ယနေ့သည် ဆရာကြီး ဦးဦးသာထွန်း ကွယ်လွန်သည့် (၂၆) နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ်ရာ နေ့တနေ့ဖြစ်ပါသည်။ ဆရာကြီး၏ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအတွက် ပေးဆပ်စွန့်လွှတ် အနစ်နာခံမှုများအား မိမိတို့ ရခိုင်ပြည်တပ်မတော် (Arakan Army) မှ ဦးညွှတ်အလေးပြု ဂုဏ်ပြုအပ်ပါသည်။








ယနေ့သည် ဆရာကြီး ဦးဦးသာထွန်း ကွယ်လွန်သည့် (၂၆) နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ်ရာ နေ့တနေ့ဖြစ်ပါသည်။ ဆရာကြီး၏ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအတွက် ပေးဆပ်စွန့်လွှတ် အနစ်နာခံမှုများအား မိမိတို့ ရခိုင်ပြည်တပ်မတော် (Arakan Army) မှ ဦးညွှတ်အလေးပြု ဂုဏ်ပြုအပ်ပါသည်။
ဆရာကြီး ကောင်းရာသုဂတိ ရောက်ပါစေ။
ဗဟိုစစ်ဌာနချုပ်ရုံး
အရှေ့ဘက်စစ်ဒေသ
ရခိုင်ပြည်တပ်မတော် (ARAKAN ARMY)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(၂၀၀၈) ခုနှစ်က ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (ရ၊ က၊ လ၊ စ) က ထုတ်ဝေခဲ့သည့် ဆရာကြီး ဦးဦးသာထွန်း အတ္ထုပ္ပတ္တိ-အကျဉ်း လက်ကမ်းစာစောင်အား ပြန်လည်ဖော်ပြလိုက်ပါသည်။
ဆရာကြီး ဦးဦးသာထွန်း
အတ္ထုပ္ပတ္တိအကျဉ်း
ဆရာကြီးဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ညောင်ပင်ဈေးရွာအနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံတို့မှ (၁၉၁၇) ခု၊ နိုဝင်ဘာလ (၂၃) ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တစ်ဦးတည်းသောသား ဖြစ်သည်။ ငယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင်က ရခိုင်ရာဇဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နှုတ်တိုက်အာဂုံ သင်ကြားပေးခဲ့သည်။ နဝမတန်းတွင် ပညာသင်ကြားနေစဉ် ဖခင်ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်းပုဂ္ဂိုလ်တို့ထံတွင် သက္ကဋပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြားလောကီပညာရပ်များကို သင်ကြားလေ့လာဆည်းပူးခဲ့သည်။
(၁၉၅၀) ခုနှစ်မှ (၁၉၅၅) ခုနှစ်ထိ မူလတန်းကျောင်းဆရာဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး (၁၉၅၅) ခုနှစ်မှ (၁၉၇၇) ခုနှစ်ထိ မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဋ္ဌာနခွဲတွင် ရခိုင်-မြန်မာပဏ္ဍိတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ဆရာကြီး စုဆောင်းတည်ဆောက်ခဲ့သော ပြတိုက်ကြီး ဖြစ်သည်။ (၁၉၇၇) ခုနှစ်မှ (၁၉၈၃) ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဋ္ဌာနခွဲတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၈၀) ခုနှစ်မှ (၁၉၈၃) ခုနှစ်ထိ တူးဖော်ခဲ့သော ရခိုင်ဝေသာလီမြို့ဟောင်း တူးဖော်မှုလုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တူးဖော်ဆောင်ရွက်ခဲ့သည်။
မြောက်ဦးမြို့ ဘုရားသမိုင်း (၁၃၀၁ ခုနှစ် ပုံနှိပ်)၊ ဦးရာဇ်တောင်ဘုရားသမိုင်းကျမ်း ပြင်ဆင်ဖြည့်စွက်ချက် (ပုံနှိပ်) (၁၉၅၂-၅၃)၊ ရက္ခိုင်အမျိုးသမီး သူရဲကောင်း အတ္ထုပ္ပတ္တိ (၁၉၅၃-၅၄) (ပုံနှိပ်)၊ ရက္ခိုင်ရာဇဝင် သင်္သေပကျမ်း (၁၉၅၄-၅၅) (ပုံနှိပ်)၊ ဝသဲဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ်ဘုရားသမိုင်း (ပုံနှိပ်) များအား ပုံနှိပ်ထုတ်ဝေခဲ့သည်။ ရက္ခိုင် ကဗျာပေါင်းချုပ်၊ ရက္ခိုင်ရာဇဝင် ဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)၊ ရက္ခိုင်ဓာတ်တော်ဘုရားစေတီများနှင့် မြောက်ဦးမြို့ တန်းခိုးကြီးဘုရားများ၊ သမိုင်းကျမ်းစာများကို ရေးသားပြုစုပြီး ဘဏ္ဍာရေးဝန်ကြီး ဆာဦးထွန်းအောင်ကျော်ထံတွင် အပ်ခဲ့သည်။
အံတော်သိမ်ဘုရားသမိုင်းကျမ်း၊ သဲထက်ဘုရားသမိုင်း၊ ထီးတော်မိုးဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တောင်ဘုရားသမိုင်း၊ ဝေသာလီဘုရားကြီးသမိုင်း၊ သိမ်တော်ကြီးဘုရားသမိုင်း၊ မဟာထီးဘုရားသမိုင်း၊ ပါးတော်ဘုရားသမိုင်း၊ ဘုရားပေါ်ဘုရားသမိုင်း၊ သျှစ်သောင်းဘုရားသမိုင်း၊ မင်္ဂလာဓာတ်ရွှေကူဘုရားသမိုင်းများကို လင်္ကာစကားပြေမော်ကွန်းစသည်တို့ဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဓညဝတီမဂ္ဂဇင်းအား စာတည်း၊ အယ်ဒီတာအဖြစ် တာဝန်ယူထုတ်ဝေခဲ့သည်။ ဓညဝတီစာစောင်၊ ဓညဝတီမဂ္ဂဇင်း၊ ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ မန္တလေးပြည်သူ့ဂျာနယ်၊ ရန်ကုန်မဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း၊ ယဉ်ကျေးမှုစာစောင်၊ ရခိုင်မဂ္ဂဇင်း၊ စစ်တွေကောလိပ်မဂ္ဂဇင်း၊ ရခိုင်ပြည်နယ်စာစောင်၊ ဝရာဇ်မြေမဂ္ဂဇင်းများတွင် ဦးဦးသာထွန်း၊ ဦးသူရိယ အစရှိသော ကလောင်အမည်များဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ မြို့စောင့်နတ်ဒေဝတာဗလီပူဇော်ကျမ်း၊ အဉ္ဇနနိဒါန်းဆေးကျမ်း၊ ရခိုင်စည်ပြုလုပ်ပုံနှင့် တီးကွက်၊ တီးလုံးများ၊ ကဗျာများစုပေါင်းစာတမ်း၊ ရခိုင်ထိမ်းမြားမင်္ဂလာပန်းတျားတီးလုံး၊ တီးကွက်နှင့် ပြုလုပ်ပုံအတိုင်းအတာစာတမ်း၊ ရခိုင်သတ်ပုံ သတ်ညွှတ်းခွဲထားခြင်းအဓိပ္ပါယ်ထွက်ပုံစာတမ်း၊ ရခိုင်ပလွီ(ပြွီ)အမျိုးမျိုး ပြုလုပ်ပုံ အတိုင်းအတာစာတမ်း၊ သျှိုင်ဒိုင်၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓ ပူဇနိယ ဆီမီးခွက်အက၊ တေးခြင်းကဗျာ စသည်တို့ကို ရေးသားပြုစုခဲ့သည်။

ဆင်ယင်ထုံးဖွဲ့မှုကျမ်း(မူကြမ်း)၊ ရခိုင်ရာဇဝင်(မူကြမ်း)၊ ရခိုင်က္ခရာဆင်းသက်လာပုံကျမ်း(မူကြမ်း)၊ ရခိုင်ကျောက်စာပေါင်းချုပ်ကျမ်း(မူကြမ်း)၊ ရခိုင်ဘုရင်သမိုင်းကျမ်း(မူကြမ်း)၊ ရခိုင်သားဒေါင်းမာတင်(မူကြမ်း)၊ သျှင်ဦးမြဝါကျမ်း(မူကြမ်း)၊ ရခိုင်မင်းသမီးဧခြင်း ရှင်းလင်းချက်(မူကြမ်း)၊ ဗျာလစာတမ်း (မူကြမ်း)၊ ကျောက်တော်မြို့ သေလာဂီရိ မောပဗ္ဗတတောင်ခြေရင်းမှ တွေ့ခဲ့ရသော ကျောက်ဆစ်လက်ရာများ သုတေသနပြုချက်(မူကြမ်း) စသည်တို့ကို ရေးသားပြုစုခဲ့သည်။
သြစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ် သုတေသီ PAMELA GUTMAN ၏ ANCIENT ARKAN ကျမ်းပြုစုစဉ်တွင်လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှ ပါမောက္ခ ရောဖတ်ဆာဗ်ရ် (BERNOT) အတွက် ရခိုင်ပုံပြင် လိပ်ကန်ဖာမဝတ္ထုနှင့် ကျီးဖြူရွာ စာတမ်းများကိုလည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါမောက္ခ ဦးလှသိန်း (ခေါ်) ဂျွန်န်အိုကဲလ်ဖို့၏ စေတီအဆောက်အအုံနှင့် နန်းအဆောက်အအုံစာတမ်းကိုလည်းကောင်း၊ အမေရိကန်နိုင်ငံ အာရှဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေဗစ်စတိမ်းဗာစ်၏ ဝေသာလီကျောက်ရုပ်တုဆင်းတုများ၏ နှစ်ပေါင်းကြာညောင်းမှုအား တိုင်းတာမှုစာတမ်းကို လည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခ အိုနိုတိုရရှုနှင့် ရခိုင်စကားပြောလေယူလေသိမ်းအသံထွက်ပုံစာတမ်း နှင့် ဘောင်းဒွတ်အရပ်တွင်ရှိသော ဒတ်ခ်ျကောင်ဆယ်လာ အဆောက်အအုံပုံစံနှင့် ကူးသန်းရောင်းဝယ်ခဲ့ပုံစာတမ်းကိုလည်းကောင်း ရေးသားပြုစုကူညီခဲ့သည်။
နိုင်ငံတော်အစိုးရယဉ်ကျေးမှုဌာနနှင့် အခြားပုဂ္ဂိုလ်တို့ကိုလည်း ဆရာကြီးသည် ကူညီပေးခဲ့သည်။ ဦးမင်းနိုင်၏ ပြည်ထောင်စုအကပဒေသာစာအုပ် (၁၉၅၉)၊ ရခိုင်တိုင်းရင်းသားလူမျိုးဖြစ်စဉ်နှင့် ဓလေ့ထုံးစံများစာအုပ်၊ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးများကျမ်း၊ ရခိုင်ရိုးရာစည်တော်နှင့် တူရိယာတီးကွက်များစာတမ်း၊ မြန်မာဝေါဟာရ အဘိဓာန်ကျမ်းပြုစုစဉ် ဝေါဟာရစာလုံးများပြုစုပြီး ပေးပို့ခြင်း၊ ရခိုင်ဝေါဟာရအဘိဓာန်ပြုစုစဉ် ဝေါဟာရစကားလုံးများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက် ကျမ်းကိုးကားချက်များစာအုပ်ပြုစုခြင်း၊ (၁၉၇၆-၇၇)ခု ရခိုင်ပြည်နယ်နေ့၊ ရခိုင်ပြည်နယ် တံဆိပ်၊ ရခိုင်ရိုးရာ ကျား/မ ဝတ်စုံ စာတမ်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန် စသည်တို့ကို ပါဝင်ကူညီရေးသားပြုစုခဲ့သည်။
အထက်တန်းပညာဦးစီးဌာနညွှန်ချုပ်(ငြိမ်း) ပါမောက္ခ ဦးစံသာအောင်အတွက်လည်း (၁၉၇၂)ခု အဘိဓမ္မာကောက်နှုတ်ချက်ပုရပိုက်ကို မိုက်ခရိုဖလင်ရိုက်နှိပ်ရန်အတွက်လည်းကောင်း၊ ဂဝိကဏ္ဍပါသဏကျမ်းပေမူကို မိုက်ခရိုဖလင်ရိုက်နိုင်ရန်လည်းကောင်း၊ လျှို့ဝှက်ကျောက်စာ ဂဏန်းရေးနည်းပေမူကို မိုက်ခရိုဖလင်ရိုက်ရန်လည်းကောင်း၊ အေဒီ (၆) ရာစုနှင့် ယင်းမတိုင်မီက ရခိုင်ပြည်နယ်သုံးအက္ခရာစာအုပ် ပြုစုရာတွင်လည်းကောင်း၊ အနန္ဒစန္ဒြား (၈) ရာစု ရခိုင်ဝေသာလီစာအုပ်ပြုစုရာတွင်လည်းကောင်း၊ ရခိုင်ဒင်္ဂါးများသမိုင်းပြုစုရာတွင်လည်းကောင်း၊ ဗုဒ္ဓအနုပညာ (Buddhist Art if Ancient Arakan) စာအုပ်ပြုစုရာတွင်လည်းကောင်း ပါဝင်ကူညီခဲ့သည်။
(၁၉၅၉) ခုနှစ်မှာ မြန်မာ့အသံရေဒီယိုမှ ရခိုင်အသံကို အစဆုံးအသံလွှင့်ခဲ့သည်။
တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာများအား ကမ္ဘာကသိအောင် ရှာဖွေစုဆောင်း လေ့လာဖော်ထုတ်ခဲ့သည်။ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ရခိုင်သူ၊ ရခိုင်သားများကိုလည်း ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာထုံးတမ်းအစဉ်အလာ ဖော်ထုတ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်လည်း အမြဲဆော်သြခဲ့သည်။ ဆရာကြီးသည် ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာထုံးတမ်းစဉ်လာများကို ဖော်ထုတ်ခဲ့သော ဖခင်ကြီး ဖြစ်သည်။

ဆရာကြီးသည် ရခိုင်ဒီမိုကရေစီရရှိရေး၊ တိုင်းရင်းသားများတန်းတူအခွင့်အရေးရရှိရေးအတွက်လည်း စွမ်းစွမ်းတမံရှေ့တန်းမှ ဦးဆောင်ဦးရွက် ဆောင်ရွက်ခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင် နာယကကြီးအဖြစ်ထမ်းဆောင်ခဲ့ပြီး ကျောက်တော်မြို့ မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးလည်း ဖြစ်သည်။ ဆရာကြီးသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးခရီးစဉ်အဖြစ် အနယ်နယ်အရပ်ရပ်သို့ မဲဆွယ်တရားဟောထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာ မဲဆွယ်တရားပွဲတွင် တရားဟောနေစဉ် ဖမ်းဆီးခံရပြီး ထောင်သွင်းအကျဉ်းချခံခဲ့ရသည်။ ဆရာကြီးအား အမျိုးသားရေးတရားဟောသည် စသည်ဖြင့် အမျိုးမျိုးစွဲချက်တင်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဗမာစစ်အစိုးရ၏ တိုင်းပြည်ပေါ် မတရားစော်ကားမှုများကို ဆရာကြီး၏ အချက်ကျကျဝေဖန်ဟောပြောမှုများကြောင့် ဗမာစစ်ဝါဒီများ၊ ဗမာလူမျိုးကြီးဝါဒီများအား အနာပေါ်တုတ်ကျသကဲ့သို့ ဆတ်ဆတ်ထိမခံမရပ်နိုင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ဆရာကြီးအား အငြိုးထားကာ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထောင်ဒဏ် (၃) နှစ် အပြစ်ပေးကာ စစ်တွေထောင်တွင် အကျဉ်းချထားခဲ့သည်။ ထောင်ထဲတွင် ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစရှိသော အဆိပ်ပါသည့် အစားအစာများအား နေ့စဉ်လိုလိုအနည်းငယ်ထည့်ကျွေးလုပ်ကြံခဲ့ရာ ထောင်ကျပြီး (၅) လ အကြာ (၁၉၉၀) သြဂတ်စ် (၁၄) တွင် ကွယ်လွန်ခဲ့သည်။ ရခိုင်တမျိုးသားလုံး လေးစားကြည်ညိုသော ဆရာကြီးအား (နဝတ)စစ်အစိုးရက ညှဉ်းပမ်းနှိပ်စက် အဆိပ်ခပ်သတ်ဖြတ်ကာ ရခိုင်တမျိုးသားလုံးကို ဦးကျိုးအောင် ချိုးနှိမ်ခဲ့ခြင်းဖြစ်သည်။
ဆရာကြီးသေဆုံးခြင်းသည် သူတို့လက်ချက်မဟုတ်ကြောင်းကို ခိုင်လုံထင်ရှားစေရန် ဗမာစစ်အစိုးရသည် လုပ်ကြံဆောင်းပါးများ ဖန်တီးရေးသားခဲ့သည်။ ဆရာကြီးသေဆုံးရခြင်းသည် ဦးခေါင်းတွင် သွေးမတိတ်သည့်ရောဂေါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင်ဆေးရုံတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများ လုပ်ကြံဖန်တီးခဲ့သည်။ ဆရာကြီး၏ အလောင်းကို သူ၏ဇာတိချက်ကြွေ မြောက်ဦးမြို့သို့ ယူဆောင်လာခဲ့ပြီး ဆရာကြီး အလွန်တန်ဖိုးထားခဲ့သော ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းပုထိုးတော်ကြီး ဘုရားရိပ်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။

ဆရာကြီးသည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအတွက် သူ့ဘဝတလျှောက်လုံး ကြိုးပမ်းခဲ့သည်။ ရခိုင်လူမျိုးများ အောက်ကျနောက်ကျမဖြစ်အောင် တိမ်ကောပျောက်ကွယ်လုဖြစ်နေသော ရခိုင်ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းအထာက်အထားများကို ရှာဖွေခဲ့သည်။ သုတေသနပြုခဲ့သည်။
ရခိုင်သမိုင်းအား ကမ္ဘာကသိအောင် သုတေသီတဦးအနေဖြင့် တင်ပြခဲ့သည်။

ဆရာကြီးကွယ်လွန်ခြင်းသည် ရခိုင်တမျိုးသားလုံးအတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည်။ ဆရာကြီးအား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သူများမှာ ဗမာလူမျိုးကြီးဝါဒနှင့် ဗမာစစ်ဝါဒီများဖြစ်သည်။ သူတို့သည် ဆရာကြီး၏ ရုပ်ခန္ဓာအား သတ်ဖြတ်နိုင်ခဲ့သော်လည်း ဆရာကြီး၏ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအပေါ်ချစ်သည့်စိတ်ဓါတ်ကိုကား သတ်၍မနိုင်ခဲ့ချေ။ ဆရာကြီး၏ မွန်မြတ်သန့်စင်သော မျိုးချစ်စိတ်ဓာတ်သည် ရခိုင်မျိုးဆက်သစ်လူငယ်များတွင် ဆက်လက်စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည်။

ဆရာကြီးသည်ကား ရခိုင်ပြည်နှင့် ရခိုင်သမိုင်းတွင် အစဉ်ထာဝရထွန်းလင်းတောက်ပနေမည့် အာဇာနည်ကြယ်တပွင့်ဖြစ်ပေသည်။
[ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ) မှ ဖြန့်ဝေသည်။]


EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
:lv

Comments system

Flag Counter