16-Sep-2016
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ အများစု အစိုးရဟာ ရက်ပေါင်း ၁၆၈
သက်တမ်း အတွင်းမှာ နိုင်ငံအတွက် အရေးအပါဆုံးဖြစ်တဲ့
ပြည်တွင်းငြိမ်းချမ်းရေး (၂၁ ရာစုပင်လုံ) နဲ့ ‘ရခိုင်ပြည်နယ်
စုံစမ်းရေးကော်မရှင်’ ဆိုတဲ့ မဟာဗျူဟာနှစ်ရပ်ကို ဦးစားပေး
ခင်းချလိုက်ပါတယ်။ အဲဒီမဟာဗျူဟာ နှစ်ရပ်စလုံးဟာ
၁၉၄၇ ပင်လုံညီလာခံနဲ့ ဆက်စပ်ခဲ့တာချည်းပါပဲ။ ရခိုင်ဘင်္ဂါလီ အရေးကိုလည်း
ဆက်စပ်ဖို့ ဘင်္ဂါလီတို့က ကြံစည်ကြိုးပမ်းခဲ့ရတာ သမိုင်းမှတ်တမ်း
ရှိခဲ့ပါတယ်။ (၂၁ ရာစုပင်လုံ) မှာလည်း ဘင်္ဂါလီတို့လိုပဲ ပြည်တွင်းပြည်ပ
ပယောဂတွေက ဝင်နှောက်ဖို့ ကြံစည်တာမျိုး မရှိနိုင်ဘူးလို့ မပြောနိုင်ပါဘူး။
သတိမလစ်စေချင်ပါဘူး။
အမှန်တရားက ကိုယ့်ဘက်မှာ
ရခိုင်ပြည်နယ်ကော်မရှင်ကို ပြည်ပသား (ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း
မစ္စတာ ကိုဖီအာနန်) ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့တဲ့အပေါ် ‘သံသယအသံ’ တွေ၊
မကျေနပ်သယောင် အသံတွေလည်း ထွက်လာပတယ်။ အဲဒါကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး
ကိုယ်စားလှယ် (ကင်တားနား) ရဲ့ ဆောင်ရွက်ခဲ့တဲ့ အစီရင်ခံစာတွေနဲ့ ကုလသမဂ္ဂနဲ့
နိုင်ငံတကာ NGO တွေရဲ့ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်ခဲ့တဲ့ ဘက်လိုက်မှုနဲ့
ပယောဂတွေကြောင့် ဖြစ်ဖွယ်ရာ ရှိပါမယ်။ ရခိုင်ပြည်နယ် အရေးကိစ္စဟာ ‘ဝ’
ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အရေးကိစ္စနဲ့ ခပ်ဆင်ဆင်ပါပဲ။ အကိုင်အတွယ်မတတ်ရင်
အလွန်လှတဲ့ ‘ခေါင်းခါးခြေလက် အလှဖက်၍၊ တက်ကြွမြူးပျံ၊ ကနေဟန်’
မြန်မာ့မြေပုံ နယ်နိမိတ်ကောက်ကြောင်း အလှဟာ အကျည်းတန် အရုပ်ဆိုးသွားမှာကို
စိုးရိမ်မိပါတယ်။ ရခိုင်စုံစမ်းရေးကော်မရှင်ကို
ကမ္ဘာမှာ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးက ခေါင်းဆောင်ဖို့ ရွေးချယ်တာ
အမြော်အမြင် ကြီးမားတဲ့ ရွေးချယ်တာဝန်ပေးမှုလို့ မြင်မိပါတယ်။ မဟုတ်ရင်
‘ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်ကုလားဖန် ကိုယ်ထိုး’ တယ်လို့ ကမ္ဘာက
မြင်သွားမှာကို ကြိုတင်ကာကွယ်လိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသား
ရခိုင်မျိုးနွယ်စုများက သမိုင်းကြောင်းအရ ပကတိ အမှန်တရားကို
သက်သေပြနိုင်တဲ့ သမိုင်းအထောက်အထားတွေက ရှိပြီးသားမို့ ဘာမှစိုးရိမ်ဖွယ်
မရှိဘူးလို့ မြင်ပါတယ်။ အားသာချက်က အမှန်တရားက ကိုယ့်ဘက်မှာရှိပြီး
ဖြစ်နေလို့ပါပဲ။
သမိုင်းရှိတဲ့ရခိုင်
မြန်မာတိုင်းရင်းသား ရခိုင်လူမျိုးများနဲ့ အခြားသော ရခိုင်ကဲ့သို့
လူမျိုးစုများက အမှန်တရားကို ထောက်ကူတဲ့ အထောက်အထား အမှန်အကန်တွေကိုသာ
ကိုဖီအာနန်နဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ကို
ဝိုင်းဝန်းဖြည့်ဆည်း ပံ့ပိုးပေးကြပြီး တာဝန်ကျေဖို့သာ လိုအပ်ပါတယ်။
မျက်မှောက် ရခိုင်ပြည်နယ် အရေးကိစ္စဟာ ‘အပ်နဲ့ထွင်း’ လို့ရတဲ့ကိစ္စ
ဖြစ်ပေမယ့် ‘ပုဆိန်နဲ့ပေါက်’ ရတဲ့ အနေအထား ဖြစ်လာတာဟာ ကိုယ့်နိုင်ငံကို
လွတ်လပ်ရေးရတဲ့ အချိန်ကစလို့ အုပ်ချုပ်ခြယ်လှယ်ခဲ့ကြတဲ့ ‘အစိုးရမင်း’
များကသာ ‘ပထမ တရားခံ’ ဖြစ်ပါတယ်။ ဒုတိယ တရားခံကတော့ ဒေသခံတွေလို့
သုံးသပ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်ချဲ့ဗြိတိသျှတွေက
အိန္ဒိယတိုက်ငယ်နဲ့ မြန်မာကို သိမ်းပိုက်ခဲ့ပြီး ‘ကျွန်’ ဇာတ်သွင်းခဲ့တာကို
‘အမှုမဲ့ အမှတ်မဲ့’ နေခဲ့ကြတဲ့ ရိုးသားတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက
မသိခဲ့ကြလို့ပါပဲ။ ရခိုင်လူမျိုး တိုင်းရင်းသားများဟာ သမိုင်းအရ
ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကြငှန်းနဲ့ နေခဲ့ကြတာပါ။ ဘာသာရေးနဲ့ ယဉ်ကျေးမှု
အဆင့်မြင့်မားပါတယ်။ ဧရာဝတီ (စစ်တွေ)၊ ရမ္မဝတီ (ကျောက်ဖြူ) မေဃဝတီ
(မာန်အောင်)၊ ဒွါရဝတီ (သံတွဲ စတဲ့ ဝတီလေးရပ်နဲ့ ပေါင်းစည်းပြီး
မြောက်ဦးခေတ်အထိ ခေတ်လေးခေတ် ထွန်းကားခဲ့တယ်။ ဘီစီ (၃၃၂၈) မှ အေဒီ (၃၂၇)
အထိ သမိုင်းရှည်ကြာတယ်။ အထောက်အထားတွေက ဒီနေ့အထိ ရှိနေတယ်၊ နောက်ဆုံးမင်းက
‘သူရိယကေတု’ ဖြစ်ပြီး ‘ဝေသာလီ’ နေပြည်တော် တည်ထောင်နိုင်ခဲ့တယ်။ အေဒီ (၉၅၇)
ရောက်မှ ရှမ်းတို့ တိုက်ခိုက်လို့ ပျက်စီးတယ်။ ‘ဝေသာလီ’ မြို့ဟောင်းက
ဒီနေ့အထိ အထင်အရှား ရှိနေတာပါပဲ။ နောက်ပြီး လေးမြို့ခေတ်ဟု ထင်ရှားတဲ့
စမ္ဗဝက်မြို့၊ ဓမ္မာမြို့၊ မရိန်မြို့၊ ချိတ်မြို့၊ တောင်ငူနေရဉ္စရာ၊
လောင်းကြက်မြို့တို့ တည်ထောင်ပြီး (အေဒီ ၁၄၀၄) အထိ မင်းစောမှန်
နန်းစံခဲ့တယ်လို့ သမိုင်းရာဇဝင်က ဆိုထားတယ်။ နောက်ဆုံးမှ မြောက်ဦးကို
ပြောင်းရွှေ့ထီးနန်းစိုက်ခဲ့တယ်။
(ရည်ညွှန်း- ဦးပဏ္ဍိ၊ ဓညဝတီ ရာဇဝင်သစ် ပြည်ကြီးမဏ္ဍိုင် ပုံနှိပ်တိုက်) ဒုတိယ
ဓညဝတီကို ထူထောင်နိုင်ခဲ့ပြီး စန္ဒသူရိယ လက်ထက်မှာ မဟာမုနိ
သွန်းလုပ်ကိုးကွယ်ခဲ့တယ်။ (ရည်ညွှန်း- စန္ဒာမာလာ လင်္ကာရ၊ ရခိုင်ရာဇဝင်သစ်၊
ပဋ္ဌာန်းပွဲ၊ ပိဋကတ် ပုံနှိပ်တိုက်) သူရိယစန္ဒြာမင်း လက်ထက် မဟာမုနိဘုရားမှာ
သိမ်ဆောက်လုပ်လှူဒါန်းပွဲ လုပ်တယ်။ သီဟိုဠ် (ယခု သီရိလင်္ကာ) နိုင်ငံမှ
သံဃာတော်တွေပင့်ပြီး လှူဒါန်းခဲ့တယ်။ ဝေသာလီခေတ်မှာ ထေရဝါဒ ဗုဒ္ဓသာသနာ
ထွန်းကားခဲ့တယ်လို့ ရာဇဝင်အရ လေ့လာရရှိပါတယ်။ အဲဒီမြောက်ဦးခေတ်မှာ (အေဒီ
၁၄၃၀-၁၇၀၅) မွတ်ဆလင်တွေ ဝင်ခဲ့တာလို့ သမိုင်းက ဆိုထားပါတယ်။ အင်အားကြီးတဲ့
ရခိုင်မင်းများဟာ ဘင်္ဂေါ (၁၂) နယ်အထိ သိမ်းပိုက်နိုင်ခဲ့တယ်။ စစ်တကောင်းကို
၁၆၀၆ ခုနှစ်အထိ ရခိုင်မင်းက သိမ်းပိုက်ထားခဲ့တယ်။ မြောက်ဦးခေတ်
အစောပိုင်းများမှာလည်း ဘင်္ဂေါနယ်ကို ရခိုင်ဘုရင်က ပိုင်ဆိုင်ထားခဲ့တယ်လို့
ဆိုပါတယ်။
ရခိုင်ကို ခြိမ်းခြောက်ပြီ
သမိုင်းပါမောက္ခ ဆရာဂျူဒင်က ရခိုင်မင်း ၄၈ ဦးအနက် ၉ ဦးဟာ စစ်တကောင်းကို သိမ်းပိုက်အုပ်ချုပ်ခဲ့ပြီး
နိုင်ငံရေးသြဇာ အလို့ငှာ မွတ်ဆလင် နာမည်တွေနဲ့ ဒင်္ဂါးသွန်းလုပ်ခဲ့တယ်လို့
ဆိုထားတယ်။ (ရည်ညွှန်း- Sarjuddin Muslim Influcnce In Arakan And Muslim
Names Of Arakanese Names Of Arakanese Kings Astatic Society Of
Bangalaoesh June 1986-20) ဘင်္ဂါလီ ပြဿနာက အဲဒီမှာ စတာပါပဲ။
ရခိုင်မင်းတွေဟာ စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်လာတဲ့ ဘင်္ဂါလီတွေကို
လယ်ယာလုပ်ငန်း၊ အခြားလုပ်ငန်းတွေမှာ ခိုင်းစေခဲ့ကြလို့ ဖြစ်ပါတယ်။
ဘင်္ဂါလီတွေဟာ ဘင်္ဂေါနယ်မှ ရခိုင်ကို (၁၅ ရာစုနှစ်) လောက် မှာ
စတင်ရောက်ရှိလာခဲ့ကြတယ်။ အခြားအကြောင်းတစ်ချက်ကတော့ (၁၇ ရာစုနှစ်)
ရခိုင်ဘုရင်တွေနဲ့ ပေါ်တူဂီတွေဟာ ကျွန်အရောင်းအဝယ်လုပ်ငန်း
လုပ်ခဲ့ကြလို့ပါပဲ။ အခြေအနေ ဆိုးရွားသွားတာက ဗမာဘုရင် ဗဒုံမင်းဟာ (၁၇၈၅
ခုနှစ်) မှာ ရခိုင်ပဒေသရာဇ်နယ်ကို သိမ်းပိုက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ
အင်္ဂလိပ်က ဘင်္ဂေါနယ်ကို သိမ်းပိုက်ပြီးဖြစ်လို့ ဗမာဘုရင်နဲ့
ထိပ်တိုက်ဖြစ်လာတယ်။ ရှင်မဖြူကျွန်းကို အကြောင်းပြုပြီး အင်္ဂလိပ်နဲ့
မြန်မာပထမစစ်ပွဲ ဖြစ်တယ်။ ရန္တပိုစာချုပ်နဲ့ စစ်ရပ်စဲခဲ့တယ်။ (နတ်မောက်
ဘုန်းကျော် အင်္ဂလိပ်-မြန်မာ စစ်သမိုင်း တတိယအကြိမ် စာပေလောက ၁၉၉၉ စာ ၁၂၉)
အဲဒီမှာပဲ အင်္ဂလိပ်တို့ သိမ်းပိုက်ထားတဲ့ ဘင်္ဂေါနဲ့ ရခိုင်ဟာ တပေါင်းတည်း
ဖြစ်သွားခဲ့တယ်။ မောင်တောနဲ့ ဘူးသီးတောင်ဒေသဟာ ကျယ်ပြန့်တယ်။
မြေသြဇာကောင်းတယ်။ စိုက်ပျိုးနိုင်တဲ့ မြေသြဇာ ဧက ၈၀၀၀ ကျော်တယ်။ လူဦးရေက
၆၅,၄၈၇ သာ ရှိတယ်။ တိုင်းရင်းသား ရခိုင် သက်ဒိုင်းနက်မြို့နဲ့ ခမွီးတို့ပဲ
နေထိုင်ကြတယ်။ ကျေးရွာပေါင်း ၁၇၂ ရွာသာ ရှိတယ်။ ဒါကြောင့် လယ်ယာလုပ်သားတွေ
အများအပြား လိုအပ်လာတဲ့ အင်္ဂလိပ်ပိုင် ဘင်္ဂလားမှ စစ်တကောင်း၊ မွတ်ဆလင်တွေ
အများအပြားဟာ အင်္ဂလိပ်တို့ရဲ့ စီမံကိန်းအရ အလုံးအရင်းနဲ့ ဝင်ရောက်လာကြတယ်။
(ရည်ညွှန်း- မောင်တောမြို့နယ် ဖြစ်စဉ်သမိုင်း မြို့နယ်ပြည်သူ့ကောင်စီ ၁၉၈၁-
စာ -၂၅) အဲဒီအချိန်ကစလို့ ဘင်္ဂါလီ မွတ်ဆလင်တွေ တိုးလာခဲ့တော့တာပါပဲ။ ၁၉၈၆
ခုနှစ်ရောက်တော့ (၂၆၄,၅၀၇) ရှင်းပြီး မွတ်ဆလင် ဘင်္ဂါလီတို့ လူဦးရေ ၈၈
ရာခိုင်နှုန်းထိ များလာတယ်။ တိုင်းရင်းသား ရခိုင်တွေကတော့
ခြိမ်းခြောက်ခံရပြီး တဖြည်းဖြည်း လျော့နည်းသွားခဲ့တယ်။
လူမျိုးရေး အဓိကရုဏ်း
အဲဒီအခြေအနေတွေကို ဗြိတိသျှအစိုးရက ကြိုတင်ရိပ်မိပြီး ၁၉၃၉ ခုနှစ်မှာ
စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့ခဲ့တယ်။ ဥက္ကဋ္ဌ ရခိုင်ကော်မရှင်နာ+ မစ္စတာ
ဂျိမ်းစ်အက်စ်တာနာ အဖွဲ့ဝင် ဦးတင်ထွတ်နဲ့ မစ္စတာဒေဆိုင်း (ရန်ကုန်တက္ကသိုလ်)
တို့ ပါဝင်ကြတယ်။ ကော်မရှင်က ‘ဘင်္ဂါလီများ အဆက်မပြတ် ဝင်ရောက်မှုကို
မတားဆီးနိုင်လျှင် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားနိုင်သည်’ လို့
အကြံပြုခဲ့ကြတယ်။ ၁၉၄၂ ခုနှစ်မှာ အဓိကရုဏ်းကြီး ဖြစ်ခဲ့တာပါပဲ။ ဘင်္ဂါတွေဟာ
မြင်မကောင်းအောင်ဘဲ အလုံးအရင်းနဲ့ ဝင်လာခဲ့ကြတယ်။ ၁၉၃၇ ခုနှစ်
အိန္ဒိယ-မြန်မာ ခွဲရေး၊ တွဲရေး၊ နိုင်ငံရေး အပြောင်းအလဲမှာ ၃ နှစ်အတွင်း
ဘင်္ဂါလီတို့ ဝင်ရောက်မှုကို ရပ်တန့်ဖို့ အဲဒီအချိန်က နန်းရင်းဝန် (ဂဠုန်)
ဦးစောနဲ့ အိန္ဒိယမှ ‘ဆာကာ’ တို့က စာချုပ်ချုပ်ဆိုခဲ့ကြပေမယ့် ၃ နှစ် အတွင်းမှာ ရခိုင်မှာ အခြေချနေထိုင်ဖို့ အလုံးအရင်းနဲ့ ဝင်ရောက်နေထိုင်ခဲ့ကြပြန်တယ်။
ဒုတိယကမ္ဘာစစ် အင်္ဂလိပ်တို့ ဆုတ်ခွာချိန်မှာ အင်္ဂလိပ်စစ်တပ်မှ
ကုလားစစ်သားတွေက ဘင်္ဂါလီတွေကို လက်နက်တွေ ပေးခဲ့တယ်၊ အဲဒီလက်နက်တွေနဲ့
ရခိုင်တိုင်းရင်းသားတွေကို ဘင်္ဂါလီတို့က သတ်ဖြတ်နှိပ်ကွပ်ခဲ့ကြတယ်။
ရခိုင်တို့ လယ်မြေ၊ ကျွဲ၊ နွားတွေ အဓမ္မ သိမ်းယူခဲ့ကြတယ်။ အဲဒီအရေးအခင်းကို
အကြောင်းပြုပြီး မောင်တောမှာ ကျန်နေတဲ့ မွတ်ဆလင်တွေက ငြိမ်းချမ်းရေးကော်မတီ
(Peace Committee) ဖွဲ့ပြီး ‘အုံမော်များ’ ဆိုတဲ့ မွတ်ဆလင်က ဥက္ကဋ္ဌလုပ်တယ်။
ဂျပန်ဝင်လာတော့ ဘာသာရေးအသင်းအဖြစ် ‘မာဂဂျေ မေတူ အူလမား’ ဆိုတဲ့ နာမည်နဲ့
ဖွဲ့လိုက်တယ်။ အဲဒါ ‘ရိုဟင်ဂျာ’ ရဲ့ သန္ဓေဖြစ်ခဲ့တာပါပဲ။
ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်
၁၉၄၂ ခုနှစ် ကရချိ (ပါကစ္စတန်) အစ္စလာမ် ညီလာခံမှာ ဘူးသီးတောင်၊ မောင်တော၊
ရသေ့တောင် မြို့နယ်တွေကို ပါကစ္စတန်နိုင်ငံထဲ ထည့်သွင်းပေးဖို့ မွတ်ဆလင်
ပညာတတ်တွေက ကြိုးပမ်းခဲ့ကြတယ်။ ၁၉၄၆ ခုနှစ်မှာ (JAM-A- TUL ULEMA- C/SLAM)
အဖွဲ့ ပေါ်လာပြီး ၁၉၄၇ ခုနှစ်မှာ မွတ်ဆလင် ခေါင်းဆောင် ဂျင်းနားနဲ့
တွေ့ဆုံခဲ့တယ်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ကို ပါကစ္စတန်ထဲ
ထည့်ပေးဖို့ တောင်းဆိုပြန်တယ်၊ (ရည်ညွှန်း - Dr.Mohamed Yunsa,A History of
AARKAN, Past & Present, Mangenta Press 1994 –P- 123) ဒါပေမဲ့
ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်သို့အသွား အိန္ဒိယကို
ဝင်ပြီး မစ္စတာဂျင်းနားနဲ့ ဆွေးနွေးတယ်။ မစ္စတာဂျင်းနားက
မွတ်ဆလင်တို့ရဲ့တောင်းဆိုမှု သူကိုယ်တိုင် လုံးဝလက်မခံကြောင်း
ဗိုလ်ချုပ်အောင်ဆန်းကို ပြောပြကတိပေးခဲ့တယ်။ (ရည်ညွှန်း- သတင်းစာဆရာ
ဦးပုကလေး ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ (တတိယတွဲ) ၁၉၄၈ -၁၉၅၅)။
ဘင်္ဂါလီ မွတ်ဆလင်တွေဟာ မြန်မာနယ် ၃ နယ်ကို အင်မတန် လိုချင်နေကြတော့ ၁၉၄၇
ခုနှစ်ကုန်မှာ ဘူးသီးတောင်မြို့နယ် သပြုချောင်းကျေးရွာမှ ‘မူဂျာဟစ်ပါတီ’
ဖွဲ့တယ်။ ဗမာကွန်မြူနစ် ထွန်းအောင်ဖြူကို နာယကတင်တယ်။ ထွန်းအောင်ဖြူက
ကွန်မြူနစ်စခန်းကို မူဂျာဟစ်တွေကို ခေါ်သွားတယ်။ ဖဆပလ အစိုးရကို
ဖြုတ်ချပြီးရင် ရခိုင်ကို နှစ်ပိုင်းပိုင်းမယ်။ ‘နတ်မြစ်’ အရှေ့ဘက်နဲ့
ကုလားတန်မြစ် အနောက်ဘက နယ်မြေကို ‘ရိုဟင်ဂျာပြည်နယ်’ သတ်မှတ်ပေးဖို့
ပြောဆိုခဲ့ကြတယ်။ အဲဒါ ဗမာကွန်မြူနစ်တွေရဲ့ သဘောထားပါပဲ။ အင်္ဂလိပ်တွေကလည်း
‘မွတ်ဆလင် ငြိမ်းချမ်းရေးကော်မတီ’ ကို ချီးကျူးလိုက်ပြီး (Autonomous
Muslim State) ပေးမယ်လို့ ကတိပေးလိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၉၄၇
ပင်လုံညီလာခံမှာ မွတ်ဆလင်တွေဟာ Indo Burma Frontier မှာ ရှိနေလို့ Frontier
ရပိုင်ခွင့်ကို တောင်းခွင့်ပြုဖို့ တောင်းဆိုခဲ့ကြတယ်။ (ရည်ညွှန်း - SERIES
10/Acc No 41 NAD ဗြီ)
တပ်မတော်က တိုက်ရပြီ
ဘင်္ဂါလီ မွတ်ဆလင်တွေဟာ အရှေ့ပါကစ္စတန် နောက်ခံနဲ့ ဗမာကွန်မြူနစ်တွေနဲ့ပေါင်းပြီး
ထကြGလာတဲ့အတွက် တပ်မတော်က ၁၉၅၁ ခုနှစ်မှာ စတင်ဖြိုခွင်းခဲ့ရတယ်။ ၁၉၅၄
ခုနှစ်မှာ မေယုစစ်ဆင်ရေး၊ မုတ်သုံစစ်ဆင်ရေး (ဖိုးသောကြာကိုယ်တိုင်
နေးရှင်းသတင်းစာ သတင်းထောက် ရောဘတ်ရွှေဝါနဲ့အတူ ဒုဗိုလ်မှူးကြီးတင်ဦး (ယခု
NLD ဦးတင်ဦးနှင့် လိုက်ပါသတင်းယူခဲ့ရသည့် စစ်ဆင်ရေး) တို့နဲ့
အပြတ်နှိမ်နင်းနိုင်ခဲ့တယ်။
မူဂျာဟစ်ခေါင်းဆောင် ‘ကာစင်’ က အရှေ့ပါကစ္စတန်ကို ထွက်ပြေးသွားတယ်။ ၁၉၆၁ မှာ
မေယုခရိုင်ဖွဲ့တယ်။ ဘူးသီးတောင် တောင်ပိုင်းမှာ မူဂျာဟစ် ၂၉၀
လက်နက်ချခဲ့တယ်။
ဗိုလ်ချုပ်တက်ခဲ့
ဘင်္ဂါလီ မွတ်ဆလင်တွေဟာ လစ်ဗျား ဆော်ဒီအာရေဗျနိုင်ငံများရဲ့
အကူအညီတွေ ရကြတယ်။ မေယုကမ်းသွယ်ဒေသ ဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်၊
ရသေ့တောင် နယ်မြေတွေကို အာကစ္စတန် (Arkistan) အမည်နဲ့ နိုင်ငံတစ်ခုအဖြစ်
ထူထောင်ဖို့အထိ ရည်မှန်းချက် ရှိနေကြတယ်။ (ရည်ညွှန်း - D 1315 စာ ၂
သမိုင်းသုတေသနဦးစီးဌာန မော်ကွန်းဌာနစု စာ-၂) ရခိုင်ပြည်နယ် တောင်းဆိုတဲ့
အလံနီကွန်မြူနစ် ဦးစိန္တာတို့နဲ့ ပေါင်းပြီး အာကစ္စတန် ထူထောင်ဖို့
ကြိုးပမ်းခဲ့ကြတယ်။ ၁၉၄၇ ဧပြီ ၃ ရက် မြေပုံညီလာခံကို ဗိုလ်ချုပ်အောင်ဆန်း
ကိုယ်တိုင် ၁၉၄၇ ပင်လုံညီလာခံနဲ့ တိုက်ဆိုင်နေပေမယ့် ပင်လုံကို ဦးနုနဲ့
ဦးဘဂျမ်းတို့ကို ကိုယ်စားလွှတ်ပြီး တက်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးစိန္တာရဲ့
ရခိုင်ပြည်နယ် ရရှိရေး တောင်းဆိုချက်နဲ့ မိန်းမောနေတဲ့ ရခိုင်လူထု အချို့က
‘ဗိုလ်ချုပ်အောင်ဆန်း အလိုမရှိ’ လို့ တောင် အစည်းအဝေးမှာ အော်ဟစ်ခဲ့ကြတယ်။
(ရည်ညွှန်း- D 1315 သမိုင်းသုတေသန ဦးစီးဌာန မော်ကွန်းဌာနစု စာ -၂)
ရခိုင်အရေးမှာ လွှတ်တော်အမတ် နေရာတွေကိုလည်း ဘင်္ဂါလီတွေကို ပေးခဲ့ကြတယ်။
နိုင်ငံရေး အာဏာပိုင်ချင်တဲ့ ဖဆပလ၊ ပထစ၊ လမ်းစဉ်၊ ပြည်ခိုင်ဖြိုးတွေက
ဘင်္ဂါလီတွေကို အသုံးချခဲ့ကြတယ်။ ဒါကြောင့် ရခိုင်အရေးကိစ္စတွေဟာ အမယ်ဘုတ်ရဲ့
ချည်ခင်လို ရှုပ်ထွေးလာခဲ့တာ မှတ်တမ်းတွေ ရှိပါတယ်။ ဒီအရှုပ်ထုပ်ကြီးကို အခု
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရက ဦးစားပေး ရှင်းထုတ်တာဟာ
အမှန်အကန်ပါပဲ။ ‘ကိုဖီအာနန်ကော်မရှင်’ ကို အချက်အလက် အမှန်တွေနဲ့
ပြည်သူအားလုံးက ဝိုင်းပြီး အားဖြည့်ပေးကြရမှာက မြန်မာတို့ရဲ့
သမိုင်းပေးတာဝန် ဖြစ်ပါတယ်။ ‘အဖျက်’ (Anti) ဘက်က မကြည့်ဘဲ အပြု (Positive)
ဘက်က ဝိုင်းကြည့်ပေးကြပါတော့လို့။
(ဦးမြင့်သိန်း ညွှန်ကြားရေးမှူး၊ (သမိုင်းသုတေသန) နှင့် ဦးဇော်အေးမောင်
(ရခိုင်ရေးရာ) တို့ရဲ့ ရခိုင်ဆိုင်ရာ အထောက်အထားတွေအတွက် ကျေးဇူးတင်လျက်)
EmoticonEmoticon