ပြည်နယ်အသစ်တွေနဲ့ မြန်မာပြည်
မြန်မာပြည်တွင် ပြည်နယ်အသစ်တွေ ပေါ်ပေါက်လာတော့မည်လော။ ပြီးခဲ့သည့် ၂၁
ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကြီးတွင် ဆွေးနွေးကြသော
တိုင်းရင်းသားများ၏ လိုလားတောင်းဆိုချက်များကား
တဦးနှင့်တဦး ကွဲပြားခြားနားကြသည်။ အချို့ကားဖြစ်နိုင်သည်ကို အဆိုပြုကြသည်။
အချို့ကား စိတ်ကူးယဉ်ဆန်ဆန် အတ္တကိုအခြေခံပြီး ပြောဆိုဆွေးနွေးကြသည်။
ဆွေးနွေးသည့်သဘောဆောင်သည့်သူရှိသလို အချို့ကတော့ တောင်းဆိုမှုတွေကိုသာ ပြောသွားခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကို
ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် သဖြင့် မည်သူက မျှတသောအတွေး
အခေါ်ရှိသည်၊ မည်သူက အတ္တကြီးသည်၊ မည်သည့်အဖွဲ့က အတွေး
အခေါ်ဆင်ခြင်ဥာဏ်ကြီးသည်၊ မည်သည့်အဖွဲ့ကတော့ အစွန်းရောက်လွန်းသည် စသည်ဖြင့်
ပြည်သူလူထုက သိခွင့်မြင်ခွင့် လေ့လာခွင့်ရသည်မှာ အမြတ်ဖြစ်သည်။
တိုင်းရင်းသားတို့သာမက တပ်မတော်ဘက်မှ အမြင် အယူအဆ၊ အစိုးရဘက်မှ အမြင်အယူအဆ၊
ပြင်ပညာရှင်များ၏ အယူအဆများကို ကြားနာရသည်မှာ စဉ်းစား စရာတွေ
အများကြီးရသည်။ ဘာပဲဖြစ်ဖြစ် တသက်လုံး တဦးနှင့်တဦး
မျက်နှာချင်းမဆိုင်နိုင်ခဲ့သော လူများ တရားဝင်တွေ့ဆုံကြပြီး မိမိအမြင်ကိုတရားဝင်ချပြခွင့်ရတာ
အလွန်ထူးခြားသော အခွင့်အရေးဖြစ်သည်။ ညီလာခံအတွင်း မတူညီမှုများ၊ ပြဿနာများ၊
အခက်အခဲများစွာရှိခဲ့၏။ အနှစ်ချုပ်အားဖြင့် ဆွေးနွေးမှု၊ ငြင်းဆိုမှု၊
အကြံပေးမှု၊ တောင်းဆိုမှုဟူ၍ မတူညီသောသဘောထား လေးရပ်ကို တွေ့မြင်ခဲ့ရသည်။
တောင်းဆိုမှုတွင် '၀'အဖွဲ့က '၀'ပြည်နယ်တောင်းသည်မှာ လူစိတ်အ၀င်စားဆုံးအချက်ဖြစ်သည်။ စိတ်ဝင်စားရခြင်းမှာ ယခင်ကအကြောင်းများနှင့် လတ်တလောအကြောင်းများကြောင့် ဖြစ်သည်။ လတ်တလော အကြောင်းတွင် '၀'အထူးဒေသ(၂)မှ ကိုယ်စားလှယ်များဆွေးနွေးပွဲမပြီးမီ ညီလာခံမှထွက်ခွာသွားမှုဖြစ်သည်။
ယခင်က အတိတ်အကြောင်းများမှာ '၀'တို့သည် ဗမာပြည်ကွန်မြူနစ်ပါတီ
(ဗကပ)ကျဆုံးပြီးနောက် မြန်မာ ပြည်တွင် အင်အားအကောင်းဆုံး
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို
ပိုင်ဆိုင်ထား၍ဖြစ်သည်။ '၀'တပ်ဖွဲ့ (UWSA) တပ်အင်အား
သုံးသောင်းကျော်ရှိပြီး အရန်တပ်ဖွဲ့ဝင်အင်အားလည်း
တသောင်းခန့်ရှိသေးသည်ဆိုရာ ကြီးမားသော စစ်အင်အားပင်ဖြစ်သည်။
ထို့စစ်အင်အားကြောင့်ပင် လက်နက်သည်သာအမှန်တရား (Might is Right) ဟူသော
အယူအဆအရ အင်အားကြီးသော နိုင်ငံရေးပြောရေးဆိုခွင့်ပါရနေသည့်သဘော
ဖြစ်သည်။ လူ ၃၀၀ လောက်သာရှိသော လက်နက်ကိုင်အဖွဲ့နှင့်
လူသုံးသောင်းလောက်ရှိသော လက်နက်ကိုင်အဖွဲ့တို့ကို တပ်မတော်ဘက်က သဘောထားပုံ
တူညီမည် မဟုတ်ချေ။ ထိုမျှအင်အားကြီးသော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့သည်
ပြည်တွင်းအင်အားထက် နိုင်ငံခြားတိုင်းပြည်တခုဖြစ်သော
တရုတ်ပြည်နှင့်ပို၍ နီးစပ်နေ တာလည်း ကျန်တိုင်းရင်းသားအားလုံးက
ဘ၀င်မကျနိုင်သောကိစ္စ ဖြစ်သည်။ ပြည်ထောင်စုမြန်မာ နိုင်ငံထဲတွင်နေပါလျက်
မြန်မာစကားမပြော၊ တရုတ်စကားပြောနေကြခြင်း၊ တရုတ်ငွေကို အဓိကငွေကြေး
အဖြစ်သုံးနေကြခြင်း၊ ကာစီနိုလောင်းကစားရုံများ တရားဝင်လုပ်ကိုင်နေကြခြင်း၊ မြန်မာ့မြေမှ မျိုးတုံးတော့မည့် တိရစ္ဆာန်များကို တရားဝင်သဖွယ် တရုတ်ပြည်သို့ မှောင်ခိုရောင်းချနေကြခြင်း၊
မြန်မာ့တရားစီရင်မှု၊ အုပ်ချုပ်မှု၊ ဥပဒေပြုမှုအောက်မှ အထူးဒေသဟူသော
အမည်လှလှလေးဖြင့် ကင်းလွတ်ခွင့်ရနေတာကိုလည်း အခြား တိုင်းရင်းသား
ညီအစ်ကိုမောင်နှစ်မများ၏မျက်စိထဲတွင် ပိုးကောင်ဝင်သလို ပူစပ်ပူလောင်နိုင်လှ၏။
စင်စစ် '၀'တို့ ယခုရရှိထားသော အုပ်ချုပ်ရေးအဆင့်အတန်းမှာ ပြည်နယ်အဆင့်ထက်ပင်ပိုနေပြီး '၀'နိုင်ငံတော်အဆင့်နီးပါးသို့ပင်
ရောက်နေတာတွေ့ရပေမည်။ ငွေစက္ကူကိုယ်ပိုင် မထုတ်သေးတာနှင့် နိုင်ငံခြား
တိုင်းပြည်များတွင် '၀'သံရုံးမထားတာကလွဲ၍ အချုပ်အခြာအာဏာပိုင်
နိုင်ငံတခုသို့ပင်ဖြစ်နေခဲ့ပြီးလေပြီ။ ထိုသို့ အများတကာထက်ထူး၍ အခွင့်အရေးများရပြီးနေသူများက တဆင့်တက်သည့်အနေဖြင့် '၀'ပြည်နယ်သတ် မှတ်ပေးရန်တောင်းဆိုခဲ့ကြသည်။ ယခင်ကလည်း တောင်းခဲ့ဖူးသည်။ သို့သော် ရှမ်းပြည်နယ်ထဲတွင် နောက်ထပ်ပြည်နယ်ထောင်လာမည်ကို ရှမ်းတိုင်းရင်းသားတို့ကပင်လျှင် သဘောမတူလက်မခံနိုင်ခဲ့။ ထိုအခြေ အနေတွင် ယခုအခါ၂၁ရာစုပင်လုံငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ပြည်နယ် သတ်မှတ်ပေးဖို့ '၀'အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)ဦးညီနပ်က
စက်တင်ဘာ ၂ ရက်က နေပြည်တော်တွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယခင်က '၀'
ပြည်နယ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ဖူးသော်လည်း '၀'အထူးဒေသကိုသာ
သူတို့ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆို နေသည်ဟု အများကထင်နေခဲ့သည်။
သို့သော်ယခုအခါတွင် နယ်နိမိတ်ပင်တိုး၍ တောင်းဆိုလာခဲ့ပေပြီ။ လက်ရှိ
'၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ခြောက်မြို့နယ်နှင့် ကျိုင်းတုံနယ်မြေဒေသ ၁၀ မြို့နယ်အား '၀'ပြည်နယ်အဖြစ်
အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဦးညီနပ်ကပြောရာတွင်
''၀လူမျိုးများသည် အခြား တိုင်းရင်းသားများ ပြောဆိုနေသကဲ့သို့ မနေ့တနေ့ကမှ
ပေါ်ပေါက်လာသည့် ၀တရုတ်လူမျိုးများ မဟုတ်ကြောင်း။ မြန်မာနိုင်ငံသို့
ဦးဦးဖျားဖျားဆင်းသက်လာသည့် မွန်-ခမာအနွယ်၊ မွန်-၀-ပလောင်
လူမျိုးစုမှဆင်းသက်သည့် သမိုင်းအထောက်အထားအခိုင်အမာရှိသည့် လူမျိုးစုဖြစ်ကြောင်း၊ ယဉ်ကျေးမှုအဆင့်မြင့်မြင့်ဖြင့် အုပ်ချုပ်စိုးစံခဲ့သော နိုင်ငံသားတိုင်းရင်းသားဖြစ်ကြောင်း၊ ခရစ်နှစ် ၁၂၄၃ ခုနှစ်တွင် ဂုံရှမ်းကို စစ်ရှုံးပြီးနောက် သမိုင်းပြတ်တောက်၍ လူမျိုးပြုတ်လုမတတ်ဖြစ်ခဲ့သဖြင့် အစစအရာရာ ခေတ်နောက်ကျခဲ့ရသည့် လူမျိုးဖြစ်ကြောင်း။ '၀'တိုင်းရင်းသားလူမျိုးစုသည် တိုင်းရင်းသားစစ်စစ်၊ သမိုင်း အစဉ်အလာရှိသော လူမျိုးဖြစ်ပြီး ပြည်ထောင်စုဝင်ပြည်နယ်ဖြစ်ရန် လိုအပ်သောအရည်အချင်းပြည့်မီသော ကြောင့် လက်ရှိ '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခြောက်မြို့နယ်နှင့် ကျိုင်းတုံနယ်မြေဒေသ ၁၀ မြို့နယ်ကို ပြည်ထောင်စုဝင် '၀'ပြည်နယ်အဖြစ် ပြန်လည်အသိအမှတ်ပြုပေးနိုင်ပါရန်''ဟု ထည့်သွင်းပြောကြားခဲ့သည်။ ဤ ကား ငြိမ်းချမ်းရေးညီလာခံ၌ '၀'တို့ပြည်နယ်တောင်းသော ကိစ္စပေတည်း။
နောက်ထပ်ပြည်နယ်အသစ်တခုတောင်းဆိုသော လူမျိုးလည်း ရှိသေး၏။ ထိုသူများက တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဖြစ်သည်။ ထိုပါတီမှ ဥက္ကဋ္ဌဦးစိုင်းဌေးအောင်က ''မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်နှင့် ကသာခရိုင်အထက်ပိုင်းဒေသများကို
ကချင်တောင်တန်း ဒေသအပိုင်း(၁)ထဲ ထည့်သွင်းခဲ့ စဉ်က ပြည်သူများက
ကန့်ကွက်ခဲ့ကြောင်း၊ ဒေသခံ ရှမ်းနီပြည်သူများ၏ ဆန္ဒသဘောထားမပါရှိခဲ့ကြောင်း။
ဒီအမှားတွေကြောင့် ရှမ်းနီလူမျိုးများနဲ့ ကချင်လူမျိုးများကြားမှာ
မကျေနပ်မှုများ ဖြစ်ပေါ်လာပြီး KIA ပေါ်လာတဲ့အခါမှာတော့ ပိုဆိုးလာပါတယ်။
ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရသည့်အပြင်
လူမျိုးရေးအရ ဖိနှိပ်ခံရမှုများလည်း အားကြီးခဲ့ပါတယ်။ အဲဒါကြောင့် ၁၉၇၂ မှာ
မြေလတ်ရှမ်းပြည်နယ်(ခေါ်) ရှမ်းနီပြည်နယ်ရရှိဖို့တောင်းဆိုခဲ့ပါတယ်။
ယခုလည်း ရှမ်းနီလူမျိုးများ နေထိုင်ရာဒေသတွေဖြစ်တဲ့ မြစ်ကြီးနား၊
မိုးညှင်း၊ ဗန်းမော်၊ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စတဲ့ ခရိုင်များ
စုပေါင်းပြီး ရှမ်းနီပြည်နယ်သတ်မှတ်ပေးဖို့
တင်ပြလိုပါတယ်''ဟု ပြောကြားခဲ့ပေ၏။ ထိုညီလာခံတွင်ပင်
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ်၏
ထူးခြားသောအနေအထားအရ ရခိုင်ပြည် နယ် နယ်စပ်ဒေသလုံခြုံရေးအတွက်
ကမ်းခြေစောင့်တပ်၊ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များအား
ပြည်နယ်အစိုးရလက်အောက်ရှိ ပြည်နယ် အမျိုးသားတပ်မတော်က
ဖွဲ့စည်းခွင့်ရှိရမည်ဟု တင်ပြသွားသည်။ ဤကိစ္စတွင် ဒေါက်တာအေးမောင်
အနည်းငယ်စိတ်ကူးယဉ်နေသလိုရှိ၏။ မည်သည့်နိုင်ငံမှာမဆို တပ်မတော် သည် တခုတည်းသာရှိသည်။ ပြည်နယ်အစိုးရတခုတွင် ကိုယ်ပိုင်တပ်မတော်ဖွဲ့သည်ဆိုခြင်းမှာ
ဘယ်နိုင်ငံကမှ လက်မခံသောစနစ်ဖြစ်သည်။ ထိုသို့သာဆိုလျှင် နယ်စပ်ဒေသနှင့်
ထိစပ်နေသော ပြည်နယ်အားလုံးက ကိုယ်ပိုင်တပ်မတော်တောင်းဆိုလာကြပြီး နောက်ဆုံးတွင် တပ်မတော်ပြိုကွဲ၍ ပြည်တွင်းစစ်ဖြစ်ကြရုံ သာရှိသည်။
ဤသို့ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအစပိုင်းမှာပင်
ပြည်နယ်အသစ်နှစ်ခု (၀ပြည်နယ်နှင့် ရှမ်းနီပြည်နယ်) တောင်းဆိုမှု
ပေါ်ထွက်လာပေ၏။ ထို့ထက်ထူးဆန်းသော သဘောထားတင်ပြချက်တခုကိုလည်း
၂၁ ရာစု ပင်လုံညီလာခံတွင် ကြားရသေး၏။ ထိုအရာမှာ အခြားမဟုတ်။
မြန်မာနိုင်ငံ၏အမည်ကို ပြောင်းဖို့ပြောလာခြင်း ဖြစ်သည်။ ပြောသူက
မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်ဟံသာဖြစ်သည်။
''စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုး အားလုံး၏ တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်ရန် ထိုတိုင်းရင်းသားလူမျိုးများအားလုံးကို ကိုယ်စားပြုနိုင်မည့် အမည်နာမသစ်တခုကို ဆွေးနွေးသတ်မှတ်သင့်ပါတယ်''ဟု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ ''ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံဟူ၍ခေါ်ဆိုရာတွင်
မြန်မာနိုင်ငံဟူ၍ဖြစ်စေ၊ ဗမာနိုင်ငံဟူ၍ ဖြစ်စေ၊ အင်္ဂလိပ်ဘာသာစကားဖြင့်
ဘားမား သို့မဟုတ် မြန်မာဟူ၍ဖြစ်စေ သုံးနှုန်းခေါ်တွင်ခြင်းသည်
ပြည်ထောင်စုနိုင်ငံအတွင်း နေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားလူမျိုးများအနက် လူမျိုးတမျိုးဖြစ်သည့် ဗမာအမျိုးသားများကိုသာရည်ညွှန်းနေပါသည်''ဟု
ပြောကြားခဲ့သည်။ ဤကိစ္စသည် နည်းနည်းတော့များသွားပြီ ဟု ဆိုရပေမည်။
ဗမာမုန်းတီးစိတ်နှင့် တိုင်းရင်းသားအချို့၏ လူမျိုးရေးအငုံ့စိတ်မှ
ပေါက်ဖွားလာသော မလျော် ကန်သည့် တရားခံရှာမှုဖြစ်သည်ဟု ပြောရပေလိမ့်မည်။
မြန်မာအမည်၊ ဗမာအမည်ကို တခုတည်းမထားချင်ဘဲ တိုင်းရင်းသားအားလုံးအမည်ကိုပါစေချင်လျှင်
နိုင်ငံအမည်ကို ဘယ်လိုမှည့်ရမည်လဲ။ ပြည်ထောင်စုသမ္မတ မွန်၊ ကချင်၊ ကယား၊
ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ဗမာ ပြည်ထောင်စုနိုင်ငံတော်ဟု ခေါ်ရမည်လော။
ပျူကမ်းယံသက် နိုင်ငံတော်ဟု လုပ်ရမည်လော။ မွန်-ခမာ နိုင်ငံတော်ဟု
အမည်ပေးရမည်လော။ တိဗက်တိုဘားမားပြည်ထောင်စုဟု
လုပ်ရမည်လော။ ယူနိုက်တက်ကွင်းဒန်းဟု သမုတ်မည်လော။ မနူဟာ နိုင်ငံတော်ဟု
လုပ်ရမည်လော။ ယခုဆွေးနွေးကြသောညီလာခံသည် လက်နက်ကိုင်တိုက်ခိုက် နေကြသော
အဖွဲ့များ လက်နက်ကိုင်လမ်းစဉ်ကို မည်သို့စွန့်လွှတ်ပြီး
ငြိမ်းချမ်းရေးရအောင်လုပ်ကြမလဲဟူသော
ဘုံဦးတည်ချက်ကို အဓိကထား ဆွေးနွေးရမည် ဖြစ်သည်။ တသက်လုံးက မကျေနပ်လာခဲ့သော
တောက်တိုမယ်ရကိစ္စများကို ဆန်စင်ရာကျည်ပွေ့လိုက်သလို ဟိုရောက်သည်ရောက်
မကျေနပ်ချက် ဖော်ထုတ်ပွဲကြီး မဟုတ်ပေ။ မွန်အချို့လက်နက်စွဲကိုင်တိုက်ခိုက်သည်ဆိုလျှင်လည်း နိုင်ငံ့အမည်ကို မကျေနပ်၍ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ခြင်း မဟုတ်တန်ရာပေ။ အခြား နိုင်ငံရေးမကျေနပ်ချက်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ UWSA နှင့် '၀'အဖွဲ့တို့ ကိုယ်ပိုင်စစ်တပ်ထောင်ထားခြင်းမှာလည်း
'၀'ပြည်နယ်မရ၍ တပ်မတော်ကို ရင်ဆိုင်တိုက်ခိုက်ရန် ဖွဲ့စည်းထားခြင်း
မဟုတ်နိုင်။ တိုင်းလိုင် (ခေါ်)ရှမ်းနီတို့လည်း ဤသဘောပင်ဖြစ်မည်။
ကိုယ်ဘာကြောင့် လက်နက်ကိုင်ခဲ့သလဲ။ လက်နက်စွန့်ပြီး ငြိမ်းချမ်းရေးယူဖို့
ဘယ်လိုရှေ့ဆက်သွားမလဲဆို တာတွေပဲ အဓိကပြောကြရမည်ဖြစ်သည်။
အတိတ်ကသမိုင်းကြောင်းတွေ၊ ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့ရတာတွေကိုပဲ စားမြုံ့ပြန်နေလျှင် လိုရင်းကိုရောက်တော့မည်မဟုတ်။
သမိုင်းဆိုသည်မှာ လူမျိုးတိုင်းမှာ ရှိသည်။ အတိတ်ဆိုသည်မှာ
လူမျိုးတိုင်းမှာရှိသည်။ အတိတ်ကိုသာ တမ်းတကြစတမ်းဆိုလျှင် ဗမာတွေမှာလည်း
အတိတ်တွေအများကြီးရှိသည်။ အာသံနှင့် မဏိပူရသည် မြန်မာမင်းတို့၏
ပိုင်နက်နယ်မြေ ဖြစ်သည်။ အယုဒ္ဓယ၊ လင်းဇင်း၊ ဇင်းမယ်သည်
မြန်မာ့ကိုလိုနီဖြစ်ခဲ့ဖူးသည်။ ထိုသို့ဖြစ်ခဲ့သဖြင့် ယခုအခါ အိန္ဒိယနိုင်ငံပိုင်နက်ဖြစ်နေသော အာသံ (Assam)၊ မဏိပူရ(Manipur)ပြည်နယ်များကို
ဆန္ဒပြပြီးပြန်တောင်း မည်လော၊ စစ်ရေးဖြင့် တက်တိုက်ရမည်လော။
အယုဒ္ဓယကိုပြန်ပေးဖို့ သမိုင်းကြောင်းကိုပြောကာ ထိုင်းနိုင်ငံနှင့်အငြင်းပွားမည်လော။ အတိတ်မှာဖြစ်ခဲ့သမျှကိုသာလျှောက်ပြောရလျှင် ဘုရင့်နောင်မင်းတရားကြီး လက်ထက် ဒုတိယမြန်မာနိုင်ငံတော်၏ အကျယ်အ၀န်းပိုင်နက်နယ်မြေထဲတွင်
ကေတုမတီပြည်ကြီး၊ သရေခေတ္တရာပြည်ကြီး၊ သာယာဝတီပြည်ကြီး၊ လင်းဇင်းပြည်ကြီး၊
တောင်တွင်းကြီးပြည်ကြီး၊ ရမည်း သင်းပြည်ကြီး၊ ပေါက်ကံရာမပြည်ကြီး၊
မြင်စိုင်းပြည်ကြီး၊ ကသည်းပြည်ကြီး၊ စန္ဒားပြည်ကြီး၊ မိုးကောင်းပြည်ကြီး၊
မိုးညှင်းပြည်ကြီး၊ ဗန်းမော်ပြည်ကြီး၊ မိုးမိတ်ပြည်ကြီး၊ မိုးဝန်းပြည်ကြီး၊
မိုင်းမော်ပြည်ကြီး၊ စည်ခွင်ပြည်ကြီး၊ ဟိုသာပြည်ကြီး၊ လသာပြည်ကြီး၊
မိုးနားပြည်ကြီး၊ မိုးလျင်းပြည်ကြီး၊ ကိုင်းမာပြည်ကြီး၊ သိန္နီပြည်ကြီး၊
အုန်းပေါင်ပြည်ကြီး၊ သီပေါပြည်ကြီး၊ မိုင်းကိုင်ပြည်ကြီး၊
မိုင်းပတ်ပြည်ကြီး၊ ရပ်စောက်ပြည်ကြီး၊ နောင်မွန်ပြည်ကြီး၊
ညောင်ရွှေပြည်ကြီး၊ မိုးနဲပြည်ကြီး၊ ကျိုင်းတုံပြည်ကြီး၊
ကျိုင်းရုံးပြည်ကြီး၊ ကျိုင်းသေဉ်ပြည် ကြီး၊ လ၀ိုက်ပြည်ကြီး၊
မျက်နှာမည်းပြည်ကြီး၊ သောက္ကတဲပြည်ကြီး၊ ပိဿလောက်ပြည်ကြီး၊ ဒွါရ၀တီပြည်ကြီး၊
တနင်္သာရီပြည်ကြီး၊ ထားဝယ်ပြည်ကြီး၊ မုတ္တမပြည်ကြီး၊ ပုသိမ်ပြည်ကြီး၊
အယုဒ္ဓယပြည်ကြီးတို့ပါဝင်ခဲ့ကြောင်း
မှန်နန်းရာဇ၀င်မှာ ပါရှိပေသည်။ ထိုအထဲတွင် အချို့နယ်မြေများမှာ ယခုအခါ
နိုင်ငံခြားတိုင်းပြည်များ ဖြစ် နေပေသည်။ ထိုအခါ ကျွန်တော်တို့သည် အတိတ်က
ရွှေထီးဆောင်းခဲ့ရတာကို တမ်းတလျက် အဲဒီနယ်တွေ အားလုံးဗမာ့ပိုင်နက်၊
ဗမာပြည်နယ်သတ်မှတ်ပေးဟု သွားလုပ်၍မရပါ။
ထို့အတူ အတိတ်က နာကြဉ်းမှုများသည် လူမျိုးတိုင်းမှာရှိပေလိမ့်မည်။ အင်္ဂလိပ်တို့သည် မြန်မာပြည်ကို ကျွန်ပြုလျက် နှစ်ပေါင်းရာကျော် အုပ်ချုပ်သွားပေသည်။ ဂျပန်တို့သည် မြန်မာ့မြေကိုသိမ်းပိုက်ဖူးပြီး
မြန်မာ တမျိုးသားအားလုံးကို ဖက်ဆစ်စနစ်ဖြင့် ရက်စက်ရိုင်းစိုင်းစွာ
အုပ်ချုပ်သွားခဲ့ဖူးသည်။ ပါးရိုက်နားရိုက်မှသည် အသက်သေသည်အထိ
နှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးများကို အဓမ္မကျင့်ကြံခြင်းများ
ပြုလုပ်သွားခဲ့သည်။ ထိုဖြစ်ရပ်များကို တသက်လုံးအခဲမကျေတော့ဘဲ
ကျွန်တော်တို့သည် ရန်ကုန်ရှိ အင်္ဂလန်သံရုံးနှင့် ဂျပန်သံရုံးများကို
သွားရောက်တိုက်ခိုက်ကြမည်လော။
သွားရောက်ဆန္ဒပြကြမည်လော။ ကန့်ကွက်စာပေးကြမည်လော။ ကာလသုံးပါးတွင် အတိတ်၊
ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ ကာလသုံးပါးရှိ၏။ အတိတ် ဆိုသော
ဥခွံထဲမှာပဲနေချင်သူတို့သည် ပစ္စုပ္ပန်နှင့် အနာဂတ်ဆိုသောလမ်းကြောင်းပေါ်သို့
တက်လာနိုင်စရာ အကြောင်းမရှိပေ။ အချို့တိုင်းရင်းသားတို့က
လွန်ခဲ့သောနှစ်ပေါင်း လေးထောင်လောက်မှစကာ ကိုယ့်မင်းကိုယ့် ချင်းနှင့်
နေထိုင်လာရာမှ ၁၇၈၅ ခုတွင် အင်းဝမှ မြန်မာဘုရင်က သိမ်းပိုက်သဖြင့်
မြန်မာ့ကိုလိုနီဘ၀သို့ ကျရောက်ခဲ့သဖြင့် ယခုအခါ လွတ်လပ်သော
နိုင်ငံတော်အဖြစ် ခွဲထွက်တည်ထောင်ရမည်ဖြစ်ကြောင်း
စသည် ဖြင့် အစွန်းရောက်မျိုးချစ်များက အတိတ်ကိုဖော်ဆောင်ကာ
ပြောကြဟောကြတာလည်း ရှိကြပေ၏။ ထိုသို့ အတိတ်ကဖြစ်ရပ်တွေကိုသာ တမ်းတကာ
ပြန်အသက်သွင်းချင်နေလျှင် ဗမာတို့လည်း တရုတ်ပြည် ယူနန်နယ်
မြေသို့လည်းကောင်း၊ ယိုးဒယားသို့လည်းကောင်း၊ အိန္ဒိယသို့လည်းကောင်း
စစ်ချီတက်၍မဆုံးနိုင်အောင် ဖြစ်နေ ပေလိမ့်မည်။ လူမျိုးအချင်းချင်းမုန်းတီး၍မဆုံးနိုင်အောင်ဖြစ်လိမ့်မည်။ စစ်ပွဲများအတောမသတ်နိုင်အောင် ရှိလိမ့် မည်။ အင်္ဂလိပ်နှင့် ဂျပန်ကို တွေ့ရာသချိုင်္င်းဓားမဆိုင်း သတ်ဖြတ်၍ မပြီးနိုင်အောင် ရှိပေလိမ့်မည်။
တပ်မတော်ကပြောခဲ့သမျှ အယူအဆအများစုကို သဘောမတူတာများခဲ့သော ကျွန်တော်သည်
ဤတကြိမ်တွင်တော့ သူတို့ပြောတာကို သဘောကျမိလေ၏။ ၂၁ ရာစု
ပင်လုံငြိမ်းချမ်းရေးညီလာခံ
ပထမ အကြိမ် ဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် တပ်မတော်၏ တင်ပြချက်များအား
အကျဉ်းချုပ်တင်သွင်းရာတွင် ဗိုလ်မှူးကြီးနေလင်းထွန်းက စာတမ်းတင်သွင်းခဲ့ရာ
အဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေးလိုလားချက်အားလုံးကို
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံ၍သာ ဆောင်ရွက်သွားရမည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံတွင်
ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏ အမြင့်ဆုံး ဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ အခြေခံရမည်ဖြစ်ပြီး ပြင်ဆင်ဖြည့်စွက်လိုသည့်အချက်များကို အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းပါ
ပြဋ္ဌာန်းချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်ဟု
ပြောကြားသွားပေသည်။ မှန်ပေ၏။ တယောက်က ပြည်နယ်အသစ်တောင်း၏။ နောက်
တယောက်ကလည်း ပြည်နယ်အသစ်တောင်း၏။ နောက်တယောက်က နိုင်ငံတော်အမည်ကိုပြင်လို၏။
နောက်တဖွဲ့က ပြည်နယ်အစိုးရလက်အောက်တွင် ပြည်နယ်အမျိုးသားတပ်မတော်
ဖွဲ့စည်းခွင့်ရှိရမည်ဟု ဆိုပြန်၏။ အချို့က ဗမာပြည်နယ်အပါဝင်
(၈)ပြည်နယ်ဝါဒကို တင်သွင်းကြ၏။ ဤသို့ တယောက်တပေါက်
စိတ်ကူးတည့်ရာပြောသမျှကို လိုက်လုပ်နေ၍မဖြစ်။ ဘာကိုအခြေခံအုတ်မြစ်ယူ၍
လိုက်လုပ်ကြမည်နည်း။ ရှိပြီးသား ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ တပ်မတော်ကပြောသလို ပြင်ဆင်ခြင်းပြဋ္ဌာန်းချက်အတိုင်း ပြင်ဖို့ဖြည့်ဖို့လုပ်ရုံပဲရှိသည်။
သို့သော် တပ်မတော်ကထည့်ပြောမသွားသော အချက်တခုလည်း ရှိသေး၏။ ထိုစကားမှာ
တပ်မတော်ဘက်မှလည်း ထားရှိရမည့်ကတိစကားတခွန်း ဖြစ်သည်။
ဒီမိုကရေစီကိုရည်ရွယ်၍၊ ဒို့တာဝန်အရေးသုံးပါးကိုရည်ရွယ်၍၊
ဖက်ဒရယ်စနစ်ကိုရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ဆင်ရေးကြိုးပမ်းရာတွင် လွှတ်တော်တွင်း၌ တပ်မတော်ကရရှိထားသော ၂၅
ရာခိုင်နှုန်း အားသာချက်ကိုအသုံးချ၍ ဗီတိုအာဏာနှင့်ပယ်ချခြင်း၊
ကန့်လန့်တိုက်ခြင်းများမလုပ်ဘဲ တိုင်းရင်းသားများ၊ ဒီမိုကရေစီလိုလားသူများ၊ လွှတ်တော်အမတ်များ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟူသော ကတိစကားဖြစ်သည်။ ကျွန်တော်ကတော့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားများ ဆွေးနွေးသွားသည့်အထဲမှ သဘောအကျဆုံးအချက်တခုသာရှိ၏။
ထိုအချက်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)
ကပြောခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရ၏အုပ်ချုပ်မှုအောက်တွင် တပ်မတော်ကရှိမနေသည့်အတွက် တပ်မတော်ကို အစိုးရအုပ်ချုပ်မှုအောက်၌ ထားရှိရေးနှင့် ကာကွယ်ရေးဝန်ကြီးတာဝန်ကိုလည်း အရပ်သားကိုသာပေးအပ်သင့်ကြောင်း ပြောကြားသွား သည့် အလွန်မှန်ကန်သော အချက်ပင်ဖြစ်သတည်း။
သရ၀ဏ်(ပြည်)
EmoticonEmoticon