ၀န်းရှင် ဆရာတော် ဦးဥတ္တမအား အစဉ်ဦးညွတ်လျက် ဦးဥတ္တမစိတ်ဓာတ်ဖြင့် ဒုတိယမြန်မာ့လွတ်လပ်ရေးတိုက်ပွဲအား ဆက်လက်ဆင်နွှဲကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)
PDF File Download Link >>> https://www.docdroid.net/…/anc-stmt-on-77th-u-ottama-day.pd…
EmoticonEmoticon